Monday, August 20, 2012

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ

အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ


တပည့်တော် အလယ်တောရဆိုတဲ့ရွာကိုရောက်တော့ အလယ်တော ဦးပဉ္စင်း ဦးသီရိန္ဒနှင့် စပ်မိလို့ ရဟန်းတော်များရဲ့ အမည်ရှေ့မှာ အသျှင်တပ်တာ, အရှင်တပ်တာ, ဦးတပ်တာ, ဦးပဉ္စင်းခေါ်တာနှင့် ကိုရင်ခေါ်တာများနှင့်ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့တယ်ဘုရား၊ သည်ပြဿနာကို ဦးသိရိန္ဒလည်း မဖြေနိုင်ဘူး၊ တပည့်တော်လည်း မသိဘူး၊ အရေးမကြီးသော်လည်း သည်အဖြေကလေးကိုလည်း တပည့်တော်များ သိချင်ပါတယ် ဘုရား.... ရဟန်းတော်များရဲ့ အမည်ရှေ့မှာ (အသျှင်) တပ်တာနှင့်ပတ်သက်ပြီး ဝါဟာရဝိပ္ပလ္လာ လက္ခဏဒီပကကျမ်း ၁၈၇-မှာ သာမိပုဒ်က သျှင်-ဖြစ်လာကြောင်း ဖော်ပြထားတယ်၊ သာမိဆိုတာ သံ ဓနံ အဿတ္ထီတိ သာမိ ဆိုတဲ့ တဒ္ဓိတ်ဝိဂြိုလ်အတိုင်း ဥစ္စာရှိသူ (သို့မဟုတ်) ဥစ္စာရှင် (သို့မဟုတ်) အစိုးရသော အရှင်သခင်ဆိုတဲ့ အနက်သခင်ဆိုတဲ့ အနက်ကိုဟောတယ်၊ အမှန်ကတော့ အရှင်သခင် ဟောတဲ့ပုဒ်ဟာ သာမိတစ်ပုဒ်တည်းသာမကဘူး၊ မဂဓအဘိဓာန် ဂါထာနံပါတ် ၇၂၅-မှာ (ဣဿရ)၊ (၂) နာယက၊ (၃) နယက၊ (၄) ပတိ၊ (၅) ဤသာ၊ (၆) အဓိပတိ၊ (၇) ပဘူ၊ (၈) အယျ၊ (၉) အဓိပ၊ (၁၀) အဓိဘူ၊ (၁၁) နေတု - ရယ်လို့ ပုဒ်ပေါင်း ၁၁-ပုဒ်ရှိတယ်၊ သည် ၁၁-ပုဒ်ထဲ သျှင် အသံနှင့် နီးကပ်တာဟာ သာမိနှင့် အယျ နှစ်ပုဒ်ဖြစ်တယ်ကွယ့်၊ ဒါကြောင့် သျှင်ဟာ သာမိက ဆင်းသက်တယ်၊ အယျကဆင်းသက်တယ်၊ ဒါမှမဟုတ် မြန်မာစကားစစ်စစ် ဖြစ်တယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း အတော်ရှည်ကြာဝေးတဲ့ ကာလကစအပြုပြီး သျှင်ဆိုတဲ့ပုဒ်ဟာ အကြီးအကဲ အထွက်အမြတ် ရသေ့ရဟန်းများကို ဟောတဲ့ ပုဒ်ဖြစ်ကြောင်းကိုတော့ သိသာသကွယ့် "ဘယ်လိုအထောက်အထားရှိလို့ပါလဲ ဘုရား" "အထောက်အထားကတော့ အခြားမဟုတ်ပါဘူး၊ သင်္ကန်း, သင်ခမ်း, သင်ပုတ်ဆိုတာပဲကွယ့်” “သင်္ကန်းဆိုတာ ရဟန်းများဝတ်တဲ့ သင်္ကန်းလားဘုရား” “ဟုတ်ပါတယ်၊ ရဟန်းများဝတ်တဲ့ သင်္ကန်းပါပဲ၊ အဲသည်သင်္ကန်းဆိုတဲ့ ပုဒ်ကို စဉ်းစားကြည့်စမ်း၊ သင်က ဘာကိုဟောသလဲ၊ ကန်းက ဘာကိုဟောသလဲ သိသလား” “မသိပါ ဘုရား” “မှတ်ထားကွယ့်၊ သည်နေရာမှာ သင်ဆိုတာ ရဟန်းကိုဟောပြီး ကန်းဆိုတာက အဝတ်အထည်ကို ဟောတယ်” “ကန်းက အဝတ်အထည် ဟောတယ်ဆိုတာ ဟုတ်ပါ့မလား ဘုရား” “ကန်းက အဝတ်အထည်ကို ဟောမဟော ရက်ကန်းကို စဉ်းစားကြည့်ပေါ့ကွယ်၊ ရက်ဆိုတာ ရက်လုပ်တယ်၊ (သို့မဟုတ်) ချည်များကို ဟိုမှသည်မှ (ရှက်)တယ်၊ (ရှုပ်ရှက်) ကန်းဆိုတာက အဝတ်အထည် သို့မဟုတ် (ချည်)လို့ သဘောမရဘူးလား” “မှန်ပါ - ရပါတယ် ဘုရား” “အေး - ဒါကြောင့် ကန်းက အဝတ်အထည်ကို ဟောတယ်လို့ ပြောတာပေ့ါကွယ်” “ဟို-သင်ခမ်းဆိုတာကတော့ ဘုရား ဘာများလဲ” “သင်ခမ်းဆိုတာ ရသေ့ ရဟန်းများနေတဲ့ ကျောင်းငယ်ကိုဆိုလိုတယ်” “သင်ပုတ် ဆိုတာ ကကောဘုရား” “သင်ဆိုတာ အထွက်အမြတ်ဖြစ်တဲ့ ဘုရား, တရား, သံဃာကို ဟောပြီး ပုတ်ဆိုတာ (ပူဇာ=ပုဇ်) ပူဇော်ခြင်းကိုဟောတယ်၊ သင်ပုတ်ဆိုတော့ အထွက်အမြတ်ကို ပူဇော်ခြင်းလို့ အဓိပ္ပာယ်ရတယ်၊ သင်ပုတ်ခွက် သက်ပုတ်ပလ္လင်ဆိုတာ သိတယ် မဟုတ်လား” “သိကြောင်းပါ ဘုရား” “အဲသည် သင်ပုတ်ခွက် သင်ပုတ်ပလ္လင်ဆိုတာ အထွက်အမြတ်ကို ပူဇော် ပြီးတဲ့ စားဖွယ်သောက်ဖွယ်များ စွန့်ပစ်တဲ့နေရာပဲ မဟုတ်လားကွယ့်” “ဟုတ်ပါတယ် ဘုရား” “အေး-ဒါကြောင့် (သင်)ဆိုတဲ့ပုဒ်ဟာ အတော်ရှည်ကြာဝေးတဲ့ ခေတ်ဆီကစပြီး ရဟန်း, မင်း စတဲ့ အထွက်အမြတ် ဟောပုဒ်တစ်ခုဖြစ်ခဲ့တယ်ကွယ့်”


“အဲသည် ကြာရှည်ဝေးတဲ့ ခေတ်ဆိုတာကို မှန်းဆသိဖို့ အထောက်အထားများ ရှိပါသလား ဘုရား”


“ရှိတာပေါ့ကွယ်၊ သက္ကရာဇ် ၄၇၄-ခုနှစ်မှာ ကျန်စစ်သားမင်းရဲ့ သားတော် ရာဇကုမာရမင်းသားရေးထိုးခဲ့တဲ့ နာမည်ကျော် မြစေတီကျောက်စာ စာကြောင်းရေ ၂၂-၂၃-၂၄-၂၅ တို့မှာ ‘သင်ဂြီမဟာထေရ်၊ သင်ဂြီမုဂ္ဂလိပုတ္တတိဿတ္ထေရ်၊ သင်ဂြီသင်္ဃသေနဝရပဏ္ဍိတ်’ လို့ ရေးထိုးထားတယ်၊ နို့ပြီး သက္ကရာဇ် ၄၈၂-ခုနှစ်ထိုး သက်ကြီး ငါက္တေ ဂံသင်ကျောက်စာ ဒုတိယစာကြောင်း မှာလည်း သင်ဂြီ ငါက္တေဂံလို့ ရေးထိုးထားတယ်ကွယ့်”


“မှန်ပါ-ကျောက်စာပါ သင် ဆိုတာကတော့ ဟုန်ပါပြီ ဘုရား၊ ဂြီ ဆိုတာက ဘာကို ဆိုလိုပါသလဲ ဘုရား”


“ဂြီရဲ့ ယနေ့ရေးထုံးကတော့ (ကြီး)ပေါ့ကွယ်၊ အကြီးအကဲလို့ ဆိုလိုတာပါပဲ၊ ရဟန်းကြီးမို့ (သင်ဂြီ) လို့ ရေးထားပါပဲ”


“ရဟန်းငယ်ကိုတော့ ကျောက်စာမှာ ဘယ်လိုရေးထိုးသလဲ ဘုရား”


“ရဟန်းငယ်ကိုတော့ (သင်လျှင်) လို့ ရေးထိုးတက်တယ်ကွယ့်”


“ဒါထက် မဆိုင်တာလျှောက်တယ်လို့တော့ ထင်တော်မမူပါနှင့်၊ သင်တုန်းဓားဆိုတဲ့ စကားမှာ ပါဝင်တဲ့(သင်)ဆိုတဲ့ ပုဒ်ကတော့ ရသေ့ရဟန်း ဟောပါပဲလား ဘုရား”


“သင်တုန်းဓားမှာပါဝင်တဲ့ သင်ကိုတော့ ရသေ့ရဟန်းဟောတဲ့ပုဒ်လို့ မထင်ဘူး၊ သုတ်သင်ဆိုတဲ့ပုဒ်မှာ ပါရှိတဲ့ သင်-လို့ ထင်သကွယ့်”


“သုတ်သင်ဆိုတော့ ဘယ်လိုအနက်ထါက်သလဲ ဘုရား”


“သုတ်ဆိုတာ (သုဓဓာတ်) အနက်က သုစိ-စင်ကြယ်ခြင်းအနက်၊ သောဓန-သုတ်သင်ခြင်းအနက်ကိုဟောတယ်၊ သင်ဆိုတဲ့ ကြိယာကတော့ ရှင်းလင်းပစ်ခြင်းဆိုတဲ့ မြန်မာစကားပဲ၊ အခွံသင်တယ်ဆိုတဲ့ ပုဒ်မှာပါတဲ့ သင်-နှင့် အဓိပ္ပာယ်တူသပေါ့၊ ဒါကြောင့် သုတ်သင်ဆိုတာ စင်ကြယ်အောင် ရှင်းလင်းပစ်တယ်လို့ အဓိပ္ပာယ် ရရှိသကွယ့်”


“သင်က သျှင်-ဖြစ်လာပုံကိုလည်း အမိန့်ရှိပါဦး ဘုရား”


“မြန်မာစကားနယ်ပယ်မှာ (ယ)အသံဟာ အဖြည့်အစွက်သဘောမျိုးနှင့် ပါဝင်လာတက်တယ်၊ ဥပမာမှာ ပညာ, ပညောင်ပင်ဆိုတဲ့စကားကို ကြည့်ပေါ့၊ ရေးသားထားတာက (ပ)ဖြစ်မှန်းသိလျက်နှင့် ဖတ်တော့ ပြင်ညာ၊ ပြင်ညောင်ပင်၊ ပြည်ညောင်ပင်လို့ ဖတ်တက်ကြတယ်၊ ထို့အတူ သင်္ဂဟကို သြင်္ဂ ိုလ်, သင်္ကန္တကို သြင်္ကန်, ပက္ခဒိန် ပြက္ခဒိန်ရယ်လို့ ရေးသားပြောဆိုနေကြခြင်းဟာလည်း အဖြည့်အစွက် သဘောမျိုးနှင့် ယ-အသံဟာ အလိုအလျောက် တိုးဝင်လာတယ်၊ သ-နှင့် ယ ပူးကပ်သွားလျှင် စာရေးတော့(သျှ)ဖြစ်သွားတယ်၊ အသံ ထွက်တော့ သယလို့မထွက်ဘူး၊ (ယှ)လို့ ထွက်တယ်၊ ဒါကြောင့် ရှေးဦးစွာ သျှင်ရေးရာမှာ ယခုခေတ်လို ဟထိုးမပါသေးဘူး၊ (သျ)လို့သာ ရေးတယ်၊ ဥပမာပြပါဆိုလျှင်-


(၁) ထိလိုင်အသျင် ကလန်စစ်သည်။ (၄၇၃-ခု၊ လှည်းထောင်ဘုရားကျောက်စာ)


(၂) သျင်မင်းကြီပေသော။ (၅၅၆-ခု၊ သုဘရာဇ် ကျောက်စာ)


(၃) သျင်တပြည်၊ တိဿတ္ထေရ။ (၅၆၈-ခု၊ မောင်းမခင်မိငယ်ကျောက်စာ)


(၄) သျင်ဒိသာပြာမုတ်။ (၆၄၇-ခု၊ ဒိသာပြာမုတ်ကျောက်စာ)-


ယခုပြောတာက သျှင်-မှာ မူလက ဟထိုးမပါသေးဘူးဆိုတဲ့ ဥပမာပဲကွယ့်၊ နောက်တော့ သျှ-ဟာ ယှ-အသံထွက်သော်လည်း ဟထိုးမပါတဲ့အတွက် စိတ်ထဲမှာ လေးလေးနက်နက်မရှိကြဘူး။ ဒါကြောင့် လေးလေးနက်နက်ဖြစ်သွားအောင် ဟထိုးထည့်ပြီး(သျှင်)လို့ ကျောက်စာများမှာ ရေးထိုးခဲ့ကြတယ်၊ ဥပမာမှာ သက္ကရာဇ် ၇၇၀-ခုနှစ်ကထိုးတဲ့ တန်ဆောင်းကျောင်း ကျောက်စာမှာ (ငါ၏ချစ်လင် ဆင်ဖြူသျှင်) လို့ ရေးထိုးသလိုပေါ့ကွယ်၊ ရှေးကျောက်စာများမှာ ယခုဘုန်းကြီးကို ဖုံးမြတ်စွာလို့လည်းရေးတယ်၊ သင်ကြီးလို့လည်းရေးတယ်၊ သခင်လည်းရေးတယ်၊ အသျှင်လည်းရေးတယ်၊ မူလက(သျှင်)ဆိုတဲ့ ပုဒ်ဟာ နောက်အခါ ဝိသေသနပုဒ်တပ်ပြီး (အသျှင်) လို့ ရေးခဲ့ကြတယ်ကွယ့် ”


အသျှင်-အရှင်


“အသျှင်ဆိုတဲ့ပုဒ်ရဲ့ အစမှာ ရောက်လာတဲ့(အ)က ဘယ်လိုအနက်ထွက်ပါသလဲ ဘုရား”


“အဘိုး-အဘေး-အဘွား-အမိ-အဖ-အစ်ကို တို့မှာပါတဲ့(အ)ပုဒ်ဟာ မူလက(အစ်)ဆိုတဲ့ပုဒ်တဲ့ကွယ်၊ အခုထိ အစ်ကို အစ်မလို့ရေးကြသေးတယ်မဟုတ်လား၊ အစ်ဆိုတာ ယခုအခါ (ချစ်)ဆိုတဲ့ပုဒ်ပဲ၊ ဒါကြောင့် အသျှင်ရဲ့အစမှာပါတဲ့ အ-ရဲ့အနက်ဟာ (ချစ်သော) လို့ အဓိပ္ပာယ်ရတယ်၊ ဒါကြောင့် အစ်ကို, အစ်မ, အမေ, အဖေ, အသျှင်တို့ရဲ့ အနက်ဟာ ချစ်သောကို, ချစ်သောမမ, ချစ်သော မေမေ, ချစ်သောဖေဖေ၊ ချစ်သော အရှင်လို့ ဆိုလိုရင်းဖြစ်တယ်ကွယ့်”


“သည်လိုဆိုတော့ အလွန်ယျဉ်ကျေးလှပါတယ်၊ ဒါနဲ့ အခုခေတ်ရေးကြတဲ့ အရှင်ဆိုတာကကော အသျှင်နှင့် ဘယ်လိုကွာခြားပါသလဲဘုရား”


“အရှင်-ဆိုတာကတော့ (ပိုင်ရှင်) ဆိုတဲ့ အနက်မှာ ထင်သကွယ့်၊ ဥမ္မဒန္တီပျို့ ၆၆-မှာ (မိဘ သခင်၊ ရေမြေ့ရှင်နှင့်၊ အသျှင်တို့မှ) လို့ ရှင်နှင့် သျှင်ကို ခွဲထားစပ်ထားတယ်၊ ရှင်ကပိုင်ရှင်, အသျှင်က ရဟန်းလို့ အဓိပ္ပာယ်ရတယ်၊ သုဝဏ္ဏသျှံပျို့ သစ္စာခန်း ၂၈-မှာလည်း-


“ဣသိမြတ်စင်၊ ရသေ့သျှင်လည်း၊ နတ်ရှင်ရန်နှင်း၊ ထိုသည့်မင်းနှင့်’ လို့ သျှင်နှင်ရှင်ကို ခွဲထားစပ်ထားသေးတယ်၊ သျှင်က ရသေ့ကိုဟောပြီး ရှင်က နတ်တို့၏ပိုင်ရှင်လို့ပဲအဓိပ္ပာယ်ရတယ်၊ သို့သော်လည်း ရှေးဟောင်းကျောက်စာများကို လေ့လာဖတ်ရှုကြည့်တဲ့အခါ ရှေးဦးစွာ (သင်)ဆိုတဲ့ပုဒ်က (သျှင်)ဖြစ်လာတယ်၊ နောက် ဟထိုးမပါတဲ့(သျင်)က ဟထိုးပါတဲ့ (သျှင်)ဖြစ်လာတယ်၊ သျှင်နှင့် ရှင်တို့ဟာ အသံထွက်ချင်းတူညီကြတယ်၊ ဒါကြောင့် နောင်အခါသျှင်အစား ရှင်တို့လည်းရေးသားကြပြန်တယ်၊ သက္ကရာဇ် ၈၀၄-ခုနှစ်ထိုး ပုဂံမြို့ တက်နွယ်ကျောင်းကျောက်စာမှာ (ဖုရာရှင် ဟောသတရာ) လို့ ရေးထိုးပြီး ၈၁၃-ခုနှစ်ထိုး ပုဂံမြို့ ရွှေစည်းခုံစေတီကျောက်စာမှာ (ရွှေနန်းသိခင်ဖုရာရှင်)လို့ ရေးထိုးထားတယ်ကွယ့်၊ ဒါကြောင့် သျှင်နှင့်ရှင်ဟာ အသံချင်းတူညီသလို အဓိပ္ပာယ်ချင်းလည်းတူညီတယ်လို့ ယူဆတယ်၊ သည်နေရာမှာ ရှင်သုံးနှုန်းပုံ ပြန့်ပြန့်ကျယ်ကျယ်သိရအောင် နည်းနည်းလောက်ခဲျ့ပြီးကြည့်ကြဦးစို့”


“ရှင်ပင်, ရှင်တော်ဘုရား, ဘုရားရှင်, ရှင်စောမြတ်စွာ သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ဘုရားရှင်ကို ဟောတယ်ကွယ့်၊ ရှင်ဆိုး, ရှင်ပျက်, ရှင်ကောင်း, ရှင်မွန်, ရှင်ယောင်, ရှင်ပြု, မောင်ရှင်, ရှင်လောင်း, ရှင်လူထွက်, ရှင်လိင်ပြန် သည်စကားလုံးတွေမှာ ပါဝင်တဲ့ ရှင်က ရဟန်းရှင်သာမဏေကို ဟောတာကွယ့်၊ ရှင်ဘုရင်, အရှင်သခင်, အရှင်မ, အရှင်မင်းကြီး, အရှင်ကောင်း, ရှင်မ-သည်စကားလုံးများပါဝင်တဲ့ရှင်က အစိုးရကခြင်း(သာမိ) အနက်ကိုဟောတယ်ကွယ့်၊ အရှင်, အသေ, ရှင်သန်ခြင်း-သည်ပုဒ်များမှာ ပါဝင်တဲ့ ရှင်က လှုပ်ရှားခြင်းအနက်ကို ဟောတယ်ကွယ့်”


“ခေါ်လိုက်လျှင် မိန်းမများပြန်ထူးသံ(ရှင်)ကကော ဘယ်အနက်ထွက်ပါသလဲဘုရား”


“အစ်ကိုဖြစ်သူက ညီမရေလို့ခေါ်လိုက်လျှင် ညီမလေးက ရှင်မထူးဘဲ အစ်ကိုရေလို့ ပြန်ထူးတာကြားဖူးရဲ့လား”


“မှန်ပါ-ကြားဖူးပါဘုရား”


“အခေါ်ခံရတဲ့သူက ခေါ်တဲ့သူနာမည်ကိုပြန်ခေါ်ပြီး တုံ့သံသေးသလို သည်နေရာမှာလည်း မိမိကိုခေါ်တဲ့သူကို အရှင်သခင်သဘောထားပြီး (ရှင်)လို့ ကျိုးကျိုးနွံနွံပြန်ထူးတာပါပဲ၊ သည်ရှင်နဲ့အနက်ကလည်း   အရှင်သခင်အနက်ပါပဲကွယ့်”


ဦးပဉ္စင်း ကိုရင်


“သျှင်-ရှင်ရဲ့ သဘောကိုတော့ သဘောကျသွားပါပြီ ဘုရား၊ ရဟန်းတော်များ ရှေ့မှာတပ်တဲ့


(ဦး)ရဲ့ အဓိပ္ပာယ်ကိုလည်း အမိန့်ရှိပါဦးဘုရား”


“ဦး-ဆိုတာ ဦးဦးဖျားဖျားပေါ့ကွယ်၊ သူတစ်ပါးထက် ဦးစွာဖြစ်သူဟာ (ဦး)ပဲပေါ့၊ လူသားများမှာ မိမိထက်ဦးစွာဖွားမြင်သူ, မိမိထက်အသက်အရွယ်ကြီးသူလို့တင်စားပြီး အသက်ကြီးသူများကို ဦးဖြူ ဦးမည်းခေါ်သလို ရဟန်းတော်များကိုလည်း မိမိထက်အသက်ဂုဏ်၊ သီလဂုဏ်ကြီးများသူလို့ ယူဆပြီး (ဦး) တပ်ခေါ်ဝေါ်ကြတာပါပဲ၊ တစ်နည်းပြောရမယ်ဆိုလျှင် ဦးစီးဦးကိုင်, ဦးခေါင်း, အိမ်ဦး, လှေဦး, ဦးခန်းများမှာ ပါဝင်တဲ့(ဦး)ဟာ မြင့်မြတ်တဲ့ အနက်ကိုဟောသလို မိမိထက်မြင့်သူလို့ တင်စားပြီး (ဦး)တပ်ခေါ်ဝေါ်ကြခြင်း ဖြစ်တယ်ကွယ့်”


“သာမေဏကို ကိုရင်ခေါ်တာလည်း အမိန့်ရှိပါဦးဘုရား”


“ကိုရင်ဆိုတဲ့ စကားနှစ်လုံးအနက် ကို-ဆိုတာ မိမိထက်ဦးစွာမွေးဖွားတဲ့ (အစ်ကို)လို့ တင်စားတဲ့စကားလုံးပါ၊ လူသားလောကမှာ ဦးကြီး-ဦးလေးတို့လောက်မကြီးသေးတဲ့ နောင်တော်အရွယ်ကို ကိုမည်း-ကိုဖြူလို့ ကိုတပ်ပြီးခေါ်သလို သာမဏေကိုလည်း ထို့အတူ ကို-တပ်ပြီးခေါ်တာပါပဲ၊ အထူးအဆန်းမဟုတ်ပါဘူး၊ ရင်-ဆိုတာကတော့ အထက်ကပြောခဲ့တဲ့(ရှင်)နှင့် အဓိပ္ပာယ်တူ ရသေ့ရဟန်းဟောပုဒ်ပါပဲ၊ နောက်တော့ သာမဏေများအပေါ် တင်စားမှုကြာမြင့်သွားတဲ့အတွက်(ရှင်)ဆိုလျှင် သာမဏလို့   သိနေကြတယ်၊ မူလက ရှင်ပုဒ်ဟာ မြန်မာလူမျိုးများရဲ့ လေပေါ့သုံးနှုန်းမှုကြောင့် ဟထိုးပျောက်ပြီး (ရင်)ဖြစ်လာတယ်၊ ဒါနရှင်, သီလရှင်ကို ဒါနရင်, သီလရင် ခေါ်ဝေါ်သလိုပေ့ါကွယ်၊ ဒါကြောင့် (ကိုရင်)ဆိုတဲ့ ပုဒ်စပ်အဓိပ္ပာယ်ကို အစ်ကိုသာမဏေလို့ပဲ မှတ်တော့တာပေါ့”


“မှန်ပါ-ဝမ်းသာလှပါတယ်၊ ပဉ္စင်းရဲ့ အဓိပ္ပာယ်ကိုလည်း ဖြေရှင်းပေးတော်မူပါဦး ဘုရား”


“ရဟန်းဖြစ်မြောက်ဖို့အတွက် အင်္ဂါ ငါးပါးရှိသကွယ့်၊ အင်္ဂါ ငါးပါးက (၁) ရဟန်းလောင်းတည်းဟူသော ဝတ္ထု၊ (၂) ဉ တ်၊ (၃) ကမ္မဝါစာ၊ (၄)သိမ်၊ (၅) ပရိသတ်များဖြစ်ကြတယ်၊ သည်အင်္ဂါငါးပါးပြည့်စုံမှ ရဟန်းဖြစ်တယ်၊ အင်္ဂါ ငါးပါးအနက် တစ်ပါးပါးချို့ယွင်းလျှင် ရဟန်းမဖြစ်ဘူး၊ ဒါကြောင့် ရဟန်းလောင်းကိုဆုံးမတဲ့အခါ (ဝတ္ထု, ကမ္မဝါ၊ ဆရာ,သိမ်,ဉ တ်, ပရိတ်ကြောင့်၊ ရအပ်လေကြောင်း၊ ပဉ္စင်းလောင်း)လို့ ဆိုကြရတယ်၊ သည်အင်္ဂါ ငါးပါးပြည့်စုံမှ ရဟန်းအဖြစ် ရောက်တဲ့အတွက် ရဟန်းတော်များကို (ပဉ္စင်္ဂ)လို့ခေါ်ကြသတဲ့ကွယ်၊ အဲဒီပဉ္စင်္ဂပုဒ်ကိုပင် နောက်ဆုံး ဂငယ်အက္ခရာကိုဖျောက်ပြီး ပဉ္စင်း၊ ပဉ္ဇင်းလို့ခေါ်ကြတယ်လို့ဆိုကြတယ်ကွယ့်၊ သို့သော်လည်း ပဉ္စင်္ဂပါဌ်ကပျက်ပြီး (ပဉ္စင်း)ဖြစ်လာတယ်ဆိုတာကို မြန်မာစကားစိစစ်ကြတဲ့ ပုဂ္ဂိုလ်များက မကြိုက်ကြဘူးကွယ့်”


“ဘာကြောင့် မကြိုက်ကြတာတဲ့လဲဘုရား”


“မကြိုက်ကြတာက ပဉ္စင်းဆိုတဲ့စကားဟာ ပါဠိပျက်မဟုတ်၊ မြန်မာစကားစစ်စစ်လို့ ယူဆကြတဲ့အတွက်ကြောင့်ပေါ့ကွယ်”


“မြန်မာစကားဆိုလျှင် ဘယ်လိုအနက်ထွက်သတဲ့လဲဘုရား”


“မြန်မာစကားဟာ ဧကဝဏ္ဏ အက္ခရာတစ်လုံးတည်းသာရှိတဲ့ စကားတဲ့၊ အကယ်၍ အက္ခရာနှစ်လုံး၊ သုံးလုံးတွဲစပ်နေလျှင် အက္ခရာတစ်လုံး၊ တစ်လုံးမှာအနက်တစ်ခုစီ၊ တစ်ခုစီရှိသတဲ့၊ ယခု ပဉ္စင်းပုဒ်မှာ အက္ခရာနှစ်လုံး တွဲနေတယ်၊ အဲသည် နှစ်လုံးတွဲအနက်(ပဉ်) ဆိုတာဟာ မူလပုဒ်ရင်းက(ပန်)တဲ့ကွယ်၊ ပန်ဆိုတဲ့ မြန်မာစကားက ပိုင်ဆိုင်ခြင်းအနက်ကို ဟောသတဲ့၊ (စင်)ဆိုတာက (သျှင်)နှင့် အတူတူပဲတဲ့၊ သျှနှင့် စ,ဆ တို့ဟာ အသံချင်းတူသတဲ့၊ ဒါကြောင့် သျှင်က စင်ဖြစ်လာတယ်လို့ယူဆကြတယ်၊ သျှင်ဆိုတာကတော့ ပြောခဲ့ပြီးတဲ့ အတိုင်း အကြီးအမြတ်၊ ရဟန်း, သာမဏေ, ရသေ့တို့ကို ဟောတာပဲကွယ့်၊ အခုခေါ်နေကြတဲ့ ဆင်ဆိုတဲ့ သတ္တဝါရဲ့ ဗျူပ္ပတ်ဟာလည်း သျှင်က ဆင်ဖြစ်တဲ့ အတွက် အကောင်ကြီးလို့ ဆိုလိုသတဲ့၊ ဒါကြောင့် ပင်စင်ဆိုတာ စိုးပိုင်သော ရဟန်း ကြီးမြတ်သောရဟန်းလို့ ဆိုလိုသတဲ့၊ အဲသည် ပင်စင်ကရွေ့လျောပြီး (ပဉ္စင်း) ဖြစ်လာတယ်လို့ ယူဆကြတယ်၊ ဒါပေမယ့် ယခုတော့ အင်္ဂါငါးပါး နှင့်ပြည့်စုံသော (ပဉ္ဇင်္ဂ)က ပဉ္စင်းဖြစ်လာတယ်ဆိုတာကို အများက လက်ခံ အတည်ပြုထားကြတယ်ကွယ့်၊ ဘယ့်နှယ်လဲ၊ နားရှင်းပါရဲ့လား”


“မှန်ပါ-ရှင်းပါတယ် ဘုရား၊ သာဓု- သာဓု- သာဓု”



ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၁)


-ရဟန်းတော်များနှင့် အစားလေးမျိုး


***ကောက်နုတ်ချက်***


နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ


ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး


ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၇၄-၈၂) မှ


(ကပ္ပိယ-မောင်ရဲ) ကောက်နုတ်ပူဇော်ပါသည်။

* အရှင်ဝရသာမိ

https://shinsami.blogspot.com

1 comment:

  1. ဦးတင်ပါတယ် ဘုရား..ဗဟုသုတရရှိပါတယ်...ဘုရား

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊