Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၂ (သာဝတ္ထိ)

တန်ခိုးပြဋိဟာ ပြပွဲကြီး

မြတ်စွာဘုရားရှင်က တိတ္ထိတို့နှင့် ကဏ္ဍမ္ဗသရက်ပင်အနီး၌ တန်ခိုးပြိုင်မည်ဟု သတင်းစကားကို
ကြားသိရသောအခါ တိတ္ထိတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြကာ သူတို့၏ တပည့်သာဝက
များအား သာဝတ္ထိပြည်၏ ပတ်ဝန်းကျင် တစ်ယူဇနာအတွင်း သရက်ပင်ရှိသမျှကို အရဝယ်ယူကာ
ခုတ်လှဲကြကုန်၏။ ထို့နောက် တိတ္ထိဆရာကြီး ခြောက်ဦးတို့သည် တန်ခိုးပြိုင်ရန်အတွက် သာဝတ္ထိ
မြို့၌ မဏ္ဍတ်ကြီးများကို ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားကြလေသည်။

ပသေနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားရှင်ထံသို့ သွားရောက်၍ "တိတ္ထိတို့သည် ပြဋိဟာ
မဏ္ဍပ်ကို ဆောက်စေအပ်ပါပြီ၊ တပည့်တော်သည် အရှင်ဘုရားတို့အတွက် ပြဋိဟာမဏ္ဍပ်ကို
ဆောက်လုပ်ပါရစေ ဘုရား" ဟု လျှောက်ကြားရာ မြတ်စွာဘုရားရှင်က "မြတ်သောမင်းကြီး
သင်မဆောက်လေနှင့် ငါဘုရားအတွက် သိကြားမင်း ဆောက်လုပ်လိမ့်မည်" ဟု မိန့်ကြားလေသည်။

မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်နေ့၌ ရဟန်းအပေါင်းခြံရံတော်မူကာ သာဝတ္ထိပြည်အတွင်းသို့
ဆွမ်းခံဝင်ရန် ဇေတဝန်ကျောင်းတော်မှ ထွက်တော်မူလာခဲ့သည်။ လမ်းခရီးတွင် ကောသမင်းကြီး
၏  ကဏ္ဍ - မည်သော ဥယျာဉ်မှုး ဆက်ကပ်လှူဒါန်းသော သရက်သီးကို ဘုဉ်းပေးတော်မူပြီးနောက်
သရက်စေ့ကို ဥယျာဉ်မှူးကဏ္ဍ အား စိုက်ပျိုးစေခဲ့သည်။ ထို့နောက် မြတ်စွာဘုရားရှင်သည်
ထိုစိုက်ပျိုးသော နေရာအထက်၌ လက်တော်ကို ဆေးကြောတော်မူခဲ့သည်။ သရက်ပင်သည်
ချက်ချင်းပင် ကြီးထွားလာကာ တခဏအတွင်း အတောင်ငါးဆယ်ရှိသော ခက်မငါးဖြာနှင့်
ပြည့်စုံသော အပင်ကြီးအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ထိုခဏအတွင်းမှာပင် အပွင့် အသီးများ
ဖြစ်ထွန်းလာကာ သရက်သီး အမှည့် အခိုင်တို့ဖြင့် တပင်လုံးပြည့်နက်လာခဲ့သည်။
လူတို့သည် သရက်သီးမှည့်တို့ကို ခူးယူစားသုံးပြီးနောက် သရက်စေ့တို့ဖြင့် တိတ္ထိတို့ကို
ပစ်ပေါက်၍ နှင်ထုတ်ကြလေသည်။

သိကြားမင်းကလည်း လေနတ်သား၊ နေနတ်သား၊ မိုးနတ်သားတို့ကို စေခိုင်းကာ လေ၊ နေ၊ မိုး
တို့ဖြင့် ပြင်းထန်စွာ တိုက်ခတ်ရွာသွန်းစေလေသည်။ တခဏအတွင်းမှာပင် တိတ္ထိတို့တည်
ဆောက်ထားသော မဏ္ဍပ်တို့သည် လေနောက်သို့ပါ၍ ပျက်စီးသွားလေသည်။ တိတ္ထိအပေါင်း
တို့သည်လည်း ဦးတည်ရာမဲ့ ထွက်ပြေးသွားကြကုန်၏။

ပူရဏကႆပ တိတၳိဆရာၾကီး၏ နိဂုံး

ထိုသို့ တိတ္ထိဆရာခြောက်ဦးတို့သည် ဦးတည်ရာအရပ်သို့ ပြေးသွားကြပြီးနောက် ပူရဏကဿပ
တိတ္ထိဆရာကြီး၏ အလုပ်အကျွေး တပည့်ဒါယကာတစ်ယောက်သည် တန်ခိုးပြဋိဟာပြပွဲသို့
ကြည့်ရှူရန်အတွက် လာရောက်ရာ လမ်းခရီးတွင် ဦးတည်ရာမဲ့ ပြေးလွားနေသော ဆရာဖြစ်သူ
ပူရဏကဿပကြီးကို တွေ့ရာ "အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားတို့ ပြအပ်သော
တန်ခိုးပြဋိဟာ ကို ဖူးမြော်ရန် လာခဲ့ပါသည်၊ အရှင်ဘုရား အခု အဘယ်အရပ်သို့ ကြွပါမည်
နည်း" ဟု မေးမြန်းလေသည်။ ပူရဏကဿပ ဆရာကြီးသည် " မင်းအတွက် တန်ခိုးပြဋိဟာ
ဖြင့် ဘာအကျိုးမည်နည်း၊ သင်ယူဆောင်လာသည့် အိုး နှင့် ကြိုးကိုသာ ငါ့ကိုပေးလော့" ဟု
ဆိုကာ အိုးနဲ့ကြိုးကို တောင်းယူကာ အစိရဝတီမြစ်သို့ သွားရောက်ခဲ့လေသည်။

မြစ်ကမ်းပါးသို့ ရောက်သောအခါ အိုးထဲသို့ သဲအပြည့်ထည့်ကာ အိုးကိုကြိုးနဲ့ချည်၍ လည်ပင်း
ကို စွပ်ကာ မြစ်ထဲသို့ဆင်းပြီး အဆုံးစီရင်သွားခဲ့လေသည်။ ပူရဏကဿပ တိတ္ထိဆရာကြီး
သည် ထိုသို့ သေလွန်ပြီးနောက် အဝီစိငရဲသို့ ကျရောက်သွားလေသည်။ အဘယ်ကြောင့်
မိမိကိုယ်ကို အဆုံးစီရင်ရသနည်းဆိုသော် တန်ခိုးပြဋိဟာပြိုင်ပွဲ ပြုလုပ်သည့်အခါ အမှန်
တကယ် မပြိုင်နိုင်သဖြင့် အရှက်ကြီးရှက်ကာ လူအများကို မျက်နှာမပြရဲတော့သောကြောင့်
ထိုကဲ့သို့ အဆုံးစီရင်သွားခြင်း ဖြစ်ပေသည်။

တာဝတိ ံသာနတ်ပြည်သို့ ကြွတော်မူခြင်း

သိကြားမင်းသည် ညနေချမ်းအချိန်အခါ၌ မြတ်စွာဘုရားရှင် တန်ခိုးပြဋိဟာပြမည့်နေရာတွင်
မြတ်စွာဘုရားရှင်အတွက် ရတနာမဏ္ဍပ် ဆောက်လုပ်ရန် ဝိသုကြုံနတ်သားအား စေခိုင်းရာ
ဝိသုကြုံနတ်သားက တဆယ့်နှစ်ယူဇနာကျယ်ဝန်းပြီး ရတနာခုနှစ်ပါးနှင့် ပြည့်စုံသော မဏ္ဍပ်
ကို ဖန်ဆင်းတော်မူလေသည်။ ယင်းမဏ္ဍပ်၌ မြတ်စွာဘုရားရှင်၏ တပည့် ရဟန်း၊ ရှင်လူများ
စုဝေးကြလေသည်။

မြတ်စွာဘုရားရှင်သည် ညနေပိုင်း အချိန်သို့ရောက်သောအခါ တန်ခိုးပြဋိဟာ ပြရန်အတွက်
ဇေတဝန် ဂန္ဓကုဋီကျောင်းတိုက်မှ ထွက်ကြွတော်မူ၍ ဝိသုကြုံ ဖန်ဆင်းအပ်သော ရတနာ
မဏ္ဍပ်အတွင်း တယူဇနာပမာဏရှိသော ရတနာပလ္လင်၌ သီတင်းသုံးတော်မူ၏။
မြတ်စွာဘုရားရှင် တန်ခိုးပြဋိဟာ မပြမီ တန်ခိုးကြီးမြတ်သည့် ဃရဏီ မည်သော ဥပါသိကာ
မလေးသည် မြတ်စွာဘုရားရှင်အား ရှိခိုးလျက် "ဘုန်းတော်ကြီးသော မြတ်စွာဘုရား တပည့်
တော်မကဲ့သို့သော သမီးတော်တစ်ယောက် ထင်ရှားရှိပါလျှက် ရှင်တော်ဘုရား ပင်ပန်းခံ
ပြုလုပ်ရန် မသင့်ပါ၊ တပည့်တော်မကို တန်ခိုးပြဋိဟာ ပြသခွင့်ကို ခွင့်ပေးတော်မူပါ" ဟု
လျှောက်ထားလေသည်။ ထို့အတူ စူဠအနာထပိဏ်မည်သော ဥပါသကာ၊ ခုနှစ်နှစ်အရွယ်
စိရာမည်သော သာမဏေမ၊ ခုနှစ်နှစ်သား စုန္ဒမည်သော ရဟန္တာသာမဏေငယ် နှင့်
အရှင်မဟာမောဂ္ဂလာန်မထေရ်တို့က "မြတ်စွာဘုရား ပင်ပန်းစေတော်မမူပါနှင့် တပည့်တော်
တို့အား တန်းခိုးပြဋိဟာ ပြသခွင့်ပြုပါ" ဟု အသီးသီးလျှောက်ထားကြရာ ဘုရားရှင်သည်
ငြင်းပယ်တော်မူပြီး ကိုယ်တော်တိုင် တန်ခိုးပြဋိဟာ ပြသခဲ့လေသည်။

မြတ်စွာဘုရားရှင်သည် ရဟန်း ရှင် လူ တပည့်ပရိသတ်အပေါင်းတို့အား ရောင်ခြည်တော်
ခြောက်သွယ်နှင့် တကွ အမျိုးမျိုးသော ရေမီးအစုံစုံ တန်ခိုးပြဋိဟာတို့ကို ပြတော်မူပြီး
မဟာသက္ကရာဇ် (၁၁၀) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်းအချိန်တွင် တာဝတိ ံသာနတ်ပြည်
သို့ ကြွတော်မူ၍ မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုတိနတ်သားကို ကျေးဇူးဆပ်ရန်အလို့ငှါ
ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်ဖျာအထက်၌ ခုနှစ်ဝါမြောက် သီတင်းသုံး
ဝါဆိုတော်မူ၍ သန္တုတိနတ်သား အမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းကို ဝါတွင်းသုံးလ
ပတ်လုံး နေ့ညဉ့်မပြတ် အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားတော်မူလေသည်။

ပုဗ္ဗာရုံကျောင်းတော် ပေါ်ပေါက်လာပုံ

ဝိသာခါသည် ရာဇဂြိုဟ်ပြည်၌ ပစ္စည်းဥစ္စာ သုံးစွဲမကုန်အောင် ချမ်းသာကြွယ်ဝသည့်
အမိတဘောဂ သူဌေးကြီးများဖြစ်ကြသော…..
၁။ ဇောတိက၊
၂။ ဇဋိလ၊
၃။ မေဏ္ဍက၊
၄။ ပုဏၰ၊
၅။ ကာကဝလိယ - အားဖြင့် ငါးဦးတို့တွင်တစ်ဦးဖြစ်သော မေဏ္ဍက သူဌေးကြီး၏ မြေးတော်
သူဖြစ်၏။ မိဘတို့မှာ ဓနဥ္စယသူဌေး နှင့် သူဌေးကတော်သုမနဒေဝီတို့ ဖြစ်ကြသည်။

ဝိသာခါ၏ နေရင်းဇာတိမှာ ရာဇဂြိုဟ်ပြည် အင်္ဂတိုင်း ဘဒ္ဒိယမြို့ဖြစ်၏။ သာဝတ္ထိနိုင်ငံ
ပသေနဒီ ကောသလမင်းက မိမိ၏နိုင်ငံတော်၌ အမိတဘောဂသူဌေးများမရှိသောကြောင့်
ယောက်ဖတော် ရာဇဂြိုလ်နိုင်ငံ ဘုရင်ဗိမ္ဗိသာရထံ သူဌေးတစ်ဦးတောင်းခံခဲ့ရာ ဗိမ္ဗိသာရမင်း
သည် အမိတဘောဂသူဌေးကြီးများကို နေရာ ပြောင်းရွှေ့ရန် မသင့်တော်သဖြင့် အမိတဘောဂ
သူဌေးကြီးတစ်ဦးဖြစ်သူ မေဏ္ဍက၏ သားဖြစ်သော ဓနဥ္စယ သူဌေးကိုမေတ္တာရပ်ခံကာ
သာဝတ္ထိပြည်သို့ ပို့လွှတ်ခဲ့ခြင်းဖြစ်သည်။

ဓနဥ္စယသူဌေးကြီးမိသားစုတို့သည် သာဝတ္ထိနိုင်ငံတော်သို့ လိုက်သွားသောအခါ သာဝတ္ထိမြို့သည်
အကျွနု်ပ်နှင့်လိုက်ပါလာသော ပရိသတ်အတွက် နေရာကျဉ်းနေပါသည်။ ဤနေရာ၌နေပါရစေဟု
ကောသလ မင်းကြီးထံ ခွင့်တောင်း၍ နေခဲ့ကြသည်။ ထိုနေရာကား သာဝတ္ထိမြို့နှင့် ခုနှစ်ယူဇနာဝေး
သည့် သာကေတမြို့(ယခုအခါ - အယုဒ္ဓယမြို့)ဖြစ်သည်။

 ဓနဥ္စယသူဌေးကြီးသည် သမီးဝိသာခါကို သာဝတ္ထိမြို့မှ မိဂါရသူဌေးကြီး၏သား ပုဏ္ဏဝဎ္ဍန နှင့်
လက်ဆက်ထိမ်းမြားပေးခဲ့ရာ လက်ဖွဲ့အဖြစ် မဟာလတာအဆင်တန်ဆာကို ဆင်ယင်ပေးခဲ့သည်။
၎င်းမဟာလတာ အဆင်တန်ဆာမှာ တန်ဖိုးအားဖြင့် ကိုးကုဋေတန်၏။ ဆင်ပြောင်ငါးစီးအားကို
ဆောင်နိုင်သည့် အမျိုးသမီးတို့ သာ ဝတ်ဆင်နိုင်သည်။

ဝိသာခါသည် ရတနာသုံးပါးကို ကြည်ညိုသည့် အမျိုးသမီးအားလုံးက အားကျအတုယူသင့်သော
သာသနာ့စံပြ အမျိုးသမီးတဦးလည်း ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူမနှင့်အိမ်ထောင်ကျသော မိသားစုမှာ ဗုဒ္ဓဘာသာဝင်မဟုတ်
အဝတ်မဝတ်သည့် ဂျိန်းတက္ကတွန်း တိတ္ထိဆရာကြီးများကို ကိုးကွယ်သော မိသားစု ဖြစ်၏။

ထိုဘာသာခြားမိသားစုကို ဗုဒ္ဓဘာသာဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲ့သည်။ ဝိသာခါ၏
ယောက္ခမ မိဂါရ သူဌေးကြီးကဆိုလျှင် မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားတော်ကို
နာယူပြီးနောက် အလှူဒါနလှူဒါန်းလျှင် အကျိုးကြီးရင့်မှုရှိသည့်နေရာဌာနကို သိရပါပြီဘုရား၊
ချွေးမအလိမ္မာ ဝိသာခါသည် တပည့်တော်တို့ မိသားစု ကောင်းကျိုးရရန်အတွက် တပည့်တော်တို့ အိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ပါသည်ဘုရား ဟု ဘုရားရှင် အားလျှောက်ထားခဲ့လေသည်။
ချွေးမအလိမ္မာ ဝိသာခါကိုလည်း မိမိ၏ မိခင်အရာ၌ ထားခဲ့လေသည်။

ဝိသာခါသည် သား (၁၀) ယောက်၊ သမီး (၁၀) ယောက် မွေးဖွားခဲ့သော်လည်း အရွယ်မကျ
ဆံပင်မဖြူ၊ သွားမကျိုး၊ လှပမြဲ လှပနေခဲ့သည်။ မြေးမလေးများနှင့် အတူထိုင်နေလျှင် ဘယ်သူ
ဝိသာခါ ဆိုသည်ကို ခွဲမရနိုင် ဟု ဆိုသည်။ အထိုင်အထကို ကြည့်၍သာ ဝိသာခါကို သိနိုင်ကြသည်။
သားသမီး (၂၀) တို့ကလည်း တစ်ဦး တစ်ဦးလျှင် သား(၁၀) ယောက်၊ သမီး (၁၀) ယောက်
မွေးဖွားခဲ့၍ မြေး (၄၀၀) ရှိခဲ့သည်။ မြေး (၄၀၀) တို့က လည်း တစ်ဦးတစ်ဦးလျှင် သား (၁၀) ယောက်၊
သမီး (၁၀) ယောက်စီ မွေးဖွားခဲ့ပြန်ရာ မြစ် (၈၀၀၀) ရှိခဲ့ လေသည်။

သားသမီး မြေးမြစ်တို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခြင်းမရှိ ကျန်းမာသန်စွမ်းကြသည်။
ထို့ကြောင့် ဝိသာခါ ကို အလွန်ကျက်သရေမင်္ဂလာရှိသော အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်
ထားကြသည်။ အသိအမှတ် ပြုထားကြသည်။ မင်္ဂလာပွဲ ကုသိုလ်ပွဲစသော ပွဲသဘင်များ ပြုလုပ်
ကြလျှင် ဝိသာခါသူဌေးကတော်၊ အနာထပိဏ်သူဌေးတို့ကို ဖိတ်မန ္တကပြုလေ့ရှိကြသည်။

 တစ်ချိန်သောအခါ ဝိသာခါသည် မဟာလတာအဆင်တန်ဆာကို ဆင်ယင်၍ ပွဲသဘင်
တစ်ခုကို သွားရင်း ဇေတဝန်ကျောင်းအနီးမှ ဖြတ်သွားလေရာ ပွဲသဘင်သွားလို့ အကျိုးမရှိ၊
ဘုရားရှင်ကို ဝင်ရောက်ဖူးမြော် တရားကို နာယူရခြင်းက ပိုပြီးအကျိုးရှိနိုင်ပေတယ် ဟု
စဉ်းစား၍ ပွဲသဘင်သို့ မသွားတော့ဘဲ၊ ဘုရားရှင်ထံ ဝင်ရောက်ဖူးမြော် တရားတော်များနာခဲ့သည်။
ဘုရားရှင်ထံ ဝင်ရောက်ဖူးမြှော်ရာတွင် မဟာလတာအဆင်တန် ဆာကိုဝတ်၍ ဖူးမြှော်ခဲ့ပါက
စိတ်မငြိမ် စိတ်ပြန့်သူတို့၏ အသွင်ပုံသဏ္ဍာန်ဖြစ်သွားမည် (အလှအပ အာရုံဘက် စိတ်ရောက်
နေပါက တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ချေ) အဆင်တန်ဆာကိုဝတ်၍ ဖူးမြော်ခြင်း သည်
မသင့်တော်ချေဟု စဉ်းစားမိသဖြင့် မဟာလတာအဆင်တန်ဆာကို ချွတ်ကာ ဘုရားရှင်ကို
ဝင်ရောက် ဖူးမြော်ခဲ့ခြင်း ဖြစ်၏။

ထိုအဆင်တန်ဆာကို သွားလေရာရာ ခေါ်နေကြ ကျွန်မ, က ခေါက်သိမ်းသယ်ဆောင်ပြီး ဝိသာခါ ဇေတဝန်ကျောင်းမှအပြန်တွင် မေ့ကျန်ခဲ့လေသည်။ အရှင်အာနန္ဒာက ထိုမဟာလတာ
တန်ဆာကို ကောက်ယူသိမ်းဆည်း၍ စောင်းတန်းလှေကားတဖက်၌ ချိတ်ဆွဲထားလိုက်သည်။

ဝိသာခါသည် ဇေတဝန်ကျောင်း ဥပစာသို့ ရောက်၍ မဟာလတာအဆင်တန်ဆာကို ယူခဲ့ရန်
ကျွန်မကို ပြောဆိုရာ ကျွန်မ က မေ့ကျန်ခဲ့ကြောင်း ဝိသာခါအား ပြောကြားခဲ့လေသည်။
ဝိသာခါ က ပြန်ယူဖို့ရန် ထိုသို့ပြန်ယူရာတွင် အရှင်အာနန္ဒာ သိမ်းဆည်းပြီးဖြစ်ပါက မယူခဲ့
တော့ရန်၊ အရှင်အာနန္ဒ အား စွန့်လှူပြီး ဖြစ်ကြောင်း ကျွန်မ အား မှာကြားလိုက်လေသည်။

ကျွန်မ , လည်း ဇေတဝန်ကျောင်းအတွင်းသို့ပြန်၍ မဟာလတာအဆင်တန်ဆာကို သွားရောက်
ယူငင်ရာ အရှင်အာနန္ဒာသိမ်းဆည်းထားခဲ့သည်ကို တွေ့ခဲ့ရသဖြင့် ဝိသာခါအား ထိုအကြောင်း
အရာကို ပြန်ကြားပြောဆို ခဲ့လေသည်။ ဝိသာခါက အရှင်အာနန္ဒာ အရှင်မြတ်ကိုင်တွယ်
သုံးသပ်ပြီးသော မဟာလတာအဆင်တန်ဆာကို ငါမဆင်လိုတော့ဘူး စွန့်လှူလိုက်ပြီ။
သို့သော် အရှင်မြတ်များအဖို့ မဟာလတာအဆင်တန်ဆာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ရန်
ဝန်ထုပ်၊ ဝန်ပိုးကြီး ဖြစ်နေလိမ့်မည်။ ဤမဟာလတာတန်ဆာကို ရောင်းချ၍ သံဃာတော်များအား
အပ်စပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို လှူဒါန်းရပေမည်။
သွားယူချေဟု ကျွန်မ ကို ယူခိုင်းခဲ့သည်။

 ထို့နောက် ရွှေပန်းတိမ်သည်ကို တန်ဖိုးဖြတ်စေခဲ့ရာ ရွှေပန်တိမ်သည်က မဟာလတာအဆင်
တန်ဆာသည် ကိုးကုဋေတန်ကြောင်း လက်ခံတစ်သိန်းတန်ကြောင်း တန်ဖိုးဖြတ်ပေးခဲ့သည်။
ဝိသာခါသည် မဟာလတာအဆင်တန်ဆာကို သာဝတ္ထိတစ်မြို့လုံးလှည့်၍ ရောင်းချခဲ့ရာ
မည်သူမှ မဝယ်နိုင်ချေ၊ မဟာလတာအ ဆင်တန်ဆာကို ဝတ်ဆင်နိုင်သူမှာလည်း ဘုရားရှင်
လက်ထက်က သုံးဦးသာရှိခဲ့သည်။
၁။ ဝိသာခါ၊
၂။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ၊
၃။ ဗာရာဏသီသူဌေးကြီး၏သမီးတို့ ဖြစ်ကြသည်။

ဝိသာခါသည် ဝယ်ယူနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိသောအခါ ကိုယ်တိုင်ပင် ဝယ်ယူ၍
ဘုရားရှင်အား အကြောင်းခြင်းရာကို လျှောက်ထားကာ ဆွမ်း၊ သင်္ကန်၊ ကျောင်း၊ ဆေး ပစ္စည်း
လေးပါးတွင် အဘယ်ပစ္စည်း ကို လှူဒါန်းလျှင် သင့်တော်ပါမည်နည်းဘုရားဟု လျှောက်ထား
မေးမြန်းခဲ့လေသည်။ ဘုရားရှင်က သာဝတ္ထိမြို့ အရှေ့တံခါးအနီး၌ သံဃာ နေထိုင်ရန်
ကျောင်းဆောက်လုပ်လျှင် သင့်တော်ကြောင်း မိန့်တော်မူခဲ့သည်။

ဝိသာခါသည် ကျောင်းဆောက်လုပ်ရန်အတွက် မြေနေရာကို (၉) ကုဋေဖြင့် ဝယ်ယူ၍၊
(၉) ကုဋေ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ပြီး၊ (၉) ကုဋေကုန် ကျောင်းရေစက်ချ
လှူဒါန်းပွဲကြီးကို လေးလကြာမျှ ကျင်းပ ပြုလုပ်ခဲ့သည်။ ကျောင်းဆောက်ချိန်မှာ တန်ခိုးရှင် အရှင်မဟာမောဂ္ဂလာန်၏ စောင့်ရှောက်ကူညီမှုကို ရသဖြင့် (၉) လသာကြာမြင့်ခဲ့သည်။

ဝိသာခါ ဆောက်လုပ်သော ကျောင်းတော်ကြီးမှာ နှစ်ထပ်ပြဿဒ်ကျောင်းကြီးဖြစ်၍
အောက်ထပ်၌ အခန်းပေါင်း (၅၀၀) ၊ အထက်ထပ်၌ အခန်းပေါင်း(၅၀၀) ရှိခဲ့သည်။
ထိုပြဿဒ်ဆောင်မကြီးကို ဝန်းရံ၍ ကမ္မဌာန်းကျောင်းပေါင်း (၅၀၀)၊ ပြဿဒ်ငယ် (၅၀၀)၊
တန်စောင်းရှည်ပေါင်း (၅၀၀) တို့ကိုလည်း ဆောက်လုပ် ခဲ့ကြောင်း သိရသည်။
သာဝတ္ထိမြို့၏ အရှေ့ဘက်၌ ဆောက်လုပ်ခဲ့သောကြောင့် ပုဗ္ဗာရုံကျောင်းတော်ဟု
နာမည်ပေးခဲ့သည်။

ကျောင်းအမကြီး ဝိသာခါသည် ကျောင်းအလှူသာမက နေ့စဉ်နေ့စဉ် ရဟန်းတော် (၅၀၀)
တို့အား မိမိအိမ်၌ ဆွမ်းဘောဇဉ်များကို ဆက်ကပ်သည်။ ဘုရားရှင်ထံ ချဉ်းကပ်၍

၁။ သံဃာတော်အား ရာသက်ပန် မိုးရေခံသင်္ကန်း လှူဒါန်းခွင့်၊
၂။ ဧည့်သည်ရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်၊
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူဒါန်းခွင့်၊
၄။ မကျန်းမာသည့် ရဟန်း၊
၅။ သူနာပြုရဟန်းတို့အား ဆွမ်းလှူခွင့်၊
၆။ မကျန်းမာသည့်ရဟန်းတို့အား ဆေးဝါးလှူခွင့်၊
၇။ ယာဂု (ဆန်ပြုတ်) အမြဲလှူခွင့်၊
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်သင်္ကန်းလှူခွင့် ဟူသော ဆု (၈) မျိုးကိုတောင်းကာ
အမြဲလှူဒါန်းခဲ့သည်။

ထို့ကြောင့် ဘုရားရှင်က ဝိသာခါ အား ဒါယိကာဧတဒဂ်(လှူဒါန်းပေးကမ်းကြသည့်
အမျိုးသမီးတို့တွင် အမြတ်ဆုံး) ကို ချီးမြင့်တော်မူခဲ့ပေသည်။

မြတ်စွာဘုရားရှင်သည် ကျောင်းဒကာ ပုဏ္ဏဝဎ္ဍနသူဌေး + ကျောင်းဒကာမ
ဝိသာခါသူဌေးကတော် မိသားစုတို့၏ သဒ္ဓါတရားကို ချီးမြှောက်တော်မူသောအားဖြင့်
ထို ပုဗ္ဗာရုံ ကျောင်းတော်ကြီး၌ (၅) ဝါတိတိ သီတင်းသုံးတော်မူခဲ့သည်။

ပုဗ္ဗာရုံကျောင်းတော်ကြီး၏ နောက်ဆုံး

ကျောင်းဒကာ ပုဏ္ဏဝဎ္ဍနသူဌေး နှင့် ကျောင်းဒကာမ ဝိသာခါသူဌေးကတော်တို့
ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်လှူဒါန်းခဲ့သော ပုဗ္ဗာရုံကျောင်းတော်ကြီးသည်
အစိရဝတီမြစ်ရေတိုက်စားမှုဘေး၊ ဘာသာခြားတို့၏ ဖျက်ဆီးမှုဘေး၊ သဘာဝဘေး
အမျိုးမျိုးတို့ကြောင့် ပျက်စီး၍ သွားခဲ့ရာ၊ ယနေ့အချိန်၌ မတွေ့ရတော့ချေ။
ပုဗ္ဗာရုံ ကျောင်းနေရာ၌ ကန္ဒဘာရီဟု ခေါ်သောရွာရောက်ရှိနေကြောင်း သိရသည်။
အေဒီ (၇) ရာစုက မဇ္စျိမဒေသသို့ သွားခဲ့သော တရုတ်ဘုန်းကြီး ဟူယင်ဆန်၏
မှတ်တမ်း၌ သာဝတ္ထိမြို့မှာ ကျောင်းတိုက်အပျက်ကြီးများ တွေ့ရ၍ သမ္မိတိယဂိုဏ်းဝင်
ရဟန်းအချို့ကို တွေ့ရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

သာဝတ္ထိမြို့၌ ဖြစ်ထွန်းသော ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသကာ နှင့် ဥပါသိကာမတို့သည်
မရေတွက်နိုင်အောင် များပြားလှသည်ဟု ဆိုသည်။ ဗုဒ္ဓဘာသာ နှင့် ဆန့်ကျင်ဖက်
(တိတ္ထိ)၊ နိဂဏ္ဍဂိုဏ်းဝင် ဂျိန်း(Jain)များ၊ အာဇီဝကများ၊ ပရိဗ္ဗာဇကများ၊ ဗြဟ္မဏ
ပုဏ္ဏားများ အခြေချနေထိုင်ကျသဖြင့် ဘာသာရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမူရေး
ကိစ္စများနှင့် ရောပြွမ်း၍ ကြီးကျယ်ခမ်းနားခဲ့သော မြို့တော်ကြီးလည်း ဖြစ်ခဲ့သည်ဟု
ဆိုသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကုိးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ)

 အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊