Friday, August 31, 2018

မဇ္စျိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၁ (သာဝတ္ထိ)

“အာနန္ဒာ ဗောဓိပင်”

ဇေတဝန်ကျောင်းတိုက်ကြီးအတွင်းသို့ အဝင်ဂိတ်မှ ဝင်ပြီး လမ်းဖြောင့်အတိုင်း ဆက်
သွားလျှင် မလှမ်းမကမ်းတွင် အာနန္ဒာဗောဓိပင်ကို တွေ့မြင်နိုင်သည်။ ဘုရားရှင်ရှိစဉ်အခါက
သာဝတ္ထိ မြို့သူမြို့သား ဒကာ၊ ဒကာမများတို့သည် နံ့သာ၊ ပန်းမာလ်များကိုယူဆောင်၍
ဘုရားရှင်ကိုဖူးမြော်ရန် ဇေတဝန် ကျောင်းတော်သို့ လာရောက်ကြရာ ဘုရားရှင်က ဒေသ
စာရီကြွချီတော်မူသွားသောကြောင့် ဘုရားရှင်ကို မဖူးမြင်ရသဖြင့် ကိုးကွယ်ရာမဲ့ဖြစ်ကာ
ယူလာခဲ့ကြသော နံ့သာ၊ ပန်းမာလ်များကို ဂန္ဓကုဋိ ကျောင်းတော်တံခါး၌ ပစ်ချပြီး ပြန်သွားခဲ့
ကြလေသည်။ အနာထပိဏ်သူဌေးကြီးသည် ထိုအကြောင်းအရာကို အရှင်အာနန္ဒာအား
လျှောက်ထား၍ လာရောက်ဖူးမြော်သူများပူဇော်ရန် ဌာနတခုရှိသင့်ကြောင်း ဘုရားရှင်အား
လျှောက်ထားပေးရန် အကြံပြုလျှောက်ထားခဲ့သည်။

အရှင်အာနန္ဒာက ထိုအကြောင်းအရာကို ဘုရားရှင်အား လျှောက်ထားခဲ့ရာ ဘုရားရှင်က
မိမိကိုယ်စားအဖြစ် ပူဇော်နိုင်ကြရန် မူလမဟာဗောဓိပင်မှ မျိုးစေ့ကိုယူ၍ ဗောဓိပင်ကိုစိုက်ပျိုးရန်
အမိန့်တော်ရှိခဲ့သည်။ အရှင်အာနန္ဒာကလည်း အရှင်မဟာမောဂ္ဂလာန်ကို ဇေတဝန်ကျောင်း
တံခါးအနီး၌ ဗောဓိပင်စိုက်ပျိုးမည်ဖြစ်ပါ၍ မူလမဟာဗောဓိပင်မှမျိုးစေ့ကို ယူဆောင်ပေးပါရန်
လျှောက်ထားခဲ့ရာ အရှင်မဟာမောဂ္ဂလာန်သည် အဘိညာဉ်တန်ခိုးဖြင့် ဗောဓိမဏ္ဍိုင်သို့ကြွကာ
အညှာမှကြွေကျဆဲဖြစ်၍ မြေကြီး ပေါ်သို့ မကျသေးသော ဗောဓိသီးမျိုးစေ့ကို သင်္ကန်းဖြင့်ခံယူကာ
ယူဆောင်ခဲ့ပြီး အရှင်အာနန္ဒာအား ပေးခဲ့လေသည်။

အရှင်အာနန္ဒာသည် စိုက်ပျိုးမည့်ချိန်ခါနေ့ရက်ကို ကောသလမင်းကြီး၊ အနာထပိဏ်သူဌေးကြီး၊
ဝိသာခါ၊ အခြားသဒ္ဓါတရားရှိကြသည့်သူတို့အား မိန့်ကြား၍ ရောက်လာကြသောအခါ ဗောဓိ
မျိုးစေ့ကို စိုက်ပျိုး ရန် ပသေနဒီကောသလမင်းကြီးလက်သို့ အပ်ခဲ့သည်။ ကောသလမင်းကြီး
သည် မင်းအဖြစ်ဆိုတာ  အခါခပ်သိမ်း မတည်မြဲနိုင်သောကြောင့် ဗောဓိပင်ကို အရှည်သဖြင့်
စောင့်ရှောက်နိုင်ရန်ခက်သည်။ သို့ဖြစ်၍ အနာထပိဏ်သူဌေးကို စိုက်ပျိုးစေမှ သင့်တော်မည်ဟု
စဉ်းစားဆင်ခြင်ကာ ဗောဓိပင်မျိုးစေ့ကို အနာထပိဏ်သူဌေးလက်သို့ အပ်လိုက်သည်။

အနာထပိဏ်သူဌေးသည် အပေါက်ဖောက်ထားသော ရွှေဖျဉ်းအိုးဝယ် နံ့သာညွန်များကိုထည့်၍
ဗောဓိမျိုးစေ့ကို စိုက်ပျိုးခဲ့သည်။ အတောင်(၅၀) အမြင့်ရှိပြီး အရပ်လေးမျက်နှာတွင် ကိုင်းကြီး
လေးကိုင်း အပေါ်သို့တက်သော ကိုင်းကြီးတစ်ကိုင်းအားဖြင့် အကိုင်းကြီး ငါးကိုင်းရှိသော
ဗောဓိပင်ပေါက်လာခဲ့သည်။ အရှင်အာနန္ဒာ၏ လျှောက်ထားချက်အရ ဘုရားရှင်သည်
လူများ စွာတို့ ကောင်းကျိုးစီးပွါးရရှိစေရန် ဗောဓိပင်၏အနီးအောက်၌ သမာပတ်
ဝင်စား၍ တစ်ညတာမျှ သီတင်းသုံး တော်မူခဲ့သည်။ (ဇာတက - ဌ၊ ၄။ ၂၂၈)



ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အရှင်အာနန္ဒာ၏အစီအစဉ်ဖြင့် ဗောဓိပင်ကို စိုက်ပျိုးခဲ့သဖြင့် အာနန္ဒာဗောဓိပင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ဇေတဝန်ကျောင်းတော်သည် နှစ်ပေါင်း တစ်ထောင်နီးပါးမျှ တောကြီးမျက်မည်းအဖြစ် စွန့်ပစ်
ခံထားခဲ့ရခြင်းကြောင့် အာနန္ဒာဗောဓိပင်သည် မည့်သည့်နေရာတွင် အမှန်တကယ်တည်ရှိသည်
ဟုညွှန်ပြသည့် ရှေးဟောင်းသုတေသန အထောက်အထား မရှိခြင်းတို့ကြောင့် ဤ(လက်ရှိ)
ဗောဓိပင်အား မူလ (အာနန္ဒာဗောဓိ)အဖြစ် ဖော်ပြသည်မှာ အတော်အတန် သံသယဖြစ်ဖွယ်
ရှိနေသည်ဟု ဆိုသည်။  အာနန္ဒာဗောဓိပင်ကို ဇေတဝန်၏ ယခုလက်ရှိ မြန်မာဘုန်းတော်ကြီး
ကျောင်းဟောင်းနေရာအနီး တစ်နေရာတွင် ဖြစ်ရမည်ဟု ယူဆရသည့် ပင်မဂိတ်ပေါက်အနီး၌
စိုက်ပျိုးခဲ့ကြောင်း သုတေသီတို့က ခန့်မှန်းကြသည်။

ဘုရားရှင်လက်ထက်က ခမ်းနားကြီးကျယ်လှသော ဇေတဝန်ကျောင်းတော်ကြိးအတွင်းဝယ် ယခုအခါ တွေ့ရှိရသမျှမှာ အောက်ခံခုံများသာ တွေ့ရှိရတော့သည်။ ဘုရားရှင်သီတင်းသုံးခဲ့ရာ ဂန္ဓကုဋိကျောင်းတော်ရာ၊ ကောသမ္ဗကုဋိ(ကြို့ပင်ကျောင်း) တည်ရှိရာနေရာ၊ ကရေကုဋိ
(ရေခတက်ပင်ကျောင်းတော်)တည်နေရာ၊ ဘုရား ရှင်နှင့်ရဟန်းတော်တို့ ခြေတော်ဆေး
အသုံးပြုသည်ဆိုသော ရေတွင်းဟောင်း၊ အာနန္ဒာဗောဓိပင်၊ လာဘ်လာဘ ပေါများသည့်
အရာ၌ ဧတဒဂ်ထားခြင်းခံရသော ရှင်သီဝလိ၏ ကျောင်းတော်ရာ ဟုပြောဆိုကြသည့်နေရာ၊ အရှင်အဂုင်္လိမာလမထေရ်၏ ကျောင်းတော်ရာနှင့် အရိုးအိုးစေတီဟု ဆိုကြသောနေရာ
စသည်လောက်ကိုသာ တွေ့ရှိနိုင်တော့သည်။

တရုတ်ရဟန်းတော် ဖာဟီယန် သာဝတ္ထိမြို့သို့ ရောက်ရှိစဉ်အခါက ဇေတဝန်ကျောင်းနေရာ၌
အချို့သော ကျောင်းဆောင်များ၊ ဘုရားဆင်းတုတော်များတွေ့ရသေးသည်ဟု ဆိုသော်လည်း
တရုတ်ရဟန်းတော် ဟူယင်ဆန် ရောက်ရှိသွားချိန်တွင်မူ သာဝတ္ထိမြို့ရော ဇေတဝန်ပါ
လူသူမရှိဘဲ အပျက်အစီးများသာ ကျန်ရှိတော့သည်ဟု ဆိုသည်။

ဗြိတိသျှခေတ် ရှေးဟောင်းသုတေသနဌာနက (၁၇၈၄-အေဒီ)၊ ခရစ်နှစ် (၁၈၆၃)ခုနှစ်တွင်
ဆာအလက်ဇန္ဒား ကန်နင်ဟန်(Sir Alexander Cunnigham) က ဖာဟီယန် နှင့် ဟူယင်ဆန်
တို့၏ ခရီးသွားမှတ်တမ်းများတွင် ဖော်ပြထားသည့် သတင်းအချက်လက်များကို အသုံးပြု၍
ဇေတဝန်ကျောင်းတော်ရာကို တူးဖော်ခဲ့ကြရာ (၇) ရာစုခေတ် ဗုဒ္ဓဒေဝ စေတီအပါအဝင်
စေတီကြီး(၄) ဆူ၊ စေတီငယ် (၈) ဆူနှင့် ကျောင်းဆောင် ကြီး/ငယ် (၂၀) တို့ကို တွေ့ရှိခဲ့
သည်ဟု ဆိုသည်။

ထိုဇေတဝန်ကျောင်းတော်ကြီး၌ ဘုရားရှင်သည် (၁၉) ဝါတိတိ သီတင်းသုံးတော်မူခဲ့ပြီး
သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားသခင်အဖြစ်ဖြင့် (၄၅) ဝါနေတော်မူ၍ တရားရေအေး
တိုက်ကျွေးတော်မူ ခဲ့ရာ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူသည့်နှစ်သည်
အများဆုံးပင်ဖြစ်သည်။

ကျောင်းဒါယကာ အနာထပိဏ်သူဌေးကြီး + ကျောင်းဒါယိကာမသူဌေးကတော် ပုည
လက္ခဏဒေဝီ တို့၏ သဒ္ဓါတရားကို ချီးမြှောက်တော်မူခြင်းဖြစ်၏။ ဇေတဝန်ကျောင်းတော်၌
ဝါဆိုသည့်နှစ်များဝယ် ရပ်ဝေး ဒေသ၌ ဗုဒ္ဓဝေနေယျပုဂ္ဂိုလ်များ မရှိခြင်းကြောင့်လည်း
နေတော်မူသည့်နှစ်များခြင်း ဖြစ်သည်။

အနာထပိဏ်သူဌေးကြီးသည် ကျောင်းအလှူသာမက နေ့စဉ်နေ့တိုင်း စာရေးတံမဲကျသော
ရဟန်း (၅၀၀) တို့အား စာရေးတံဆွမ်း(၅၀၀)၊ စာရေးတံ ယာဂုဆွမ်း(၅၀၀) လဆန်းတစ်ကြိမ်၊
လဆုတ်တစ်ကြိမ် ဆက် ကပ်လှူဒါန်းသော ပက္ခိကဆွမ်း(၅၀၀) စသည်ဖြင့် အလှူဒါနပေါင်း
မြောက်များစွာကိုလည်း ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က အနာထပိဏ်
သူဌေးကြီးအား ဒါယကဧတဒဂ်(လှူဒါန်းပေးကမ်းခြင်း၌ မွေ့လျော်ကြသည့် ပုဂ္ဂိုလ်တို့တွင်
အမြတ်ဆုံး)ဆုကို ချီးမြှင့်တော်မူခဲ့သည်။

အဂုၤလိမာလေစတီ (ပါကစ္ကုဋီ)

ဇေတဝန်ကျောင်း၏ မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာမြို့တွင်းဂိတ်နှင့် ကောသလမင်း
နန်းတော်ရာနေရာအနီးတွင် အဂုင်္လိမာလ စေတီ(ပါကစ်ကုဋီ) နှင့် သုဒတ္တစေတီ (ကာကျစ်ကုဋီ)
ကို မြင်တွေ့နိုင်သည်။

အိန္ဒိယရှေးဟောင်းသုတေသနဌာနက ခရစ်(၁၉၅၉)ခုနှစ်တွင် သာဝတ္ထိမြို့ကို ထိန်းသိမ်းသော
အခါ စေတီကြီး(၂)ဆူနှင့် ကျောင်းဆောင်တစ်ခုကို တွေ့ရှိရသည်ဟု ဆိုသည်။ စေတီများသည်
တရုတ်ရဟန်းတော် ဗာဟီယန် မှတ်တမ်းအရ အဂုင်္လိမာလစေတီ နှင့် သုဒတ္တစေတီ ဟု ဖော်ပြ
ထားသည်။



အဂုင်္လိမာလရဟန်းသည် ကလေးမဖွားနိုင်သူကို (အဂုင်္လိမာလသုတ်) ပရိတ်တော်ရွတ်ဆို၍
မွေးဖွားပေးခဲ့သည်။ ထိုနေရာ၌ မြို့သူမြို့သားများက အထိန်းအမှတ်အဖြစ် အုပ်ခုံ(စေတီ)
ပြုလုပ်ထားခဲ့ကြသည်။ ယင်း အုပ်ခုံစေတီကို အသောကမင်းကြီးက ထူပါရုံ(လိုဏ်ဂူစေတီ)
တည်ဆောက်လိုက်သဖြင့် အင်္ဂုလိမာလစေတီဟူ၍ ထင်ရှားလာခဲ့သည်။ အိန္ဒိယကို အင်္ဂလိပ်
တို့အုပ်ချုပ်သောခေတ်တွင် အဂုင်္လိမာလစေတီအပေါ် မူဆလင်ဘုန်းကြီးက ကျောင်းဆောင်
(ပါကစ်ကုဋီ) ဆောက်လုပ်ပြီး နေထိုင်ခဲ့၏။

သုဒတ္တစေတီ (ကာကျစ်ကုဋီ)

သုဒတ္တစေတီသည် အဂုင်္လိမာလစေတီ အနားတွင် တည်ရှိသည်။ သုဒတ္တ (အနာထပိဏ်သူဌေး)
သေဆုံးသွားသောအခါ ကျန်ရစ်သူ မိသားစုက အထိမ်းအမှတ် ပူဇော်ပွဲကျင်းပသည့်နေရာတွင်
စေတီတစ်ဆူတည်ခဲ့ကြသည်။ ယင်းစေတီနေရာတွင် အသောကမင်းကြီးက အုပ်စေတီ(ထူပါ)
ကြီးတည်ဆောက်လိုက်သဖြင့် သုဒတ္တစေတီဟု ထင်ရှားလာခဲ့သည်။



ဤ သုဒတ္တစေတီအပေါ်၌လည်း ဟိန္ဒူဘုန်းကြီးက (ကာကျစ်ကုဋီ) ဆောက်လုပ်ပြီး နေထိုင်ခဲ့
သည်။ သာသနာနှစ် (၂၅၀၀) ပြည့် (၁၉၅၆) ခုနှစ်တွင် အိန္ဒိယအစိုးရသည် သုဒတ္တစေတီ
ပေါ်တွင်ရှိသော ဟိန္ဒူဘုရားကျောင်း(ကာကျစ်ကုဋီ) နှင့် အဂုင်္လိမာလစေတီပေါ်တွင်ရှိသော
မူဆလင်ဘုရားကျောင်း (ပါကစ်ကုဋီ) ကို ဖယ်ရှားလိုက်ပြီး မူလစေတီများဖြစ်သော သုဒတ္တ
စေတီ နှင့် အဂုင်္လိမာလစေတီ တို့အတိုင်း ပြန်လည်ပြုပြင်၍ ထိန်းသိမ်းထားသည်ကို
ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။

သရက်ဖြူကုန်း

သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၏ အရှေ့တောင်ဖက် တစ်မိုင်အကွာတွင် ဘုရားရှင်
တာဝတိ ံသာနတ်ပြည်သို့ ကြွမြန်းသောနေရာရှိသည်။ ထိုနေရာ၌ အသောကမင်းကြီးသည်
စေတီ နှင့် ကျောက်စာတိုင် အမှတ်သားပြု၍ တည်ထားခဲ့သည်ဟု ဆိုသည်။ ကျောက်စာ
တိုင်မှာ ပျောက်သွား၍ စေတီကြီးမှာ ပြိုကျပျက်စီးသွားသဖြင့် ကုန်းမြင့်တခုအဖြစ်သာ
တွေ့မြင်နိုင်တော့သည်။ မြတ်စွာဘုရားရှင်သည် တာဝတိ ံသာနတ်ပြည်သို့ မကြွမှီ ဤနေရာ
(သရက်ဖြူကုန်း) ၌ တန်ခိုးပြာဋိယာတို့ကို ပြသတော်မူခဲ့သည်။

တစ်ချိန်သော အခါက ရာဇဂြိုလ်သူဌေးသည် စန္ဒကူးသားကို သပိတ်ပြုလုပ်၍ အတောင် (၆၀)
မြင့်သော တိုင်ထိတ်ပေါ်တွင် ထား၍ ရဟန္တာဖြစ်သူ၊ တန်ခိုးဣဒ္ဓိပတ်ရှိသူသည် ကောင်းကင်
ခရီးဖြင့် ကြွရောက်ကာ ဤ စန္ဒကူးသပိတ်ကို အလှူခံတော်မူပါ၊ အကျွနု်ပ်သည် သား မယားနှင့်
အတူ ကိုးကွယ်ဆည်းကပ်ပါမည်ဟု လှည့်လည်ကြေညာခဲ့သည်။

ထိုအခါ ဘုရားအမည်ခံ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ ပကုဓကစ္စာယန၊ သဥ္စယဗေလဌပုတ္တ၊
အဇိတကေသကမ္မလ၊ နိကဏ္ဍနာပုတ္တ ဟူသော တိတ္ထိဆရာကြီး (၆) ယောက်တို့သည် စန္ဒကူး
သပိတ်ကို ရဖို့ရန်အတွက် အမျိုးမျိုးကြိုးပမ်းခဲ့ကြသည်။ မည်သည့် တန်ခိုးဣဒ္ဓိပတ်မှ မရှိသည့်
အတွက် စန္ဒကူးသပိတ်ကို မရယူနိုင်ကြပဲ အဆုံးတွင် လက်လျော့ခဲ့ရသည်။

အရှင်ပိဏ္ဍောလဘာရဒွါဇ သည် တန်ခိုးတော်ဖြင့်ကြွချီကာ ရာဇဂြိုလ်သူဌေး၏ စန္ဒကူးသပိတ်ကို
အလှူခံတော်မူခဲ့သည်။ သပိတ်အလှူခံပြီး ဝေဠုဝန်ကျောင်းသို့ ပြန်ကြွသွားသောအခါ စန္ဒကူး
သပိတ်ကို တန်ခိုးဖြင့် အလှူခံပုံကို မမြင်လိုက်ရသောလူများက မိမိတို့လည်း ကြည်ညိုလိုကြ
သဖြင့် တန်ခိုးဣဒ္ဓိပါဒ်ပြသပေးပါရန် တောင်းပန်လျှောက်ထားကြရာ အရှင်ပိဏ္ဍောလဘာရဒွါဇ
က တန်းခိုးအမျိုးမျိုးကို ပြသပေးတော်မူခဲ့သည်။ ထိုအကြောင်းအရာကို  မြတ်စွာဘုရားရှင်က
သိသဖြင့် ရဟန်းတော်တို့အား တန်ခိုးဣဒ္ဓိပါဒ်ပြသခွင့်ကို ပိတ်ပင်တော်မူ၍ တန်ခိုးပြသပါက
ဝိနည်းသိက္ခာပုဒ်အရ ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ် ပညတ်တော်မူခဲ့သည်။

တိတ္ထိတို့သည် မြတ်စွာဘုရားရှင်က သာဝကတို့ကို တန်းခိုးပြသခွင်ပိတ်ပင်လိုက်သဖြင့် မိမိ
ကိုယ်တိုင်လည်း တန်ခိုးပြတော့မည်မဟုတ်ဟု ယူဆကြကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်
ကြသည်။ ထို့နောက် ရဟန်းဂေါတမ နှင့် တန်းခိုးပြိုင်မည်ဟု ကြေညာကြလေသည်။
တိတ္ထိတို့၏ ကြေညာမှု့ကို ယုံကြည်ကြသော လူတို့က တိတ္ထိတို့ကို အထင်ကြီးပြီး ရဟန်း
တော်များအား တိတ္ထိတို့နှင့် တန်ခိုးမပြိုင်ဝံ့သယောင် အထင်သေး အမြင်သေးပြောကြား
ကြသည်ကို မြတ်စွာဘုရားရှင်က သိရှိတော်မူပြီးနောက် ကိုယ်တော်တိုင်ပင်လျှင် သာဝတ္ထိ
မြို့ရှိ သရက်ဖြူပင်ရင်း၌ တန်ခိုးပြိုင်မည်ဟု မိန့်တော်မူခဲ့သည်။



************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ)

 အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊