Thursday, October 8, 2009

မြတ်ဗုဒ္ဓ၏ တရားဥိး

မြတ်ဗုဒ္ဓ၏ တရားဥိး
(The First Discourse of The Buddha)

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဉာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တဝါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ဝန်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တဝါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ဝန်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဉာဏဒဿန နှင့် စေတောဝိမုတ္တိ= ဉာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဉာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး 
ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဝါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။


တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

အရှင်ဝရသာမိ
https://shinsami.blogspot.com

1 comment:

  1. Good article for pioneer studiers of Our Buddha's literature!
    I also very interest and practice Dhammcakka Sutta as long as my life.

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊