ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကာလက.....
၁။ ပူရဏကဿပ
၂။ မက္ခလိဂေါသာလ
၃။ အဇိတကေသကမ္ဗလ
၄။ ပကုဓကစ္စာယန
၅။ နိဂဏ္ဌ နာဋပုတ္တ
၆။ သဉ္စယဗေလဋ္ဌပုတ္တ (သိဉ္စည်း) ဟူသော တိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦး ပေါ်ထွန်းခဲ့ဘူး၏။
ထို တိတ္ထိဆရာကြီး ခြောက်ဦး တွင် ပူရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီးသည် အကြောင်းပယ်သော
အကိရိယဒိဋ္ဌိခေါ် အယူရှိသူ ဖြစ်၏။ သတ်ခြင်း၊ ခိုးခြင်းစသော မကောင်းမှုများကို ပြုသော်လည်း ပြုရာမရောက်၊
လှူဒါန်းပေးကမ်းခြင်း၊ သီလစောင့်ခြင်းစသော ကောင်းမှုများလုပ်သော်လည်း ကုသိုလ်မဖြစ်၊
ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးပြစ်ဟူ၍ မရှိ၊ အတ္တကို အကျိုး မသက်ရောက်စေနိုင်၊
လူသေလျှင် ခန္ဓာကိုယ်မှ ဓာတ်များအားလုံး ဆိုင်ရာ မူလဓာတ်နှင့် ပူးပေါင်းသွားကြသည်။
ခန္ဓာကိုယ်ရော စိတ်ဝိညာဏ်ပါ ဘာတစ်ခုမှ ကြွင်းကျန် မနေရစ်ပြီဟု ဟောပြောကာ
ဝါဒထောင်၍ ဘုရားရှင်နှင့်ပင် ဝါဒခြင်း ပြိုင်ခဲ့ဘူး၏။
မိုးပြာဦးဉာဏ၏ ဝါဒသည် ပူရာဏကဿတိတ္ထိဂိုဏ်းဆရာကြီး၏ ဝါဒ နှင့် ဆင်တူလှ၏။ ကွဲလွဲသည်မှာကား
ပူရာဏကဿပသည် သူ၏အတွေးအခေါ်တို့ဖြင့် ကိုယ်ပိုင်ဝါဒ ထူထောင်ခဲ့သူ ဖြစ်သည်။ သူ၏ ဝါဒကြောင့်
ဗုဒ္ဓသာသနာအား မဖျက်စီးနိုင်ခဲ့၊ မိုးပြာ ဦးဉာဏ သည်ကား သူ၏ နောက်လိုက် နောက်ပါတို့အား
သတ်နည်းအမျိုးမျိုး၊ ခိုးနည်းအမျိုးမျိုး၊ လိမ်ညာနည်းအမျိုးမျိုးတို့ကို သင်ကြားပြသလျှက် ဗုဒ္ဓဘာသာ
အမည်ခံကာ သာသနာကို ခုတုံးလုပ်၍ အတွင်းမှ လှိုက်၍ ဖျက်ဆီးသည်။
သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း
ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မည်၍ မည်မျှ အန္တရာယ်ကြီးမားကြောင်း ဗုဒ္ဓဘာသာဝင်များ
သိထားသင့်ပါ၏။ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့ဘူးသော အဓမ္မဒီတို့တွင် မိုးပြာဂိုဏ်းသည်
အင်အားအကြီးဆုံး အဓမ္မဝါဒီဂိုဏ်းကြီး တခု ဖြစ်ပါသည်။
ထိုကဲ့သို့သော ဝါဒဆိုးများ သာသနာအတွင်း၌ မပြန့်ပွါးစေရန်အတွက်မှာ
တဦးတစ်ယောက်ထဲ၏ တာဝန်မဟုတ် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိ၏။
"ဘုရားအလိုတော်နှင့် ဆန့်ကျင်တာကို ဟောပြောနေတာ ကြားရရင်
ဘုရားတပည့်တိုင်းဟာ ဘုရားဘက်က နေဖို့ အရေးကြီးတယ် " ဟူသော
မဟာစည် ဆရာတော်ဘုရား၏ ဆုံးမသြဝါဒနှင့်အညီ ဘုရားတပည့်များ ဖြစ်ကြကုန်သော
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့မှ ဘုရားဘက်က နေ၍ အဓမ္မဒဝါဒများ ပြန်ပွါး
မလာအောင် နီးစပ်ရာနေရာဒေသတိုင်းတွင် ဖြန့်ေ၀ အသိပေးကြဖို့ အထူးတိုက်တွန်းလိုပါ၏။
*****************************************************
''ပါဏာတိပါတအရ မသတ်ရဘူးဆိုတာ လူအသက်ဘဲ ဟောတာဖြစ်တယ် "
ဦးဉာဏက -
'' ဘုရားရဲ့ သမာတဲ့အပြုအမူထဲက အသက်ရှောင်မှုဆိုတာ
လူအသက်သတ်တာရှောင်မှုလို့ အဓိပ္ပါယ် ထင်ရှား တယ်။ ''
'' ဘုရားဟောတဲ့အသက်သတ်ရဲ့ အနက်ဟာ ရောဟိတသကို ဟောချက် လူမှုစက်ဆံရေးနယ်ပယ်
ဟောချက် ဒီအချက်တွေကြောင့် လူ့အသက်ဘဲ ဟောတာဖြစ်တယ် လူကတခြားဖြစ်သူတွေရဲ့
အသက်မဟုတ်ပါဘူး''
( ဦးဉာဏ၏ ဘုရား၊ စာ-၁၃ဝ )
''ဒါနဲ့စပ်လို့ တွေးစရာရှိပါတယ်။ ဘုရားဟော ဒီလိုမဟုတ်ဘူး ထင်တယ်လို့ပါဘဲ။ လူသိများတာက
ဘုရားဟာ သတ်မှုကရှောင်ရမယ် အသက်ကိုအားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ် ဒီလို
သိမှား တာကတော့ ဟိန္ဒူနဲ့ နွယ်ပြီး သိမိလို့ပါဘဲ။ ဟိန္ဒူက မသတ်ရတဲ့အဟာ အားလုံးရဲ့အသက်ပါဘဲ။
သစ်ပင်လောက်ဘဲ ကျန်ပါတယ်။ (ဘုရား၊ စာ-၁၃၁ )
''ဒါတွေကြောင့် ဘုရားရဲ့ မသတ်ရမယ့်အချက်ရဲ့ အနက်ဟာ လူ့အသက်ပဲ ဖြစ်တယ်။
အခြားအကောင် ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။''
( ဘုရား၊စာ-၁၃၅ )
''ဒါကြောင့် ဒီကနေ့ ဗုဒ္ဓဘာသာတွေ အသားစားရှောင်မှုဟာ ဘုရားနဲ့ အလားလားမျှ မဆိုင်ဘူး။
ဘုရားက အသားစားတာကို ခွင့်ပြုခဲ့တယ် ဒါကိုထောက်ရင် ရှောင်ရှားမယ့်အသက်ဟာ
အသက်အားလုံးမဟုတ်ဘူးလို့ ပေါ်လွင် တယ်။ စားတာဟာ သတ်တာမဟုတ်ပေမယ့်
သတ်တာကိုသွယ်ဝိုက်အားပေးတာပဲ။ မသတ်သင့်ဘူးဆိုရင် မစားသင့် ဘူးလို့ ပညတ်တန်ရာတယ်။
မပညတ်တာကို ထောက်ရင် မသတ်ရမယ့် အသက်ဟာ အားလုံးမဟုတ်လို့ဘဲ။
အဲဒီအချက်တွေအရ ဘုရားရဲ့သတ်မှုက ရှောင်ကြဉ်ရမယ့်အသက်ဟာ လူအသက်ပဲဆိုတာ ထင်ရှား တယ်''
( ဘုရား၊ စာ-၁၃၉ )
''ဒါကြောင့် ဓမ္မမှာ ဘုရားရဲ့ မသတ်ကောင်းတဲ့အသက် ဟောချက်ဟာလူ့အသက်ဖြစ်တယ်။
ဒါကြောင့် ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ဘူးဆိုတဲ့အသက်ဟာ လူ့အသက်ပဲဖြစ်တယ်။
အခြားအကောင်ပလောင်တွေရဲ့ အသက်တွေ အကျုံးမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့
အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုတာဖြစ်တယ်။ မပြောပလောက်တဲ့ အမှုပေါ့။
သို့မဟုတ် အမှုမမြောက်တဲ့ အမှုဖြစ်တယ်။
( ဘုရား၊ စာ-၁၄၂ )
''ဘုရားဟာ ဂရုဓမ္မသီလမှာပါတဲ့ အသက်သတ်ရှောင်ရှားမှုအဓိပ္ပါယ်ကို အလွန်အချက်ကျကျ
ဟောပြောသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟောပြောချက်ဟာ လူလက်လှမ်းမီပါတယ်။ လူမလိုက်နိုင်အောင်
မကျယ်ဝန်းပါဘူး၊ ပိုးသတ်ဆေး၊ သားစား တိရစ္ဆာန် ဒါတွေဟာလူနဲ့ မကင်းတာတွေဘဲ ဒါတွေကို
လူရှောင်ရှားရမယ်ဆိုရင် လူကဏ္ဍဟာ ကျဉ်းမြောင်းလိမ့်မယ်။ ဒါကြောင့် ဒါတွေဟာ
လူလက်လှမ်းမမှီတာတွေဘဲ။ ''
( ဘုရား၊ စာ- ၁၄၂/ ၁၄၃ )
ဦးဉာဏ၏ အထက်ပါဟောပြောချက်သည် ပါဏာတိပါတအရ မသတ်ရဟူသည်
လူ့အသက်ပင်ဖြစ် ကြောင်း ပြောဆိုထားသော ဟောပြောချက်ဖြစ်နေပါသည်၊
*********************************************
ထေရဝါဒပိဋကတ်ကျမ်းစာတို့၌ ပါဏာတိပါတအရ မသတ်ရ ဟူသည်
လူသာမက ပိုးရွ၊ ခြပုံးစသော
သက်ရှိသတ္တဝါအားလုံးကို ဟောထားပါသည်။
ထေရဝါဒ ပိဋကတ်ကျမ်းစာတို့၌
ပါဏာတိပါတဟူသော ပုဒ်ကို -
'' ပါဏဿ အတိပါတော ပါဏာတိပါတော၊ ပါဏဝဓော ပါဏဃာတောတိ ဝုတ္တံ ဟောတိ။
ပါဏောတိ စေတ္ထ ဝေါဟာရတော သတ္တော၊ ပရမတ္ထတော ဇီဝိတိန္ဒြိယံ။
( သံ၊ ဌ၊၂၊၁၃၃။ မ၊ ဌ၊ ၁၊၂ဝ၁။
ပဋိသံ၊ ဌ၊ ၁၊၂ဝ၃။)
သတ္တဝါ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းကြောင့် ပါဏာတိပါတဟုခေါ်၏။
ပါဏဟူသည် ဝေါဟာရပညတ်အား ဖြင့် သတ္တဝါကို ရ၏။ ပရမတ်အားဖြင့် ရုပ်ဇီဝိတ၊
နာမ်ဇီဝိတနှစ်ပါးကို ရ၏။ '' ဟု ဖွင့်ဆိုကြ၏။
ဣတိဝုတ်အဌကထာ (၂၁၇)၌လည်း
'' ပါဏောတိ စေတ္ထ ခန္ဓသန္တာနော၊ ယော သတ္တောတိ ဝေါဟရီယတိ၊
ပရမတ္ထတော ရူပါရူပဇီဝိတိန္ဒြိယံ။
ဤနေရာ၌ ပါဏဆိုတာ ခန္ဓာအစဉ်ဖြစ်၏။ ပညတ်အားဖြင့် သတ္တဝါကိုရ၏။
ပရမတ်အားဖြင့် ရုပ်ဇီဝိတ နာမ်ဇီဝိတကိုရ၏။ '' ဟု ဖွင့်ဆို၏။
ခုဒ္ဒကပါဌ၊ အဋ္ဌကထာ (၁၆) ၌လည်း -
'' ပါဏာတိပါတောတိ ဧတ္ထ တာဝ ပါဏောတိ ဇီဝိတိန္ဒြိယပ္ပဋိဗဒ္ဓါ။
ခန္ဓသန္တတိ၊ တံဝါ ဥပါဒါယ ပညတ္တော သတ္တော။
ပါဏာတိပါတဟူသော ဤပုဒ်၌ ပါဏအရ ဇီဝိတိန္ဒြေနှင့်စပ်သော ခန္ဓာအစဉ်သတ္တဝါ ပညတ်ရ၏။'' ဟု
ဖွင့်ဆိုထားပါသည်။
သို့အတွက်ကြောင့် ပါဏာတိပါတအရ သူတစ်ပါးအသက် မသတ်ရဟု ဆိုရာ၌
လူ၏အသက်သာမက၊ အသက်ရှိ သတ္တဝါများဖြစ်ကြသော ပိုးရွ ချပုန်း, ကြမ်းပိုး, သန်းဥ, ခရု,
ယောက်သွား,ကွဲျ, နွား တိရစ္ဆာန်စသည်တို့၏ အသက်ကိုလည်း မသတ်ရ ဟု မှတ်ယူရပါမည်။
သတ်လျှင် ပါဏာတိပါတဖြစ်ပါသည်။
ပါဏအရ လူကိုသာမက ကွဲျ , နွား စသော တိရစ္ဆာန်တို့ကိုလည်း ပါဏဟုခေါ်ကြောင်း
သံယုတ်အဋ္ဌကထာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ အဖွင့်တို့ကို
ကြည့်သောအားဖြင့် ပို၍ပင် ထင်ရှားနိုင်ပါသည်။
၎င်းအဋ္ဌကထာတို့၌ -
'' သော ဂုဏဝိရဟိတေသု တိရစ္ဆာနဂတာဒီသု ပါဏေသု ခုဒ္ဒကေ ပါဏေ အပ္ပသာဝဇ္ဇော၊
မဟာသရီရေ မဟာသာဝဇ္ဇော။ ကသ္မာ? ပယောဂ မဟန္တတာယ ၊ ပယောဂ သမတ္တေပိ ဝတ္ထု မဟန္တတာယ။
ဂုဏဝန္တေသု မနုဿာဒီသု အပ္ပဂုဏေ အပ္ပသာဝဇ္ဇော၊ မဟာဂုဏေ မဟာသာဝဇ္ဇော '' ဟု
တိရစ္ဆာန်ကိုလည်း ပါဏ။
လူကိုလည်း ပါဏဟု ဆိုထား၏။
( သံ၊ ဋ္ဌ၊၂၊ ၁၃၃။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၁။ ပဋိသံ၊ ဋ္ဌ၊၁၊ ၂ဝ၃)
ပါစိတျာဒိအဋ္ဌကထာ စာမျက်နှာ (၁၃၃)၌ -
'' ဣမသ္မိဉ္စ သိက္ခာပဒေ တိရစ္ဆာနဂတောယေဝ ပါဏောတိ ဝေဒိတဗ္ဗော '' ဟု ဖွင့်ဆိုသကဲ့သို့
ကင်္ခါဝိတရဏီအဋ္ဌကထာ စာမျက်နှာ (၂၄၅) ၌လည်း -
'' ပါဏောတိ တိရစ္ဆာနဂတ ပါဏော အဓိပ္ပေတော။ '' ဟု ဖွင့်ဆိုထားပါသည်။
မသတ်ရဟုဆိုရာ၌ လူသာမက တိရစ္ဆာန်ကိုလည်း မသတ်ရဟု မှတ်ယူရပါသည်။
ပါဏာတိပါတကံ၌ -
၁။ သတ္တဝါလည်းဖြစ်ခြင်း၊
၂။ သတ္တဝါဟူသော အမှတ်ရှိခြင်း၊
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၄။ လုံးလလည်း ရှိခြင်း၊
၅။ သေလည်း သေခြင်း ဟူသော အင်္ဂါ (၅)ပါးညီလျှင် ပါဏာတိပါတကံ မြောက်ပါတော့သည်။
(ခုဒ္ဒကပါဌ၊ ဌ၊ ၂၂။ သံ၊ ဌ၊၂၊ ၁၃၄)
********************************************************
''သတ်သူနှင့်စားသူ အပြစ် အတူတူ''
ဦးဉာဏ - က
'' တန်ဘိုးကြီးကြီးပေးပြီး ရယူခဲ့ရတဲ့ အချက်တွေထဲမှာ အသားစားရှောင်ကြင်မှု မပညတ်တာပါတယ်။
ဘုရား ဟာ အသားစားမှုနဲ့စပ်ပြီး အမှတ်သမယ့်ရပ်တည်ခဲ့တာမဟုတ်ပါဘူး။ ဒါကို ဒီအချက်တွေက
သက်သေခံတယ်။ ဒီလိုဖြစ်ပေမယ့် ဗုဒ္ဓဘာသာတွေဟာ ဘုရားကအသက်အားလုံး မသတ်ရဘူးလို့
ပညတ်တယ် ယူကြတယ်။ ဒီတော့ လူတွေဟာ တွေးကြတယ်။ မသတ်ကောင်းရင်တော့
စားဖို့လည်းမကောင်းလောက်ဘူး။ စားတာဟာ သတ်တာကို အားပေးတယ်။ စားသူရှိလို့သတ်သူရှိတာ၊
စားသူမရှိရင် သတ်သူလည်းမရှိဘူး။ သတ်သူဟာ စားသူကြောင့်သတ်တာ သတ်သူမှာအပြစ်ရှိရင်
စားသူလည်းအပြစ်ရှိတယ်။ စားသူဟာ သတ်ရတဲ့အပြစ် တစ်ဝက်ရသူဖြစ်မယ်။ ဒါဟာ သဘာဝပဲ။ ဒီအပြင်
လွဲဖယ်တွေးစရာမရှိဘူး။''ဟု ဟောပြောရေးသားထားပါသည်။
( ဦးဉာဏ၏ ဘုရား၊ စာ- ၁၃၇ )
*********************************************************
ဦးဉာဏ၏ -
'' သတ်သူနှင့်စားသူ အပြစ် အတူတူပဲ ''ဟူသောဟောပြောချက်ကို
ပိဋကတ်စာပေတို့နှင့် ကိုက်ညီမှုရှိ၊မရှိ တိုက်ဆိုင် နိုင်းယှဉ်ကြည့်သောအခါ -
ပါဏာတိပါတကံမြောက်ရာ၌ -
၁။ အသက်ရှိသတ္တဝါလည်းဖြစ်ခြင်း၊
၂။ သတ္တဝါဟူသော အမှတ်လည်းရှိခြင်း၊
၃။ သေစေလိုသော စိတ်လည်းရှိခြင်း၊
၄။ သတ်အံ့သော လုံးလပယောဂလည်း ရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေလည်း သေခြင်း ဟူသော အင်္ဂါ (၅)ပါးပြည့်စုံလျှင် ပါဏာတိပါတကံ
ထိုက်၏။ ထို့ကြောင့် လူကိုပဲဖြစ်စေ၊ ခွေး၊ ကြောင်၊ ကြက်၊ ငှက်စသည့်တိရစ္ဆာန်ကိုဖြစ်စေ
သတ်လိုသောစေတနာနှင့် သတ်ပါက ပါဏာတိပါတအကုသိုလ်ကံထိုက်ပါသည်။
(ခုဒ္ဒကပါဌ၊ ဌ၊၂၂။ သံ၊ ဌ၊၂၊ ၁၃၄)
သူတပါးအသက်ကို ကိုယ်တိုင်မသတ်သော်လည်း -
၁။ ပရဉ္စ ပါဏာတိပါတေ သမာဒပေတိ။
သူတစ်ပါးကို ပြုလုပ်စေသောကံ။
( တစ်ပါးသူကို သတ်ရန် စေခိုင်းတိုက်တွန်းသည့်ကံ )
၂။ ပါဏာတိပါတေစ သမနုညော ဟောတိ။
သူတစ်ပါးတို့ အလိုအလျောက် သတ်နေသည်ကို နှစ်သက်သဘောတူသောကံ။
၃။ ပါဏာတိပါတဿစ ဝဏ္ဏံ ဘာသတိ။
ပါဏာတိပါတနှင့်စပ်၍ ရနိုင်သော လောကီအကျိုးစီးပွါးတို့ကို ချီးမွမ်းပြောဆိုသောကံ ဟူသော
ဤသုံးပါး သော ကံတို့တွင် တစ်ခုခုသော ဒုစရိုက်ကံကို ပြုလုပ်မိပါက ပါဏာတိပါတကံထိုက်ပါသည်။
( အံ၊ ၁၊ ၅၇၆ )
ဦးဉာဏ၏ 'စားသူနှင့် သတ်သူ အပြစ် အတူတူပဲ'ဟူသော စကား၌
စားသုံးသူသည် ဈေးမှ သတ်ပြီးသား၊ သေပြီးသား၊ ပံ့သုကူအသားကို ဝယ်ယူစားသုံးခြင်းဖြစ်သဖြင့်
သတ်ရန်စေခိုင်းတိုက်တွန်းသူလည်း မဟုတ်၊ သတ်နေ သည်ကို နှစ်သက်သဘောတူ ကျေနပ်
အားရသူလည်း မဟုတ်၊ သတ်ရန်ချီးမွမ်းစကား ပြောကြား နေသူလည်း မဟုတ်ပေ။
ထို့ကြောင့် စားသူနှင့် သတ်သူသည် အပြစ်မတူပေ။
စားသူ၌ အပြစ်လုံးဝ မရှိပေ။'
စားသုံးသူ၊ သတ်ဖြတ်သူ အပြစ် အတူတူပဲ 'ဟု အယူရှိလျှင်
၎င်းအယူဝါဒသည် နိဂဏ္ဌ ၏ အယူဝါဒသာဖြစ်ပါသည်။
( မ၊ ဌ၊ ၂၊ ၃၂ )
ဗာလောဝါဒကဇာတ်၌
'' သား၊ မယားကိုသတ်၍ အလှူကို လှူစေကာမူ ပညာရှိပုဂ္ဂိုလ်သည် ထိုဆွမ်းကို စားသော်လည်း
မကောင်း မဖြစ်။( ပါဏာတိပါတကံ မထိုက် )''ဟု မိန့်ဆိုထား၏။
( ဇာတက၊ ဋ္ဌ၊ ၂၊ ၃၉၂ )
မြတ်စွာဘုရားသည် မဇ္ဈိမပဏ္ဏာသ၊ ဇီဝကသုတ်၌ -
''တဿ ပရိဘောဂေါ အရညေ ဇာတသူပေယျသာကပရိဘောဂသဒိသော ဟောတိ။
တထာရူပံ ပရိဘုဉ္ဇာန္တဿ မေတ္တာဝိဟာရိဿ ဘိက္ခုနော ဒေါသောဝါ ဝဇ္ဇံဝါ နတ္ထိ။
တသ္မာ တံ ပရိဘုဉ္ဇိဉာတဗ္ဗန္တိ ဝဒါမီတိ အတ္ထော။ ( မ၊ ဋ္ဌ၊ ၂၊ ၃၄ )
မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို
သုံးဆောင်ခြင်းသည် တော၌ဖြစ်သည့် ဟင်းရွက်ကို သုံးဆောင်ခြင်းနှင့်တူ၏။
အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို ဘုဉ်းပေးသုံး ဆောင်သည့် ရဟန်းသည်
မေတ္တာစိတ်ဖြင့်နေပါက အပြစ်လည်း မရှိ။
အပြစ်တင်စရာလည်း မရှိပေ။
ထို့ကြောင့် အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို
သုံးဆောင်အပ်တယ်လို့ ငါဘုရားဟောကြားတော်မူ၏ ''ဟု မိန့်ဆိုထား၏။
ထို့ကြောင့် ရဟန်းသာမဏေတို့သည်
လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊
ကျားသား၊ ကျားသစ်သား၊ ဝံသား၊ အောင်းသားဟူသော အသားကြီး (၁ဝ)မျိုးမှတပါး
မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း မရှိသည့် ငါး၊ အမဲစသည့် အသားများ စားသုံးကောင်း၏။
စားသုံးလျှင် အပြစ်မရှိပေ။
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊