စေတီတော်တို့ကို ရှိခိုးပူဇော်ခဲ့၍ ကောင်းကျိုးချမ်းသာရရှိသော
သာဓကအချို့ကို ထုတ်ပြလိုပါသေးသည်။
အကျွနု်ပ်သည် ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို
ပေးလှူခဲ့ဖူးပါ ၏။ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်
နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက် ဖွယ်ကိုရ၏။
( ဝိမာန၊ ၄၂ )
ပရိနိဗ္ဗာန် စံဝင်တော်မူပြီးဖြစ်သော သုမေဓာမြတ်စွာဘုရား၏ စေတီတော်ကို ရှိခိုးပူဇော်ကာ
စိတ်ကြည်လင် စေခဲ့ သောကြောင့်လည်းကောင်း၊ သူတစ်ပါးတို့ကိုလည်း စေတီတော်အား
ပူဇော်ဖို့တိုက်တွန်းခဲ့သောကြောင့် လည်းကောင်း ထိုကုသိုလ်ကောင်းမှုကြောင့် နတ်သားဖြစ်ကာ နတ်တို့၏
စည်းစိမ်ချမ်းသာကို ခံစားရ၏။
( ဝိမာန၊ ၁၁၂ )
ကဿပဘုရား၏ ပုထိုးစေတီ၌ မကောင်းသဖြင့် တင်ထားသော ပန်းများကို
ကောင်းစွာပြုပြင်တင်ထားခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ပတ္တမြားတိုင် ဗိမာန်နှင့်
ကြောင်မျက်ရွဲတိုင်ပြာသာဒ်ခုနှစ်ရာတို့၌ နတ်တူရိယာ စုံလင်စွာဖြင့် ချမ်းသာစွာခံစားရသော
တန်ခိုးကြီးမားသည့် နတ်သားဖြစ်ရ၏။
( ဝိမာန၊ ၁၂၄ )
ဧကဒီပိယတ္ထေရဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်ရှူးဗောဓိပင်တွင်
ဆီမီး တစ်ထောင်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝတိုင်း အပါယ်မလားရဘဲ
ကမ္ဘာ (၁၆ဝဝ)အထက်၌ စန္ဒာဘစကြာဝတေးမင်းဖြစ်ခဲ့ရ၏။
( အပ၊ ၁၊ ၂၁ဝ။ အပ၊ ဋ္ဌ၊ ၂၊ ၁၈၂ )
ပုလိနထူပိယမထေရ်လောင်းလျာသည် နာရဒအမည်ရှိသော ရသေ့ဖြစ်စဉ်က
ပွင့်တော်မူပြီးကြသော ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ရွှေချကာ ပန်း၊
ရေချမ်းတို့ဖြင့် ပူဇော်ခဲ့သော ကောင်းမှု ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ပြီး
ဖြစ်လေရာဘဝတိုင်း၌ မြူမှုံမကပ် ချွေးမထွက်ဘဲ ရွှေရောင် တောက်ကာ လှပ၍
ကောင်းကျိုးချမ်းသာများ ခံစားရ၏။
( အပ၊ ၂၊ ၇၉ )
မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား -
''ချစ်သား အာနန္ဒာ၊ သင်ချစ်သားတို့၏ စိတ်သန္တာန်မှာ တရားစကားတော်သည် ဟောကြားသော
ဆရာ ဘုရားမှ ကင်းကွာခဲ့လေပြီ၊ ငါတို့၏ ဆရာဘုရားသည် မရှိတော့ပြီ 'ဟု ဤသို့သော ထင်မှတ်မှု
အားငယ်မှု ဖြစ်သော်မူ ဖြစ်လေရာ၏။ ချစ်သားအာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်ထိုက်ပေ။
ချစ်သားအာနန္ဒာ လေးဆယ်ငါးဝါ ကာလ ကြာအောင် ငါဘုရား ဟောကြား ပညတ်အပ်သော တရားတော်၊
ဝိနည်းတော်သည် ငါဘုရားကွယ်လွန်သော အခါ၌ သင်ချစ်သားတို့၏ ဆရာ ဘုရားပင်ဖြစ်ေလေ၏ ''ဟု
မိန့်တော်မူထားသော စကားတော်ရှိပါ၏။
( ဒီ၊ ၂၊ ၁၂၆ )
ဘုရားရှင်မိန့်ကြားထားသော ထိုစကားတော်ကို
*******************************
ဦးဉာဏက ဝေဖန်ထားသည်မှာ -
'' သူစကားပြောနိုင်မှု နိဂုံးချုပ်ခါနီးမှာ ရှင်အာနန္ဒာကို ဖြေကြားခဲ့တဲ့ စကားရှိတယ်။ စကားက
''အာနန္ဒာသင်တို့ကို တရားတွေလည်း ငါဟောခဲ့ပြီ၊ ဝိနည်းတွေလည်း ငါပညတ်ခဲ့ပြီ၊ ဒါတွေဟာ
ငါလွန်ပြီးနောက် သင်တို့ရဲ့ ဆရာ ဘုရားပဲ'' လို့ဖြစ်တယ်။
ဒါကိုကြည့်ရင် ဘုရားမရှိတော့ဘဲ တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာပဲ။
ဒီလိုအမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း ဘုရားအလို ဘယ်လောက်ကျမဘဲ။'' ဟူ၍
ဖြစ်ပါသည်။
(ဦးဉာဏ၏ ဘုရား၊ ၂ဝ၆ )
**********************************
ဦးဉာဏသည် ဘုရားရှင်၏ စကားတော်ကို ပယ်လို၏။
ထို့ကြောင့် '' ဘုရားမရှိတော့ဘဲ တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာဘဲ။
ဒီလိုအမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း
ဘုရားအလို ဘယ်လောက်ကျမဘဲ''ဟု ဟောပြောနေခြင်းဖြစ်၏။
ဦးဉာဏအတွက် ဘုရားရှင်၏ စကားတော် မရှိလေ ကောင်းလေ ဖြစ်မည်ပါလိမ့်မည်။
ဘုရား ရှင်၏ စကားတော်၊ တရားတော်များ မရှိမှ သူလုပ်ချင်ရာ လုပ်၊ သူပြောချင်ရာ ပြောနိုင်မည်။
ထို့ကြောင့် အခုဘုရားရှင် ဟောထားသော စကားတော်များ တိုက်ရိုက်ရှိနေပါလျက်ပင်
''တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာပဲ'' ဟု ဆိုနေခြင်းသည် သာသနာတော်ကို
စော်ကားဖို့ ရှေ့ခြေတစ်လှမ်း တိုးလာခြင်း အတင့်ရဲနေခြင်း ဖြစ်ပါ၏။
မြတ်စွာဘုရား မိန့်ထားသော စကားတော်ကို သုတ်မဟာဝါ အဋ္ဌကထာ၌ -
'' ချစ်သား အာနန္ဒာ၊ ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား''
ဤ အပြစ်ကား ပေါ့သော အပြစ်ဖြစ်သည်။ ဤအပြစ်ကား လေးသော အပြစ်ဖြစ်သည်။
ဤအပြစ်ကား ကုစား၍ ရကောင်းသော အပြစ်ဖြစ်၍၊ ဤအပြစ်ကား ကုစား၍ မရကောင်းသော အပြစ်ဖြစ်သည်။
ဤအပြစ်ကား လောကဝဇ္ဇအပြစ် = ဧကန်အကုသိုလ်ဖြစ်သော အပြစ်ဖြစ်၍၊
ဤအပြစ်ကား ပဏ္ဏတ္တိဝဇ္ဇ = ဘုရားပညတ်ချက် အရသာ အပြစ်ဖြစ်သည်။
ဤမည်သော အာပတ်သည် ပုဂ္ဂိုလ်၏ အထံ၌ ထနိုင်ငြိမ်းနိုင်၏။
ဤအာပတ်သည် ဂိုဏ်း၏ အထံ၌ ထနိုင် ငြိမ်းနိုင်၏။
အာပတ်သည် သံဃာ့ အထံ၌သာ ထနိုင် ငြိမ်းနိုင်၏။
'' ဤသို့ အစရှိသည်ဖြင့် အာပတ် (၇)ပုံနှင့် စပ်၍ သက်ရောက်လာသော အကြောင်း
ဝတ္ထုများ၌ မဟာဝဂ္ဂ၊ စူဠဝဂ္ဂခန္ဓက ပရိဝါရတို့နှင့် တကွသော ဥဘတောဝိဘင်း = ဘိက္ခုဝိဘင်း,
ဘိက္ခုနီဝိဘင်းတည်းဟူသော ဝိနည်းတရားတော်( ဝိနည်းငါးကျမ်း ပါဠိတော်)ကို ပကိဏ္ဏကဒေသနာ
အဌကထာနှင့် တကွ ဟောကြားအပ်ခဲ့လေပြီ။
ထိုအလုံးစုံသော ဝိနည်းပိဋကတ် သည် ငါဘုရား ပရိနိဗ္ဗာန်စံလွန်သော အခါ သင်ချစ်သားတို့အတွက်
ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေ ရစ်လိမ့်မည်။
ချစ်သား အာနန္ဒာ၊ ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား
''ဤတရား တို့သည် သတိပဋ္ဌာန် လေးပါးတို့တည်း၊ သမ္မပ္ပဓာန် လေးပါးတို့တည်း၊ ဣဒ္ဓိပါဒ် လေးပါးတို့တည်း၊
ဣန္ဒြေ ငါးပါးတို့တည်း၊ ဗိုလ်ငါးပါးတို့တည်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့တည်း၊ မဂ္ဂင်ရှစ်ပါးတို့တည်း ''ဟု
ထိုထိုအခြင်းအရာဖြင့် ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ကာ ဝေဖန်ကာ
သုတ္တန်ပိဋကတ်ကို ဟောကြား အပ်လေပြီ၊
ထိုအလုံးစုံ သော သုတ္တန်ပိဋကတ်သည်လည်း ငါဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါ
သင်ချစ်သားတို့ အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။
ဤတွင်သာ မကသေး၊ ယခု ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ်
''ဤတရားတို့သည် ခန္ဓာငါးပါးတို့တည်း၊ အာယတနဆယ်နှစ်ပါးတို့တည်း၊ ဓာတ်တဆယ့်ရှစ်ပါးတိုတည်း၊
သစ္စာလေးပါး တို့တည်း၊ ဣန္ဒြေ တဆယ့်နှစ်ပါးတို့တည်း၊ ဟိတ်ကိုးပါးတို့တည်း၊ အာဟာရလေးပါးတို့တည်း၊
ဖဿခုနစ်ပါးတို့တည်း၊ ဝေဒနာခုနစ်ပါး, သညာခုနစ်ပါး, စေတနာခုနစ်ပါး, စိတ်ခုနစ်ပါးတို့တည်း။
ထိုတရားတို့တွင်လည်း '' ဤ၍ ဤမျှ တို့ကား ကာမာဝစရ တရားတို့တည်း၊
ဤ၍ ဤမျှတို့ကား ရူပါဝစရတရားတို့တည်း၊ ဤ၍ ဤမျှတို့ကား အရူပါဝစရ တရားတို့တည်း၊
ဤ၍ ဤမျှတို့ကား ဝဋ်တရား၌ အကျုံးဝင်ကြ၍ ဤ၍ ဤမျှတို့ကား ဝဋ်တရား၌ အကျုံးမဝင်ကြကုန်၊
ဤ၍ ဤမျှတို့ကား လောကီတရားတို့ဖြစ်၍ ဤ၍ ဤမျှတို့ကား လောကုတ္တရာတရားတို့ ဖြစ်ကြသည်''
ဤသို့ စသည်ဖြင့် ဤခန္ဓာအစရှိသော တရားများကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ကာ ဝေဖန်ကာ
သမန္တပဌာန်း (၂၄)ကျမ်းရှိသည့် အနန္တနယ ပဋ္ဌာန်းကျမ်းကြီးဖြင့် နောက်ဆုံးအထွက်တပ်
တန်ဆာဆင်အပ်သော အဘိဓမ္မပိဋကကို ဟောကြားအပ် လေပြီ၊
ထိုအလုံးစုံသော အဘိဓမ္မာပိဋကသည်လည်း ငါဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါ
သင်ချစ်သားတို့အတွက် ဆရာဘုရား ကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။
ဤသို့လျှင် ငါဘုရားသည် ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် လေးဆယ့်ငါးဝါ
ကာလပတ်လုံး ဟောကြားအပ်သော ဤဓမ္မ ဝိနယတရားတော်မြတ်အစုသည်
ပိဋကအားဖြင့်သုံးသွယ်,
နိကယ်အားဖြင့် ငါးဖြာ,
အင်္ဂါအားဖြင့် ကိုးတန်,
ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ဤသို့ များမြောင်လှသော အပြားရှိပေ၏။
ဤဖော်ပြရာပါ ဘုရားပေါင်း ရှစ်သောင်းလေးထောင်ဟု
ခေါ်ဆိုထိုက်သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကား ထင်ရှားစွာ တည်လျက်ပင် ရှိကုန်၏။
ငါဘုရား တစ်ဆူတည်းသာ ပရိနိဗ္ဗာန်စံသေးသည်။ ယခု ငါဘုရား သက်တော် ထင်ရှား ရှိစဉ်မှာ
သင်ချစ်သားတို့ကို ငါဘုရား တစ်ဆူတည်းသာ ဆုံးမနေ၏။ ကံမြစ်နေ၏။ ငါဘုရား ပရိနိဗ္ဗာန်စံလတ်သော်
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါဘုရားအရာ၌ တည်ရစ်ကြကာ သင်ချစ်သားတို့ကို
ဆုံးမ ရစ်ကြပေလိမ့်မည်။ ကံမြစ်ရစ်ကြပေလိမ့်မည်။ '' ဟု ဖွင့်ဆိုထားပါသည်။
( ဒီ၊ ဋ္ဌ၊ ၂၊ ၁၈၃။ မဟာဗုဒ္ဓဝင်၊ ပဉ္စမတွဲ၊ ၄၇၈ )
ဤဖော်ပြပါ အချက်တို့ကို ကြည့်သောအားဖြင့် မိုးပြာ ဦးဉာဏ၏ ဘုရားရှိခိုးခြင်းအား
ကဲ့ရဲ့ ရှုတ်ချနေခြင်း နှင့် ဘုရားရှင်အား ပယ်ထုတ်ကာ ဗုဒ္ဓဘာသာ အမည်ခံ
ဘုရားဟောမဟုတ်သော စကားတို့ဖြင် လူအများအား လိမ်လည်လှည့်ဖျား၍
သူ၏ အဓမ္မဝါဒအား ပြန့်ပွါးဖို့ ကြိုးစားမှု့ကို တွေ့မြင်နိုင်မည် ဖြစ်ပါ၏။
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊