Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၅ (ကုသိနာရုံ)

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူရာ(ကုသိနာရာ) သည် အိန္ဒိယနိုင်ငံ၊
ဥတ္တရပရာဒေ့ရှ်(Uttar-Pradesh) ပြည်နယ်အတွင်း၌ တည်ရှိသည်။
ကုသိနာရုံသည် ဘုရားရှင်လက်ထက်တော်၌ မလ္လတိုင်း၌ မလ္လမင်းများ
နေထိုင်သည့် မြို့တော်နှစ်ခုတွင် တစ်ခုဖြစ်သည်။ အခြားမြို့တော်သည်
ပါဝါမြို့ဖြစ်သည်။ ကုသိနာရာသည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူ
သည့်တိုင် မြို့ဟူ၍ အထင်အရှား မဖြစ်ပေါ်သေးဘဲ ပါဝါမြို့ အစွန်အဖျား၌
ရှိသော ရွာငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ ကုသိနာရာရွာ၏ ပတ်ဝန်းကျင်၌
အပမ်းဖြေစရာ သရက်တောဥယျာဉ်၊ အင်ကြင်းတောဥယျာဉ်၊မလ္လမင်းများ
ခေါင်းရိတ်မင်္ဂလာနှင့် နာမည်ယူ အဘိသိတ်ခံယူပွဲ ကျင်းပသည့်နေရာ
စသည်ဖြင့် မင်းနှင့် ပြည်သူတို့ လာရောက်၍ သာရေး၊ နာရေး ကိစ္စများ
ကျင်းပပြုလုပ်လေ့ရှိကြသည်။

မြတ်စွာဘုရားရှင်သည် ဘဝတစ်သက်တာ၏ နောက်ဆုံးနှစ်တွင် ပရိနိဗ္ဗာန်
စံတော်မူရန်အတွက် ရာဇဂြိုလ်မြို့မှ ထွက်ခွါပြီး မြောက်ဘက်သို့ ဦးတည်လျက်
နာလန္ဒာ၊ ပတ္တနား၊ ဝေသာလီမြို့တို့ကို ဖြတ်သန်းတော်မူ၍  နောက်ဆုံး
ဒေသစာရီ ကြွချီတော်မူခဲ့သည်။ ကုသိနာရုံသို့ မရောက်ခင် လမ်းခရီးအကြားတွင်
ပါဝါမြို့နေ ရွှေပန်းထိမ်ဆရာ စုန္ဒသည် ဗုဒ္ဓရှင်တော်မြတ်အား နောက်ဆုံး
ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့သည်။ စုန္ဒလှူသော ဆွမ်းကိုဘုဉ်းပေးပြီးနောက်
ဘုရားရှင်သည် သွေးဝမ်းသွားခြင်း နှင့် ပြင်းထန်လှသည့် ရောဂါဝေဒနာ
ကပ်ရောက်လာခဲ့သည်။ ထို့နောက် ဘုရားရှင်က အရှင်အာနန္ဒာအား စုန္ဒ
ရွှေပန်းထိမ်သည်ထံ သွားရောက်၍ နောက်တပူပန်ခြင်း မဖြစ်ရအောင်၊
ဘုရားရှင်တစ်ဆူအား နောက်ဆုံးဆွမ်းကို လှူဒါန်းရခြင်းသည် အမွန်မြတ်
ဆုံးသော အလှူဒါနဖြစ်ကြောင်း ပြောပြရန် မိန့်မြွက်တော် မူခဲ့သည်။
(ဒီ ၂။ ၁၃၆) စုန္ဒလှူဒါန်းသော ဝက်သားဟင်း နှင့် ဆွမ်းကို ဘုဉ်းပေးခြင်း
ကြောင့် ဝမ်းတော်လားခြင်းမဟုတ်ဘဲ ရှေးဘဝက ပြုခဲ့ဖူးသော အကုသိုလ်
ဝိပါက်တော်ကြောင့် ဝမ်းတော်လားရခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ကုသိနာရုံမြို့ငယ်လေး၌ ပရိနဗ္ဗာန်စံဝင်ခြင်းအကြောင်း

အရှင်အာနန္ဒာမထေရ်က "မြတ်စွာဘုရားအား ကုသိနာရာရွာငယ်လေးတွင်
အဘယ်ကြောင့် ပရိနိဗ္ဗာန်စံလိုတော်မူပါသနည်း" ဟု မေးလျှောက်သည့်အခါ
ကုသိနာရာရွာငယ်လေးသည် ရှေးအခါက ကုသာဝတီမြို့တော်ကြီး ဖြစ်ခဲ့ဖူး
ကြောင်းကို မိန့်တော်မူသည်။ မြတ်စွာဘုရားရှင်သည် အတိတ် (၇) ဘဝတို့တွင်
ကုသလာဝတီမြို့တော်၌ စကြဝတေးမင်း (၇) ကြိမ် ဖြစ်ခဲ့ဖူးပြီး ဤနေရာ၌
(၇) ကြိမ်တိုင် ဦးခေါင်းချခဲ့ရာ နေရာဖြစ်ခဲ့သည်။ ရာဇဂြိုလ် သာဝတ္ထိစသော
မြို့ကြီးများ၌ ပရိနိဗ္ဗာန်မဝင်စံဘဲ ကုသိနာရုံ၌ ပရိနိဗ္ဗာန်ဝင်စံခြင်းမှာ
အကြောင်းသုံးခုရှိပေသည်။

၁။ မဟာသုဒဿနသုတ္တာန်ကို ဟောကြားတော်မူလိုခြင်း၊

၂။ ဗုဒ္ဓဝေနေယျဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို ချေချွတ်တော်မူလိုခြင်း၊

( သုဘဒ္ဒပရိဗိုဇ်သည် ဘုရားရှင်အား အယူဝါဒ အမျိုးမျိုးအနက် မည်သည့်
အယူဝါဒက မှန်ကန်ကြောင်း မည်သည့် အယူဝါဒက မှားယွင်းကြောင်းကို
မေးမြန်းလျှောက်ထားခဲ့သည်။ ဘုရားရှင်က မဂ္ဂင်ရှစ်ဖြာရှိသော သာသနာ၌သာ
သမဏ အစစ်အမှန်ရှိကြောင်း၊ အရိယာပုဂ္ဂိုလ်များရှိကြောင်း၊ မဂ္ဂင်ရှစ်ဖြာ လုံးဝ
မရှိသော သာသနာ၌ သမဏ အစစ်အမှန် မရှိကြောင်း၊ အရိယာပုဂ္ဂိုလ်တို့
မရှိကြောင်း စသည်တို့ကို ဖြေကြား၍ တရားတော်များ ဟောကြားတော်
မူခဲ့သည်။ သုဘဒ္ဒသည် မြတ်ဗုဒ္ဓ၏  လမ်းညွန်ချက်ရရှိပြီး အပြင်းအထန်
ကမ္မဌာန်းတရားအားထုတ်ရာ အရတ္ထဖိုလ်ဆိုဒ်ရောက်ပြီး မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်
မစံမီ ပစ္ဆိမသာဝက - နောက်ဆုံးတပည့် ရဟန္တာ ဖြစ်သွားခဲ့သည်)

၃။ ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်သော သရီရဓာတ်တော်များကို ခွဲဝေရာတွင်
ခိုက်ရန်များဖြစ်ကြ လိမ့်မည်၊ ဒေါနပုဏ္ဏားဆရာကြီးက ခုနှစ်ပြည်ထောင်မင်းတို့အား
ခိုက်ရန်များကိုငြိမ်းအေးစေ၍ ဓာတ်တော်များ ကို အညီအမျှခွဲဝေပေးလိမ့်မည်။
၎င်းအကြောင်း သုံးရပ်တို့ကို မြင်တော်မူသောကြောင့် ကုသိနာရုံ၌ ပရိနိဗ္ဗာန်
ဝင်စံတော်မူခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန်ဝင်စံတော်မမူမီ အနီးအနား၌ စုဝေးတော်
မူကြသော ရဟန်းတော်များအား ဘုရားရှင်အနေဖြင့် လမ်းညွန်ဟောကြားမှု
မပြုနိုင်တော့သော်လည်း ဓမ္မကို ပွားများအားထုတ်နိုင်ကြကြောင်း မိန့်တော်
မူသည် " အာနန္ဒာ - သင်တို့သည် ငါဘုရား၏ သင်ကြားချက် ရပ်စဲသွားခဲ့ပြီ၊
ယခုအခါ ငါတို့ဆရာမရှိတော့ပြီဟု စဉ်းစားမိနိုင်၏၊ ဤသို့မတွေးကြလင့်..
ငါဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ငါဘုရား ဟောကြားပညတ်ထားပြီး ဖြစ်သည့်
ဓမ္မ နှင့် ဝိနယကို သင်တို့ဆရာပြုကြလော့၊ ( ဒီ ၂။ ၁၂၆) ။"
ထို့နောက် မြတ်စွာဘုရားစွာရှင်သည် နောက်ဆုံးသြဝါဒကို မိန့်တော်မူသည်
"ရဟန်းတို့၊ သင်္ခ ါရတရား မှန်သမျှသည် ပျက်စီးခြင်း သဘောရှိ၏၊
လုံ့လကြိုးကုတ် အားထုတ်ရစ်ကြလော့ " ဟု ငါဘုရား သင်တို့ကို
မိန့်ကြားပေ၏။ ( ဝယဓမ္မာ သင်္ခ ါရာ အပ္ပမာဒေန သမ္ပာဒေထ)
(ဒီ ၂။ ၁၂၇)

တပည့်သာဝကတို့အား နောက်ဆုံးသြဝါဒ မိန့်ကြားတော်မူပြီး မြောက်အရပ်သို့
ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်ဝင်စံတော် မူခဲ့သည်။ အကြောင်းမှာ ထိုအချိန်၌ လာရောက်
ဖူးမြှော်ပူဇော်ကြသူ လူ၊ နတ်၊ ဗြဟ္မာ ပရိသတ်များအတွက် မြောက်အရပ်သို့
ဦးခေါင်းပြု၍ ဖူးမြှော်ပူဇော်ခံခြင်းမှာ သင့်လျော် လျောက်ပတ်သောကြောင့် မြောက်
အရပ်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း ဖြစ်သည်။(သုတ်မဟာဝါဋီကာ)



မဟာပရိနဗ္ဗာနရုပ်ပွါးတော်

မဟာပရိနိဗ္ဗာန ရုပ်ပွါးတော်ကြီးသည် မဟာပရိနိဗ္ဗာနစေတီ၏ အနီးတွင် ရှိသည်။
ရုပ်ပွါးတော်သည် ဦးခေါင်းတော်မှ ဖဝါးတော်အထိ ပေနှစ်ဆယ်ခန့်
ရှိမည်ဟု ခန့်မှန်းရသည်။



(၁၈၈၃) ခုနှစ်တွင် မစ္စတာအေစီကာလိုင်ဆိုသူက တစ်ပိုင်းတစ်စစီ ပြန့်ကြဲ
နေသော ရုပ်ပွါးတော်ကြီးကို ပြန်လည်ဆက်စပ်မွမ်းမံခဲ့သည်ဟု ဆိုသည်။
ညောင်စောင်းတော်၌ သမားတော်ဇီဝကပုံ၊ အရှင်အာနန္ဒာပုံ၊ သုဘဒ္ဒ ရဟန်းပုံ၊
သိကြားမင်းပုံ၊ မာရ်နတ်ပုံတို့ကိုလည်း ထုလုပ်ထားသည်ကို တွေ့ရ၏။
အေဒီ (၅) ရာစုတွင် မထုရာမြို့မှ ဗိသုကာဒိနဆိုသူက ထုလုပ်ခဲ့ကြောင်း
ဟရိဗလဆွာမိ ဆိုသူက လှူဒါန်းခဲ့သည်ဟု ဆိုသည်။


မဟာပရိနိဗၺာနေစတီ

ဤစေတီတော်ကို မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာ နေရာ၌ တည်ထားခဲ့ခြင်း
ဖြစ်သည်။ မဟာပရိနိဗ္ဗာနစေတီတော်ကို ပထမဦးစွာတည်ထားသူကို မသိရှိရသေး
ဟုဆိုသည်။ ၁၈၇၆ - ခုနှစ်မှ စတင်ပြီး ကျောက်စာဌာနက တူးဖော်သောအခါ
ကြေးအိုးကြီးတလုံးကို တွေ့ကြရ၍ ၎င်းကြေးအိုးကြီးထဲ၌ သက္ကဋဘာသာဖြင့်
ရေးထားသည့် ကြေးပြားတစ်ချပ်နှင့် ကုမာရဂုတ္တခေတ် (အေဒီ - ၄၁၃၊ ၄၅၅) သုံး
ဒင်္ဂ ါးပြား (၆) ခုစသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ ရေးသားထားသည့်စာမှာ
ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နှင့် ဟရိဗလဆွာမိက မဟာပရိနိဗ္ဗာနစေတီဌာန၌
လှူဒါန်းသည့် အကြောင်းများပါရှိသည်ဟု ဆိုသည်။ ရုပ်ပွါးတော်ဒါယကာ နှင့်
စေတီတော်ဒါယကာ တို့သည် အတူတူပင် ဖြစ်လိမ့်မည်ဟု ယူဆကြသည်။
တရုတ်ရဟန်းတော် ဟူယင်ဆန် ၏ မှတ်တမ်း၌ ဤစေတီတော်ကို ဖူးခဲ့ရ
ကြောင်း မှတ်တမ်းတင်ခဲ့သည်။



စေတီတော်ကြီးကို ကျောက်စာဌာနက ထွင်းဖောက်ရှာဖွေပြီးနောက် ၁၉၁၂ ခု
နှစ်တွင် မြန်မာနိုင်ငံမှ ဟသာင်္တမြို့သား ဦးဖိုးကြားက ပြန်လည်ပြုပြင်
တည်ဆောက်ခဲ့သည်။ ဉာဏ်တော်အမြင့် ၁၆၇ ပေရှိသည်၊ ထိုခေတ်က ရူပီးငွေ
၁၈၀၀၀ ကုန်ကျသည်။ (၁၉၂၇) ခုနှစ်တွင် ထီးတော်တင်ခဲ့သည်။ ထီးတော်
အတွက် ရူပီးငွေ ၁၁၁၀၀ ကုန်ကျသည်ဟု ဆိုသည်။ နောင်နှစ်ကာလ ကြာသော
အခါ ငလျင်လှုပ်သဖြင့် စေတီတော်ကြီးသည် ဖောင်းရစ်မှစ၍ ပြိုကျပျက်စီးခဲ့သည်
ဟုဆိုသည်။ အိန္ဒိယကျောက်စာဌာနက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပြီး
ယခုအခါ စေတီတော်ကို ဘုရားဖူးများ ဖူးတွေ့နိုင်ပါသည်။

သံဝေဇနိယ လေးဌာနတို့တွင် တစ်ခုအပါဝင် ဖြစ်သော ဤ ကုသိနာရုံ ကိုလည်း
ဗုဒ္ဓဂယာ၊ မိဂဒါဝုန်၊ လုမ္ဗိနီ ဌာနတို့ကဲ့သို့ ယနေ့အချိန်တွင် ဘုရားဖူးများ လွယ်ကူစွာ
သွားရောက်ဖူးမြှော်နိုင်ပေသည်။


************************
ဆက်လက်ဖော်ပြပါမည်.......................


ကုိးကား............
မင်းကွန်းဆရာတော် - မဟာဗုဒ္ဓဝင်
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)၏ ဗုဒ္ဓဂယာ
S.Dhammika ၏ Middle Land Middle Way
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ) (ဘာသာပြန်)

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊