Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၃ (လုမ္ဗိနီ)

ဗုဒ္ဓ ဖွားမြင်တော်မူရာ ဒေသ

မြတ်စွာဘုရားအလောင်းလျာ ဖွားမြင်တော်မူရာ လုမ္ဗိနီ ဒေသသည် နီပေါနိုင်ငံ
အတွင်း၌ တည်ရှိသည်။ အိန္ဒိယနိုင်ငံ နယ်စပ်နှင့် ၆ မိုင်ခန့် ကွာဝေးသည်။
ဗုဒ္ဓဂယာ ဘုရားဖူးများအဖို့ ထိုလုမ္ဗိနီဒေသသို့ သွားရောက်ဖို့ရန်အတွက်
ခရီးစဉ်ပေါ်မူတည်၍ သာဝတ္ထိမှ၎င်း၊ ကုသိနာရုံမှ၎င်း ကားဖြင့် အလွယ်တကူ
သွားရောက်နိုင်သည်။ နိပေါနိုင်ငံ နယ်စပ်ဂိတ်တွင် ဗီဇာထုရပြီး ဗီဇာကြေး
၂၅ ဒေါ်လာကုန်ကျပါသည်။ ထိုလုမ္ဗိနီ ဒေသသည် ခမည်းတော် သုဒ္ဓေါဒန
မင်းကြီး၏ ကပိလဝတ် နေပြည်တော် နှင့် ယသောဓရာ၏ ဖခင်အဥ္စနမင်းကြီး၏
ဒေဝဒဟပြည်အကြားတွင်တည်ရှိသည်။ လုမ္ဗိနီမှ ကပိလဝတ်သို့
၁၃ ကီလိုမီတာခန့် ဝေးကွာပါသည်။

မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုကြောင့် အိန္ဒိယ၌ ဗုဒ္ဓဘာသာဌာနများသည်
သာသနာ ၂၅၀၀ ပြည့်(၁၉၅၆) ခုမှစ၍ စည်ကားလာသော်လည်း နီပေါနိုင်ငံ
လုမ္ဗိနီဌာနသည်ကား ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူ ကုလသမဂ္ဂ အတွင်းရေးမူးချုပ်
ဦးသန့် (၁၉၆၇) ခုနှစ်တွင် ဤလုမ္ဗိနီသို့ ဘုရားဖူးလာရောက်ပြီး နောက်ပိုင်းမှ
လုမ္ဗိနီ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှစ၍
လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေအမြောက်မြား စုဆောင်းနိုင်ခဲ့
သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘဲ ကြန့်ကြာနေခဲ့
သည်၊ ဦးသန့်၏ နှိုးဆော်မှုကြောင့် နောက်ပိုင်းမှ နိပေါနိုင်ငံအစိုးရသည် ကမ္ဘာ့
ကုလသမဂ္ဂအဖွဲ့ကြီး၏ အကူညီကို ရယူကာ ဆောင်ရွက်ခဲ့ခြင်းကြောင့်
စည်ကားလာခဲ့ခြင်း ဖြစ်သည်။ လုမ္ဗိနီဝန်းကျင်၌ ဦးသန့်ဓမ္မာရုံ ၊ နီပေါ
ဘုန်းတော်ကြီးကျောင်း၊ နိုင်ငံတကာ ထေရဝါရ နှင့် မယာယနကျောင်းများကို
တွေ့မြင်နိုင်သည်။

လုမ္ဗိနီ အင်းကြင်းတော၌ မြတ်ဗုဒ္ဓ အလောင်းတော်အား ဘီစီ ၆၂၃ ခုနှစ်၊
မဟာသက္ကရာဇ် ၆၈ ခုနစ် ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။
ဘုရားလောင်းလျာသည် ဖွားမြင်ပြီးတော်မူအပြီးတွင် အရပ်လေးမျက်နှာ
ထောင့်အရပ်လေးမျက်နှာ၊ အထက် အောက် အရပ်ဆယ်မျက်နှာတို့ကို
ကြည့်ရှူတော်မူပြီး မိမိနှင့်တူသူ တစုံတစ်ယောက်ကို မမြင်သောကြောင့်
မွေးဖွားရာအရပ်မှ မြောက်အရပ်သို့ ခြေ (၇) လှမ်း လှမ်းကြွတော်မူပြီး
မြောက်အရပ်သို့ ရှေးရှူရပ်တန့်တော်မူကာ

၁။ အဂ္ဂေါဟမသ္မိ လောကဿ     - ငါသည် ဗြဟ္မာ နတ် လူ သုံးပါးတို့တွင် အမြတ်ဆုံး၊

၂။ ဇေဌောဟမသ္မိ လောကဿ     - ငါသည် ဗြဟ္မာ နတ် လူ သုံးပါးတို့တွင် အကြီးအကဲဆုံး၊

၃။  သေဌောဟမသ္မိ လောကဿ     - ငါသည် ဗြဟ္မာ နတ် လူ သုံးပါးတို့တွင် အချီးမွမ်းအပ်ဆုံး

၄။ အယမန္တိမာ ဇာတိ - ယခု ပဋိသန္ဓေ တည်ရခြင်းသည် ငါ့အဖို့ နောက်ဆုံးတည်ရခြင်းဖြစ်သည်။

၅။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ - ယခုအခါ ငါ့အဖို့ နောက်ဘဝသစ် ဖြစ်ရခြင်း မရှိတော့ချေ ဟု

မွေးဖွားပြီးစမှာပင် စကားကြီး ၅ ခွန်းကို ရဲရဲတောက် ကြုံးဝါးတော်မူခဲ့သည်။

ထိုဘုရားလောင်း ဖွားမြင်တော် မူရာနေရာကို ဘီစီ ၂၅ဝ တွင် အသောကမင်းက
ကျောက်တိုင် တစ်တိုင် စိုက်ထူခဲ့၍ နှစ်ပေါင်းများစွာ ခြုံနွယ်များ ဖုံးအုပ်နေသော
လုမ္ဗီနီကို ခရစ်နှစ် ၁၈၆၆ ခုနှစ်က တွေ့ခဲ့သည်ဟုဆိုသည်။
အလားတူပင် ၁၈၉၉ ခုနှစ်တွင် တန်ဆောင်းတစ်ခုကို ထွင်းဖေါက်ရှာဖွေရာမှ
မဟာမာယာဒေဝီသည် အလောင်တော်ကလေးအား ဖွားသန့်စင်၍ အင်ကြင်းခက်ကို
လှမ်းဆွဲဟန်သရုပ်ဖေါ်ထားသည့် ကျောက်ပြားတစ်ချပ်ကို တွေ့သဖြင့် အဆောက်အဦ
အတွင်း၌ ပူဇော်ထားသည်ကို တွေ့မြင်နိုင်သည်။ ဗုဒ္ဓလောင်းလျာ ဖွားမြင်ရာအချက်
အခြာနေရာတွင် ခြေတော်ရာကျောက်ပြားရှိသည်။



ဖွားမြင်ပြီး ခြေ (၇) လှမ်းလှမ်းခဲ့ရာ စေတီ

မယ်တော်မာယာ သားဖွားခန်းရုပ်တုရှိသော အဆောက်အဦ၏ အနောက်ဖက်တွင်
ဗုဒ္ဓလောင်းလျာသည် မြောက်ဘက်သို့ ခြေ ၇ လှမ်းလှမ်းခဲ့ပြီး ရဲရဲတောက်စကားတို့ကို
ကြွေးကြော်ခဲ့သည့် နေရာအဖြစ် စေတီငယ် (၇) ဆူ တည်ထားခဲ့သည်ဟု ဆိုသည်။
ယခုအခါ အုတ်ခုံငုတ် ၄ ခုကိုသာ တွေ့မြင်နိုင်ပါတော့သည်။
ဘုရားလောင်းလျာ ဖွားမြင်ပြီးနောက် ခြေ (၇) လှမ်း လှမ်းခဲ့ခြင်းကို အထိမ်းအမှတ်ပြု၍
တည်ထားသော စေတီငယ်များဖြစ်သည်ဟု ဆိုကြသည်။

အသောက ကျောက်စာတိုင်

မြတ်ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဒေသသို့ အသောကမင်းကြီးသည် နန်းစံနှစ် (၂၀)
မြောက်၌ ကြွရောက်ဖူးမြော်ခဲ့သည်ဟုဆိုသည်။ စေတီပုထိုး နှင့် ကျောင်းကန်များ
ကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့ပြီး အသောက ကျောက်စာတိုင်ကိုလည်း စိုက်ထူ
ခဲ့သည်။



၎င်းကျောက်စာတိုင်၌ ရှေးဟောင်း ဗြဟ္မီ အက္ခရာဖြင့် စာကြောင်းငါးကြောင်း
ရေးထိုးထားခဲ့သည်ဟု ဆိုသည်။ ပညာရှင်တို့၏ ဘာသာပြန်ဆိုချက်အရ
" ပိယဒဿီဘွဲ့ခံ မင်းမြတ်သည် နန်းစံနှစ် (၂၀)မြောက်၌ ဘုရားလောင်း
ဖွားမြင်တော်မူရာ ဤအရပ်သို့ ကြွရောက်ဖူးမြော် ပူဇော်ခဲ့သည်၊
ဤနေရာ၌ ဘုရားရှင် ဖွားမြင်တော်မူကြောင်းကို ပြသရန် အထိမ်းအမှတ်ဖြင့်
ကျောက်တိုင် စိုက်ထူတော်မူသည်။ လုမ္ဗိနီရွာကို မြေခွန်တော် ရှစ်ဖို့ တစ်ဖို့သာ
ထမ်းဆောင်စေ၍ အခွန်တော်များ ကင်းလွတ်ခွင့် ပြုလိုက်သည်" ဟု
သိရသည်။ ယခုအခါ ၁၅ ပေအမြင့်သာရှိတော့သည့် ကျိုးပဲ့ပျက်စီးနေသော
အသောကကျောက်တိုင်ကို တွေ့မြင်နိုင်ပေသည်။

ရေကန်ငယ်

မယ်တော်မာယာ ရုပ်ထုရှိသော အဆောက်အဦ၏ တောင်ဘက်တွင်
မယ်တော်မာယာ နှင့် အလောင်းတော်တို့ ရေသန့်စင်သည့် လေးထောင့်
အုတ်ကန်ငယ်တစ်ခုကိုလည်း တွေ့မြင်နိုင်ပါသည်။ ရဟန်းတော် ဟူယင်ဆန်
တို့ခေတ်က ရေသည် ကြေးမုံမှန်ကဲ့သို့ ကြည်လင်တောက်ပနေပြီး ရေမျက်နှာ
အပြင်မှာ ပန်းမျိုးစုံတို့ဖြင့် ဖုံးလွမ်းနေသည်ဟု ဆိုသည်။ ဤရေကန်သည်
ဘုရားအလောင်းတော် ဖွားမြင်ပြီးသောအခါ ကောင်းကင်ယံမှ  ရေပူ နှင့်
ရေးအေး စီးဆင်းလာပြီး မယ်တော် နှင့် သားတော်ကို ရေသပ္ပါယ်၍ သန့်ရှင်း
စင်ကြယ် နွေးထွေးစေခဲ့သည်။ ထိုရေများ စီးဆင်းလာမှုကြောင့် ရေကန်ငယ်
တစ်ခု ဖြစ်ခဲ့သည်ဟု ဆိုကြသည်။

ဤနေရာကား ဗုဒ္ဓဖွားမြင်ရာ သံဝေဇနိယဌာန တစ်ခုအဖြစ် သံဝေဂယူကာ
မြတ်ဗုဒ္ဓဂုဏ်တော်များကို အောက်မေ့လျက် ရှိခိုးပူဇော်နိုင်ပေသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ)

 အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊