Thursday, September 6, 2012

ဗုဒ္ဓ၏ တနေ့တာဘဝ

ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀) အရွယ်တိုင်အောင် (၄၅) ဝါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။ 
နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။ 
(၁) နံနက်ပိုင်း လုပ်ငန်းစဉ် နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ” ဟု ခေါ်သည်။ နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။ 
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ် ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” ဟု ခေါ်သည်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်အား တရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။ 
(၃) ဉာဉ့်ဦးယံ လုပ်ငန်းစဉ် ဉာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” ဟု ခေါ်သည်။ လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဉာဉ့်ဦးယံ အချိန်တွင် ရဟန်းတော်များအား ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေးသော ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ် ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူသော လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” ဟု ခေါ်သည်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူသည်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။ 
(၅) မိုးသောက်ယံ လုပ်ငန်းစဉ် နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စြင်္ကန်ကြွတော်မူသည်။ ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။ အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။ ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ ္ဆိမယာမကိစ္စ” ဟုခေါ်သည်။ ဗုဒ္ဓ၏ တနေ့တာဘဝ၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။ ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ဝါ ပတ်လုံး ဖြစ်လေသည်။ 

ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ် မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။


အရှင်ဝရသာမိ 
https://shinsami.blogspot.com

1 comment:

  1. ကူးယူမျှဝေခွင့်ပြုပါ အရှင်ဘုရား။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊