Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၄ (ကပိလဝတ္ထု )

ကပိလဝတ္ထုသည် မြတ်ဗုဒ္ဓလောင်းလျာ ငယ်စဉ်က နေထိုင်ထီးနန်းစိုက်ရာမြို့ဖြစ်သည်။
သကျ (သာကီဝင်)တို့၏ မြိုတော် ဖြစ်သည်။ သြက္ကာကမင်းကြီး၏ သားတော်၊
သမီးတော်များဖြစ်သည့် ဗုဒ္ဓ၏ ရှေးဘိုး ဘေတို့က တည်ထောင်ခဲ့သည်။
ကပိလဝတ္ထုမြို့ မဖြစ်ပေါ်မှီကာလက ထိုနေရာ၌ ကပိလရသေ့ သတင်းသုံးခဲ့သော
နေရာဒေသဖြစ်သည်။ ကပိလရသေ့ သီတင်းသုံးသုံးရာ နယ်မြေတစ်ဝိုက်၌
မြက်သစ်ပင် ချုံနွယ်တို့သည် လကျာ်ရစ်လည်ပြီး အရှေ့အရပ်သို့ ရှေးရှူကာ
ပေါက်ရောက်ကြသည်။ ထိုနေရာ၌ ခြင်္သေ့ ကျား စသော သတ္တဝါများသည်
သမင် ဒရယ် စသော သတ္တဝါများကို လိုက်လံဖမ်းဆီးသော်လည်းကောင်း၊
မြွေ ကြောင် စသော သတ္တဝါတို့သည် ဖား ကြွက် စသည်တို့ကို လိုက်လံဖမ်းဆီး
သော်လည်းကောင်း၊ ထိုနေရာသို့ ရောက်ရှိသောအခါ သမင် ဒရယ် စသည်တို့သည်
ခြင်္သေ့၊ ကျား စသော သတ္တဝါတို့ကို ပြန်လည်ခြိမ်းခြောက် ရန်မူကြသဖြင့်
ခြင်္သေ့၊ ကျား စသော သတ္တဝါတို့သည် ရှေ့ဆက်မလိုက်ဝံ့ကြပဲ ပြန်ပြေးကြရသည်
ဟုဆိုသည်။

ကပိလရသေ့သည် ဤနေရာကား ရန်အောင်မြင်ရာ မြင့်မြတ်သောမြေ ဖြစ်သည်ဟု
သိရှိသောကြောင့် ထိုနေရာ၌ ကျောင်းသင်္ခမ်းဆောက်ကာ နေထိုင်ခဲ့သည်။
နောင်သောအခါ အလောင်းတော်၏ ဘိုး ဘေးများဖြစ်သော မင်းညီ မင်းသားတို့အား
ဤနေရာကား မြင့်မြတ်သောနေရာဖြစ်သည် ဤနေရာ၌ မြို့သစ် နန်းသစ်
တည်ဆောက်ကြဟု ဆိုကာ ပေးအပ်တော်မူခဲ့သည်။ မင်းသားတို့သည်လည်း
ကပိလရသေ့ ညွန်ကြားသည့်အတိုင်း မြို့သစ် နန်းသစ်တည်ဆောက်၍
ကပိလဝတ္ထုမြို့ ကပိလဝတ္ထု တိုင်းပြည်ဟု မှည့်ခေါ်ခဲ့ကြသည်။
( ကပိလ - ကပိလမည်သောရှင်ရသေ့၊ ဝတ္ထု - နေရာ)

ကပိလဝတ္ထုမြို့သည် ဧတဒဂ်ရ အရှင်ကောဏ္ဍည၊ အရှင်အနုရုဒ္ဓါ၊ အရှင်အာနန္ဒာ၊
သုပ္ပဝါသာ (ရှင်သီဝလလိ၏ မိခင်) တို့ မွေးဖွားရာဇာတိမြို့လည်းဖြစ်သည်။
ကပိလဝတ္ထုသည် သကျ(သာကီဝင်) အမျိုးတို့၏ နေရာဒေသဖြစ်ပြီး ကောသလ
နိုင်ငံအတွင်း တစ်စိတ်တစ်ဒေသ အုပ်ချုပ်ခွင့်ရရသော ပြည်သူ့နိုင်ငံတစ်ခု ဖြစ်၏။
ဤကပိလဝတ္ထုသည် မြတ်ဗုဒ္ဓ ပရိနိဗ္ဗိန်စံတော် မမူမီ အချိန်၌ ဖျက်ဆီးခံခဲ့ရသည်။
အခါတစ်ပါး၌ ပသေနဒီ ကောသလဘုရင်သည် မိမိ၏ သားတော်တစ်ပါးအား
သကျအမျိုးကောင်းသမီး တစ်ယောက်နှင့် လက်ထပ်စေခြင်းဖြင့် သကျမျိုးတို့
အကြား အချိန်အဝါသြဇာကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်။ သကျ(သာကီဝင်)မျိုး
တို့သည် မိမိတို့နှင့် အမျိုးဇာတ်မတူသူတို့ကို လက်ထပ်ထိမ်းမြားခြင်း မရှိကြ၊
အမျိုးဇာတ်မတူသူ ဘုရင်ကောသလ၏အမျိုးနှင့် လက်ထပ်ထိမ်းမြားရမည်
ဆိုသောအခါ အထိတ်တလန့်ဖြစ်ကြသည်။ သို့သော်လည်း အာဏာတန်ခိုး
ပြင်းထန်သည့် အိမ်နီးချင်းဖြစ်သူ ကောသလမင်း၏ ဆန္ဒကို မလွန်ဆန်နိုင်
သောကြောင့် ကျွန်မဖြစ်သူ ဝါသဘခတ္တယာ၏ သမီးလေးကို သာကီဝင်မျိုးဟု
လိမ်ညာ၍ ပသေနဒီကောသလမင်း၏ သားနှင့် လက်ထပ်ထိမ်းမြားစေခဲ့သည်။

ကောသလဘုရင်ကလည်း ကျွန်မလေးကို အမျိုးမြတ်သည့် သာကီဝင်မိန်းကလေး
အဖြစ်လက်ခံပြီး သာဝတ္ထိသို့ယူဆောင်လျက် ကောသလတော်ဝင် မိသားစုနှင့်
လက်ထပ်ထိမ်းမြားစေခဲ့သည်။ နောင်သောအခါ ဝါသဘခတ္တယာမှ ဝိဋဋူဘ
အမည်ရှိ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ ဝိဋဋူဘ အရွယ်ရောက်သောအခါ
ကပိလဝတ္ထုရှိ မိဘဆွေမျိုးများထံ အလည်အပတ်သွားချင်လာခဲ့သည်။ မိခင်ဖြစ်သူ
အားခွင့်တောင်းရာ မိခင်ဖြစ်သူက ခွင့်မပေးဘဲ တားမြစ်ခဲ့၏။ အဘယ့်ကြောင့်
ဆိုသော် သကျတို့သည် ဝိဋဋူဘအား လေးလေးစားစား ဆက်ဆံကြမည် မဟုတ်
သည်ကို ကြိုသိထားနှင့်သောကြောင့်ဖြစ်သည်။ အဆုံးတွင် ဝိဋဋူဘသည် ကပိလဝတ္ထု
သို့ ရောက်အောင်သွားခဲ့၏။ ကျွန်မ၏ သားမှန်းသိသော သာကီဝင်တို့က ဝိဋဋူဘ
အား ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ အေးစက်စက် အရိုသေပေးမှုကြောင့်
စိတ်ခုပြီး ပြန်လည်ထွက်ခွါခဲ့သည်။ ပြန်လည်ထွက်ခွါလာခဲ့ပြီးနောက် သန်လျက်
မေ့ကျန်ခဲ့သဖြင့် မင်းချင်းယောက်ကျားတစ်ယောက်အား ပြန်လည်ယူခိုင်းခဲ့၏။

မင်းချင်းယောကျာ်း ပြန်လာခဲ့သောအချိန်တွင် ဝိဋဋူဘ ထိုင်ခဲ့သည့်နေရာကို သာကီဝင်
တို့က ကျွန်မသား ထိုင်ခဲ့သည့်နေရာ ကျက်သရေမရှိဟုဆိုကာ ပြောဆိုပြီး  နို့ရည်ဖြင့်
ဆေးကြောသန့်စင်နေကြသည်။ ထိုအကြောင်းအရာကို မင်းချင်းယောကျားမှ တွေ့မြင်ပြီး
အကြောင်းစုံကို ဝိဋဋူဘအား ပြန်လည်ပြောကြားလေ၏။ ထို့ကြောင့် ဝိဋဋူဘသည်
အကြီးအကျယ် ဒေါသဖြစ်သွားပြီး " ငါထိုင်တဲ့ နေရာကို ဒင်းတို့က သန့်ရှင်းအောင်လို့
နို့ရည်နဲ့ဆေးကြအုံးပေါ့၊ ငါမင်းဖြစ်တဲ့အခါ ဒီနေရာကို ဒင်းတို့ လည်ချောင်းသွေးနှင့်
ငါပြန်ဆေးမယ်" ဟု ရန်ငြိုးဖွဲ့ခဲ့လေသည်။

ပသေနဒီကောသလအလွန် ဝိဋဋူဘ မင်းဖြစ်သောအခါ သာကီဝင်တို့အား
ရန်ငြိုးအတိုင်း ဆောင်ရွက်ရန် သုံးကြိမ်တိုင်တိုင် စစ်တပ်ဖြစ် ချီတက်ခဲ့သည်။
သုံးကြိမ်လုံး မြတ်စွာဘုရားရှင်က လမ်းမှ ဖြတ်၍ ဝိဋဋူဘ အား ရန်ငြိုးမဖွဲ့ဖို့၊ စစ်ချီခြင်း
မပြုဖို့ ဝင်ရောက်တားမြစ်ကာ တရားဟောတော်မူသောကြောင့် တပ်ပြန်ဆုတ်ခဲ့၏။
ရန်ငြိုမပြေနိုင်ဘဲ ဝိဋဋူဘ ကလည်း ထပ်မံကြိုးစားပြန်သည်။ နောက်ဆုံးအကြိမ်တွင်
သကျတို့၏ ဝဋ်ကျွေးအရ ထိုကဲ့သို့သေရမည်ကို သိသောကြောင့် မြတ်စွာဘုရားရှင်လည်း
မတားမြစ်တော့ချေ။ ဝိဋဋူဘသည် ကပိလဝတ်ပြည်သို့ စစ်တပ်အလုံးအရင်းဖြင့် ချီတက်၍
သာကီဝင်တို့အား အစုလိုက် အပြုံလိုက် မျိုးတုံးသတ်ဖြတ်ခဲ့သည်။ တချို့လည်း ထွက်ပြေး
လွတ်မြောက်သွားကြပြီး တခြားနေရာ၌ မြို့တည်ဆောက်၍ နေထိုင်ကြသည်ဟုဆိုသည်။
ထိုအချိန်မှစပြီး ကပိလဝတ္ထုတစ်မြို့လုံး ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် တရုတ်ရဟန်းတော် ဖာဟီယန် ရောက်သွားသောအခါ ကပိလဝတ္ထုမြို့
နေရာသည် လုံးဝနီးပါး စွန့်ပစ်ခံနေရာဒေသတစ်ခုဖြစ်ပြီး လူသူကင်းမဲ့သည့် နေရာဒေသ
တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ၁၉ ရာစု ကုန်ခါနီး အချိန်ထိ ဗုဒ္ဓရှင်တော်မြတ်၏ဘဝနှင့်
ပတ်သက်သော နေရာတော် များကို ပြန်လည်တွေ့ရှိခဲ့ပြီး တွေ့ရှိသမျှထဲတွင် ကပိလဝတ္ထု
မပါဟု ဆိုကြသည်။ သုဒ္ဓေါဓန နန်းတော်တည်ရှိခဲ့သည့် နေရာတွင် မင်းသား
သိဒ္ဓတ္ထနှင့် မယ်တော်မာယာရုပ်ထုများ ထုလုပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟုလည်း
ဆိုသည်။ သမိုင်းများ၏ အဆိုအရ ကပိလဝတ္ထုနေရာသည် အခုချိန်ထိ အငြင်းပွါးစရာ
နေရာတစ်ခုအဖြစ် ရှိနေခဲ့သည်။ ကပိလဝတ်မြို့နေရာ နှင့် ပတ်သက်၍ တိလောရ
ကောဋ "Tilaurakot"(နီပေါ) နှင့် ပိပရာဟဝါ"Piprahwa"(အိန္ဒိယ)တို့ အငြင်းပွားခဲ့ဘူး
သော်လည်း လုမ္ဗိနီ၏ အနောက်မြောက်ဖက်ရှိ တိလောရကောဋ(နီပေါ)မှာ လုမ္ဗီနီမှ
အရပ်မျက်နှာ အကွာအဝေး အနေအထားအရ ကပိလဝတ်မြို့ဖြစ်နိုင်ချေရှိသည်ဟုလည်း
ဆိုကြပြန်သည်။ တိလောရကောဋ သည် မူလကပိလဝတ္ထုဖြစ်ပြီး၊ ပိပရာဟဝါသည်
မူလမြို့ပျက်စီးသွားပြီးနောက် တည်ထောင်ခဲ့သည့် ကပိလဝတ္ထုမြို့သစ် ဖြစ်ဖွယ်ရှိသည်။




ယနေ့အချိန်တွင် သုဒ္ဓေါဓနမင်း၏ နန်းတော်ရာဟု ဆိုကြသောနေရာသို့ ဘုရားဖူးများ
သွားရောက်လည်ပတ်နိုင်ပါသည်။ နန်းတော်ရာ ဟုတ် မဟုတ်၊ ကပိလဝတ္ထုနေရာ
စစ်မစစ်ဆိုသည်တော့ ရှုပ်ထွေးလှသော သမိုင်းများအကြားမှာ စာရေးသူ အငြင်းမပွါးလိုပါ။
ဖခင်ဘုရင် သုဒ္ဓေါဓနမင်းက သားတော်သိဒ္ဓတ္ထမင်းသား တောထွက်သွားမည်ကို
စိုးရိမ်သောကြောင့် ဗိုလ်ချေတစ်ထောင်အားဖြင့်သာ ဖွင့်မှရနိုင်သောတခါးပေါက်နေရာ
ဟုဆိုအပ်သော တူးဖော်ထားသော အုပ်ရိုးနေရာများကို တွေ့မြင်နိုင်ပါသည်။


နိဂြောဓာရုံ ကျောင်းတော်ရာ

မြတ်စွာဘုရားရှင်သည် ရဟန်းနှစ်သောင်း ခြံရံ၍ ရာဇဂြိုလ်မြို့မှ တပေါင်းလပြည့်ကျော်
တစ်ရက်နေ့တွင် ယူဇနာ (၆၀) ခရီးကို တနေ့တစ်ယူဇနာနှုံးဖြင့် ကြွချီတော်မူခဲ့ရာ ကဆုန်
လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်မြို့တော်သို့ ရောက်ရှိတော်မူခဲ့သည်။
သုဒ္ဓေါဓနမင်းကြီးနှင့် သာကီဝင်မင်းများသည် မြတ်စွာဘုရားရှင် သီတင်းသုံးရန်
အတွက် နေရာဌာနကို ရွေးချယ်ခဲ့ကြရာ နိဂြောဓ သာကီဝင်မင်း၏ ဥယျာဉ်နေရာသည်
မွေ့လျော်ဖွယ်ရှိသည်၊ မြို့နှင့်လည်း မနီး မဝေး၊ သွားလမ်း လာလမ်းနှင့်လည်း
ပြည့်စုံသည်၊ ဆိတ်ငြိမ်သည်၊ ဖူးမြင်လိုသူတို့ လွယ်ကူစွာ ဖူးမြင်နိုင်သည်ဟူသော
အင်္ဂ ါရပ်များနျှင့် ပြည့်စုံသောကြောင့် ဘုရားရှင် သီတင်းသုံးရန် ကျောင်းတော်အဖြစ်
ဆောက်လုပ်၍ လှူဒါန်းခဲ့သည်။



ကပိလဝတ်မြို့တော်ဟောင်း၏ ရှေ့ဘက် (၃) မိုင်လောက်အကွာတွင် နိဂြောဓာရုံ
ကျောင်းတော်ရာ နေရာကို တွေ့မြင်နိုင်သည်။ အထိမ်းအမှတ်နေရာအဖြစ် အသောက
မင်းကြီး တည်ဆောက်ထားခဲ့သည်ဟုဆိုကြသည်။ ယခုအခါ အောက်ပိုင်း အုတ်ခုံအကျိုးအပဲ့
နေရာတစ်ခုအဖြစ်သာ တွေ့မြင်နိုင်၏။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုကျောင်းတော်ရာ၏
အပေါ်ပိုင်းတွင် ဟိန္ဒူဘာသာဝင်တို့ ကိုးကွယ်သော သျှီဝလိင်ကြီးကို တွေ့မြင်နိုင်ပါသည်။



ဗုဒ္ဓဘာသာနှင့် ဆိုင်သော အထိမ်းအမှတ်နေရာတစ်ခုသည် ဟိန္ဒူဘာသာဝင်တို့၏ ကျောင်း
တော်တစ်ခုအဖြစ် ဖျက်ဆီးခံခဲ့ရသည်ဟုလည်း ဆိုသည်။ စာရေးသူ ရှေးပိုင်းစားများတွင်
ရေးခဲ့ဘူးပါသည်။ ဟိန္ဒူဘာသာဝင်တို့ အလိုအရ လူဖြစ်ခြင်းအစ အဲဒါ နှင့် အဲဒါ ကဟု
ယုံကြည်ပြီး ကိုးကွယ်ကြသည့် လိင် နှစ်ခုသည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော နေရာ
တွင်ရောက်ရှိနေပြီး ယခုအချိန်ထိ မဖယ်ရှားနိုင်သည်မှာလည်း စိတ်မသက်သာစရာ
တစ်ခုအဖြစ် တွေ့မြင်ရနိုင်ပါသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............

ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ)

အရှင်ဝရသာမိ
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊