Friday, August 31, 2018

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၀ (သာဝတ္ထိ)

သာဝတ္ထိမြို့(Sravasti) သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်(Uttar-Pradesh) ပြည်နယ်အတွင်း၌
တည်ရှိသည်။ သာဝတ္ထိမြို့ကို ဟိန္ဒိဘာသာဖြင့် "သျှရဗစတီ" (Sharavasti) ဟု ခေါ်သည်။
သာဝတ္ထိမြို့သည် ဗုဒ္ဓမပွင့်ခင် အချိန်ကာလက ဓမ္မပဋတ၊ ဓမ္မပူရိ ဟု အမည်တွင်၍ ဗုဒ္ဓပွင့်ထွန်းပေါ်
ပေါက်လာသော အချိန်တွင် သာဝတ္ထိ (Sravasti)၊ (၁၁) ရာစုတွင် အစဉ်အတိုင်း စမ္ပကပူရီ၊ စန္ဒရိက
ပူရီ၊ ထို့နောက် မဟက်သ်(Maheth) အမည်ဖြစ်လာပေသည်။

မြတ်စွာဘုရားရှင်လက်ထက် (623-543 B.C) သာဝတ္ထိမြို့၌ မဟာကောသလမင်း၊ ပသေနဒီ
ကောသလမင်း၊ ဝိဋဋူဘမင်းနှင့် အဇာတသတ်မင်းတို့ အုပ်ချုပ်ခဲ့သောမြို့ဖြစ်သည်။ သာဝတ္ထိမြို့
ဟူသော အမည်သည် "သဗ္ဗံ ဓနံ အတ္ထီတိ သာဝတ္ထိ၊ သဗ္ဗံ - အလုံးစုံသော၊ ဓနံ - ဥစ္စာသည်၊ အတ္ထိ -
ရှိ၏" ဟူသော စကားအရ ပြည့်စုံချမ်းသာသောမြို့ဟု ဆိုလိုသည်။ ကောသတိုင်းသည် မြတ်စွာဘုရား
လက်ထက်တော်အခါ၌ တိုင်းကြီး ၁၆ တိုင်းတွင် ပါဝင်သည်။ သာဝတ္ထိမြို့သည် ကောသလတိုင်း၏
မြို့တော်ဖြစ်သော်လည်း အရှင်အာနန္ဒာထေရ်မိန့်ဆိုခဲ့သော မဟာနဂရမြို့တော်ကြီး (၇)မြို့တွင်
မပါဝင်ပေ၊ ကောသလတိုင်း၏ အရံမြို့ဖြစ်သော သာကေတမြို့သည် မြို့တော်ကြီးများစားရင်းတွင်
ပါဝင်သည်။

သာကေတမြို့သည် ယခုအခါ အယုဒ္ဓယမြို့(Ayodhya)ဟူသော အမည်ဖြင့် တည်ရှိနေသည်။ သာဝတ္ထိ
နှင့် သာကေတမြို့သည် မိုင်အားဖြင့် (၄၈) မိုင်ကွာဝေးပြီး သာဝတ္ထိ နှင့် ဗာရာဏသီ အသွား အပြန်
လမ်းတွင် တည်ရှိသည်။ အယုဒ္ဓယမြို့ကို ဟိန္ဒူဘာသာဝင်များက သူတို့၏ ကိုးကွယ်ရာ နတ်ဘုရား
ရာမမင်းသား၏ ဖွားရာမြို့ဟု အယူရှိကြ၍ အယုဒ္ဓယမြို့ကို ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်မြတ်ထား
ရာမြို့အဖြစ် သတ်မှတ်ကြသည်။ ဟိန္ဒူဘုရားကျောင်း နှင့် မွတ်စလင်ဘုရားကျောင်း မြေနေရာတစ်ခု
အတွက် နှစ်ကာလကာရှည်စွာ အငြင်းပွါးခဲ့ကြပြီး ၂၀၀၂ ခုနှစ်တွင် ရထားပေါ်မှ မတော်တဆအမှုကို
အကြောင်းပြုကာ အိန္ဒိယသမိုင်းတွင် ဟိန္ဒူ နှင့် မွတ်စလင် လူပေါင်းများစွာ အသတ်ခံရပြီး
အကြီးအကျယ် သွေးချောင်းစီး ဘာသာရေး စစ်ပွဲကြီးဖြစ်ပွါးခဲ့ရာမြို့လည်းဖြစ်သည်။

သာကေတမြို့သည် ဝိသာခါ၏ ဖခင် စနဉ္စယသူဌေးကြီး နှင့် မိခင် သုမနဒေဝီတို့ တည်ဆောက်သော
မြို့ဖြစ်၍ ကျောင်းအမကြီး ဝိသာခါ ၁၆ နှစ်သောအရွယ်၌ နေထိုင်ခဲ့သော မြို့လည်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် သာကေတမြို့ ကာဠကာသူဌေး ဆောက်လုပ်လှူဒါန်းထားသော ကာဠကာ
ရာမကျောင်းတော်၌ ရဟန်းတော်များအား နတ် ဗြဟ္မာတို့နှင့် သက်ဆိုင်သော တရားတော်
"ကာဠကာရာမ" သုတ္တန်ကို ဟောကြားတော်မူခဲ့သည်။

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ဒုတိယမြောက်ဝါကို ရာဇဂြိုဟ်မြို့၌ ဝါဆိုစဉ်အခါ
အနာထပိဏ်သူဌေးသည် သာဝတ္ထိမြို့မှ ရာဇဂြိဟ်မြို့သို့ ကုန်ကူးသန်းရောင်းဝယ်ရန်အတွက်
ရောက်ရှိနေစဉ် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ခဲ့ရသည်။ ယောက်ဖတော် ရာဇဂြိုလ်သူဌေး၏
ပြောပြချက်အရ ဗုဒ္ဓ ဟူသော အသံကိုကြားရပြီးနောက် (၃) ကြိမ်တိတိ မေ့မျောသွားခဲ့သည်။
ထို့နောက် ဘုရားရှင်သီတင်းသုံးတော်မူရာ သီတဝနတောအုပ်သို့ သွားရောက်၍ ဘုရားရှင်အား
ဖူးမြော်အပြီး ဘုရားရှင်ဟောကြားသော တရားတော်ကို နာကြားအပြီးတွင် သောတာပန်
အရိယာ ဖြစ်သွားခဲ့သည်။ သောတာပန်အရိယာဖြစ်ပြီးနောက် ရာသက်ပန်သရဏဂုံတည်သူ
ဥပါသကာအဖြစ် မှတ်ယူပါရန် လျှောက်ထား၍ ဆွမ်းကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘုရားရှင်
ကို သာဝတ္ထိမြို့သို့ ကြွရောက်သီတင်းသုံးတော်မူပါရန် လျှောက်ထားတောင်းပန်ရာ ဘုရားရှင်က
မြတ်စွာဘုရားရှင်တို့မည်သည် ဆိတ်ငြိမ်သော ဌါန၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြောင်း
အမိန့်တော်ရှိရာ အနာထပိဏ်သူဌေးက တပည့်တော် သဘောပေါက်တော်မူပါကြောင်း
လျှောက်ထားခဲ့သည်။

ဇေတဝန်ကျောင်းတော်ကြီး ဖြစ်ပေါ်လာပုံ


ထို့နောက် အနာထပိဏ်သူဌေးသည် ရာဇဂြိုလ်မှ သာဝတ္ထိသို့ အသွားအပြန်ခရီးတွင် တစ်ယူဇနာလျှင် နားနေကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးအတွက် စီစဉ်သွားခဲ့သည်။ သာဝတ္ထိ နှင့် ရာဇဂြိုဟ် သည်
၄၅ -  ယူဇနာဝေးကွာ၏။ (တစ်ယူဇနာလျှင် ၈ မိုင်နုန်းနှင် ညီမျှသည်) သာဝတ္ထိသို့ ပြန်ရောက်ပြီးနောက်
မြတ်စွာဘုရားရှင်တို့နှင့် သင့်လျော်မည့် နေရာဌာနကို ရှာဖွေခဲ့ရာ ဇေတမင်းသား၏ ဥယျာဉ်မြေကို
တွေ့ရှိခဲ့သည်။

ဇေတမင်းသား၏ ဥယျဉ်မြေကို အသပြာဒင်္ဂ ါးများဖြင့် ရှစ်ကရီသ(၈ x ၁၁၄ = ၉၁၂) ပေရှိသော
ဥယျဉ်မြေကို အစွန်းချင်းထိအောင်ခင်းကာ ဝယ်ယူခဲ့ရာ (၁၈) ကုဋေ သန်းပေါင်း(၁၈၀) ကုန်ကျ
ခဲ့သည်။ ထိုမျှအကုန်အကျခံ၍ ဝယ်ယူသော်လည်း အနာထပိဏ်သူဌေး၏ မျက်နှာသည် တစ်ချက်မှ
မပျက်ခဲ့ချေ။ ပို၍ပို၍သာ ကြည်လင်ဝမ်း မြောက်၍ နေလေသည်။ ဇေတမင်းသား၏ နာမည်ကို
အစွဲပြု၍ "ဇေတဝန" ဇေတဝန်ကျောင်း ဟု အမည်တွင်ခဲ့လေသည်။

“ဇေတဝန်ကျောင်းတော်ကြီး၏ မုခ်ဦးကုသိုလ်ရှင်”


 ဇေတမင်းသားသည် အနာထပိဏ်သူဌေးကြီး၏ မျက်နှာကို ကြည့်၍ သူဋ္ဌေးကြီးလုပ်သော
ကောင်းမှုသည် မြင့်မြတ်သောကောင်းမှု ဖြစ်ပေလိမ့်မည်။ တစ်ချက်မျှ မျက်နှာပျက်တာကို
မတွေ့မြင်ရချေ။ ငါလည်း သူဋ္ဌေးကြီး ၏ ကောင်းမှု၌ ပါဝင်သင့်သည်ဟု စဉ်းစားလျှက် မုခ်ဦး
တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိသည့်အခါ၌ (သူဋ္ဌေးကြီး) အဲဒီနေရာကိုဆက်မခင်း
ပါနဲ့တော့၊ အကျွနု်ပ်အားပေးပါ။ အဲဒီနေရာမှာ အကျွန်ုပ်၏ ကောင်းမှု ဖြစ်ပါစေဟု ခွင့်တောင်း
ခဲ့သည်။

           အနာထပိဏ်သူဌေးကြီးသည် ဇေတမင်းသားဟာ ထင်ရှားကျော်ကြားလူသိများသော
လူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ သာသနာတော်၌ကြည်ညိုခြင်းသည် အကျိုး
တရားကြီးမားလှပေသည်ဟု စဉ်းစားပြီး တံခါးမုခ်မြေနေရာကို ဇေတမင်းသားအား ကုသိုလ်ပြုရန်
အတွက် ပေးခဲ့လေသည်။ ဇေတမင်းသား သည် ၎င်းမြေနေရာဝယ် ဘုံခုနှစ်ဆင့်ရှိမုခ်ဦးပြဿဒ်ကြီးကို
တည်ဆောက်လှူဒါန်းခဲ့လေသည်။

အနာထပိဏ်သူဌေးကြီးကား ဥယျာဉ်မြေအရပ်၌ ခုတ်သင့်သောသစ်ပင်များကိုခုတ် အရိပ်ရ
သင့်သောသစ်ပင်များကို ချန်ထား၍ ဘုရားရှင်သီတင်းသုံးရန် ဂန္ဓကုဋိကျောင်းတော်နှင့်တကွ
အရံကျောင်းကြီးများ၊ ကျောင်းများ၏ မုခ်ဦး, ပြဿဒ်များ, သံဃာတော်များညီမူ စည်းဝေးရန်
တန်ဆောင်းဝန်းကြီးများ,မီးတင်းကုတ်များ, ပစ္စည်းများကို အပ်စပ်အောင်သိမ်းဆည်းထားရာ
ကပ္ပိယကုဋိကျောင်းများ, ဝစ္စကုဋိများ(အိမ်သာ), စြင်္က ံ လမ်းများ, စြင်္က ံလမ်းများ၏ အမိုး
တန်ဆောင်းများ, ရေတွင်းများအပေါ်၌ အမိုးအဆောက်အဦများ, ရေချိုးဇရုံး
(ရေချိုးရန်နေရာများ), ချွေးဇရုံး(ချွေးထုတ်ရာနေရာများ) လေးထောင့်ရေကန်များ
မဏ္ဍပ်များတို့ကို သူ့နေရာနှင့် သူ လိုလေသေးမရှိအောင် တည်ဆောက်ခဲ့သည်။
(၁၈) ကုဋေ ကုန်ကျခဲ့သည်ဟု ဆိုသည်။

အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်းတိုက်ကြီးကို ဆောက်လုပ်ပြီးစီးသောအခါ
ကျောင်း အလှူခံရန်အတွက် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ကြီးစွာသော
အခမ်းအနားဖြင့် ကြိုဆိုပင့်ဆောင်ရန် ပသေနဒီကောသလမင်းကြီးအား အသိပေး
လျှောက်ထား သံတော်ဦးတင်၍ ကြိုဆိုပင့်ဆောင် ပူဇော်ခဲ့သည်။

ပသေနဒီကောသလမင်းကြီးက သမီးတော်သုမနာကို အခြွေအရံမင်းသမီးငါးရာနှင့်တကွ
နံ့သာ ပန်းမာလ် စသည်များကို ကိုင်ဆောင်စေလျက် ကြိုဆိုပူဇော်စေခဲ့သည်။ မြတ်စွာ
ဘုရားရှင် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူမည့်နေ့ လမ်းခရီးအကြားမှာပင်
သုမနာမင်းသမီးနှင့်တကွ အခြံအရံမင်းသမီးငါးရာ အမျိုးသမီးကြီးငါးရာ သတိုးသမီးငါးရာ
ဥပါသကာအမျိုးသားငါးရာ စုစုပေါင်းနှစ်ထောင်တို့သည် တရားတော် များကိုနာကြား၍
သောတာပန်အရိယာ ဖြစ်သွားခဲ့ကြသည်ဟု ကျမ်းဂန်တို့၌ဆိုသည်။

အနာထပိဏ်သူဌေးကြီးသည် ကျောင်းရေစက်ချအောင်ပွဲ သဘင်ကြီးကို (၁၈) ကုဋေကုန် စွန့်လွှတ်
လှူဒါန်းကာ ကိုးလတိတိကျင်းပပူဇော်ခဲ့လေသည်။ အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်း
တော်နှင့် စပ်၍ စုစုပေါင်း (၅၄) ကုဋေ အကုန်အကျခံကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားရှင်သည် အနာထပိဏ်သူဌေး လှူဒါန်းသော ဇေတဝန်ကျောင်း နှင့် ဝိသာခါ လှူဒါန်းသော
ပုဗ္ဗာရုံကျောင်းတွင် တလှည့်စီ သီတင်းသုံး၍ သာဝတ္ထိမြို့၌ ၂၅ ဝါ ဝါဆိုတော်မူခဲ့သည်။ ထို့ကြောင့်
ပိဋကတ်စာပေတို့တွင် တရားတော်များ သုတ္တန်များ အများစုသည် ဤသာဝတ္ထိမြို့တွင် ဟောကြားခဲ့
သည်ကို တွေ့မြင်နိုင်မည် ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိမြို့၌ ဝါဆိုတော်မူစဉ် နေ့စဉ်
သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွလေ့ရှိသည်။ အကယ်၍ အရှေ့တံခါးမှ ထွက်လျှင် ပုဗ္ဗာရုံကျောင်းသို့
ကြွသွားတော်မူသည်။ အကယ်၍ တောင်တံခါးမှထွက်လျှင် ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်
မူသည်။ အကယ်၍ မြောက်တံခါမှထွက်လျှင် အခြားတစ်နေရာသို့ ခရီးကြွချီသွားပြီဟု မြို့သူ မြို့သား
များ သိရှိကြပေသည်။

“ယနေ့ တွေ့မြင်ရသော ဇေတဝန်ကျောင်းတော်ရာ”


ဘုရားရှင်လက်ထက်က ခမ်းနာကြီးကျယ်စွာ ဆောက်လုပ်ခဲ့သော ဇေတဝန်ကျောင်းတော် ကြီးကား
သမိုင်းမှတ်တမ်းများအရ ဆီမီးတိုင်၊ အမွှေးတိုင်များကို ပူဇော်ကြရာ ကြွက်များ ချီ၍ လောင်ကျွမ်းသော
မီးဘေး၊ ထို့နောက် ဘာသာခြားတို့၏ ဖျက်ဆီးမှုဘေး၊ သဘာဝဘေးအမျိုးမျိုးတို့ကြောင့် ပျက်စီး၍
သွားခဲ့သည်ဟု ဆိုသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး နှစ်ပေါင်း (၂၅၀) တွင် သိရီဓမ္မာသောက
မင်းကြီးက ကျောင်းဆောင်များကို ပြန်လည်ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။ ထိုကျောင်းဆောင်များ
ပျက်စီးသွားသောအခါ အေဒီ (၅) ရာစု၊ ၆၊ ၉၊ ၁၂၊ ၁၅ ရာစုအလိုက် (၅) ကြိမ် ပြန်လည်ဆောက်လုပ်
ခဲ့ရာ ယနေ့တွေ့မြင်ရာသော ကျောင်းဆောင်နေရာများသည် ၁၅ ရာစုတွင် ဆောက်လုပ်ခဲ့သော
ကျောင်းနေရာများ ဖြစ်သည်ဟု ဆိုသည်။ ၁၉ ရာစုတွင် ဗြိတိသျှအစိုးရက တူးဖော်၍ ရှေးဟောင်း
အဆောက်အဦများကို နံပါတ်ရေးထိုးကာ မှတ်တမ်းပြုစုထားခဲ့ကြသည်။ သာသနာနှစ် နှစ်ထောင့်
ငါးရာပြည့် (အေဒီ ၁၉၅၆ ခုနှစ်) မှစ၍ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ သာဝတ္ထိမြို့အတွင်း
နှင့် ဇေတဝန်ကျောင်းနေရာထဲတွင် နေထိုင်ကြသော ဟိန္ဒူ မွတ်စလင် ဘုန်းကြီးများ၊ လူများ၊ ထိုသူ
တို့၏ အဆောက်အဦများကို ဖယ်ရှားကာ ဗြိတိသျှခေတ် တူးဖော်တွေ့ရှိသည့်အတိုင်း ပြန်လည်
ပြုပြင်ကာ ထိန်းသိမ်းပြသထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။

“အဝိဇဟိတ လေးဌာန”


ဇေတဝန်ကျောင်းတော်ကြီး၌ ဘုရားရှင်သီတင်းသုံးသည့် ဂန္ဓကုဋိတိုက် ကုဋင်ညောင်စောင်းတည်
နေရာသည် အဝိဇဟိတ(ဘုရားရှင်တိုင်း မစွန့်လွှတ်အမြဲသုံးသည့်) လေးဌာနတွင် တစ်ဌာန
အဖြစ်ပါဝင်၏။ အဝိဇဟိတလေးဌာန ဟူသည် - “သိ, ဟော, မြဲနေ, ဆင်းနတ်ပြည်(ပြေ),
လေးထွေအဝိဇဟတ” ဟူသည်နှင့် အညီ--------------

၁။ ဘုရားဖြစ်တော်မူရာ မဟာဗောဓိညောင်ပင်ရင်း အပရာဇိတပလ္လင်ဌာန၊
၂။ တရားဦးဟောရာဌာန မိဂဒါဝုန်
၃။ အမြဲသီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက် ကုဋင်ညောင်စောင်းနေရာ၊
၄။ အဘိဓမ္မာတရား ဟောကြားပြီး၍ တာဝတိ ံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းကြွတော်မူရာ
    သင်္ကဿနဂိုရ်ပြည်တို့ ဖြစ်ကြသည်။



တရားဟောကြားရာ ပလ္လင်


ဘုရားရှင်လက်ထက်က ဇေတဝန်ကျောင်းတိုက်ကြီးအတွင်း၌ တစ်သိန်းအကုန်အကျခံ၍
ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဆောင် (၄) ဆောင်ရှိခဲ့သည်ဟု ဆိုသည်။ ဂန္ဓကုဋိ၊
ကရေရိကုဋိ၊ ကောသမ္ဗကုဋိ၊ သလဠာဂါရကျောင်းဆောင်တို့ ဖြစ်ကြသည်။ ဂန္ဓကုဋိ၊ ကရေရိ
ကုဋိ၊ ကောသမ္ဗကုဋိ ကျောင်းဆောင် (၃) ဆောင်တို့မှာ အနာထပိဏ်သူဌေးကြီး၏ ကောင်းမှု
ဖြစ်ပြီး သလဠာဂါရ(ထင်းရှူးသားဖြင့် ဆောက်လုပ်သောကျောင်းဆောင်)မှာ ပသေနဒီကောသလ
မင်းကြီး၏ ကောင်းမှုဖြစ်သည်။

ဘုရားရှင် အမြဲသီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက် ညောင်စောင်းနေရာနှင့် ကရေရိကုဋီ
(ခံတက်ပင်) ကျောင်းဆောင်အနီးတွင် တရားဟောကြားရာ အုပ်ပလ္လင်ကို မြင်တွေ့နိုင်သည်။
ဘုရားရှင်သည် နေ့စဉ် ညနေချိန် လူများ၊ ညဉ့်ဦးအချိန် ရဟန်းများကို တရားဟောကြားရာ
ပလ္လင်နေရာဖြစ်သည်ဟု ဆိုသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္ဈိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

 အရှင်ဝရသာမိ
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊