Monday, September 30, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၄ (ကောသမ္ဗီ ပြည်)

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူခြင်း

ကောသမ္ဗီပြည်တွင် ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေး ဟူ၍ သူငယ်ချင်း
သူဌေးသုံးယောက်ရှိကြသည်။ ထိုသူငယ်ချင်းသူဌေးသုံးတို့သည် ဟိမဝန္တာတောင်မှ
ကြွချီလာသော ရသေ့ ၅၀၀ တို့ကို ကိုးကွယ်ဆည်းကပ်ကြသည်။ ရသေ့ ၅၀၀ တို့သည်
နှစ်စဉ် မိုးဥကာလရောက်လျှင် ကောသမ္ဗီမြို့သို့ ကြွရောက်သီတင်းသုံးကြရာ သူဌေးကြီး
သုံးဦးတို့က အလှည့်ကြဆွမ်းလှူဒါန်းကပ်လှူကြသည်။
တနှစ်သောအခါ မိုးရာသီရောက်လတ်သော် ဟိမဝန္တာတောင်မှ ကောသမ္ဘီပြည်သို့ကြွ
လာကြရာ ခရီးပမ်းလာသဖြင့် တောအုပ်တစ်ခုဝယ် အရိပ်အာဝါသကောင်းသော ပညောင်
ပင်ကြီးအောက်သို့ ဝင်နားခဲ့ကြသည်။ အကြီးဆုံးရသေ့ကြီးက "ဤ ပညောင်ပင်၏
အခြေအနေကို တွေ့မြင်ရသည်မှာ ကြီးမားလှသည်၊ ဤပညောင်ပင်ကြီး၌ တန်းခိုးကြီးမား
သော ရုက္ခစိုးနတ်ရှိလိမ့်မည်။ ထိုညောင်စောင့်နတ်မင်းသည် ငါတို့အား သောက်ရေပေးလှူ
လျှင် ကောင်းလေစွ" ဟု အကြံဖြစ်မိသည်။ ညောင်စောင့် နတ်မင်းသည် ရသေ့တို့၏ အလို
အကြံကိုသိ၍ သောက်သုံးရေများကို ဖန်ဆင်းပေးသည်။ ရသေ့တို့သည် ရေသုံးဆောင်ပြီး
သောအခါ "ညောင်ပင်စောင့်နတ်သည် ငါတို့အား ရေကို ပေးလှူအပ်ပြီ၊ ဤအရပ်ကား
ရွာနှင့်မနီး တောကြီးဖြစ်၍ ငါတို့အား အစာအဟာရပေးလှူပါမူ ကောင်းလေစွ" ဟူ၍
ကြံစည်ကြလေသည်။ ညောင်စောင့်နတ်သည် ရသေ့တို့အလိုအတိုင်း အစာအာဟာရကို
ဖန်ဆင်း၍ လှူဒါန်းဆက်ကပ်လေသည်။
တစ်ဖန် ရသေ့တို့သည် "ဤညောင်စောင့်နတ်သည် ငါတို့ကြံစည်သမျှ ပေးလှူဒါန်းအပ်လေပြီ၊
ငါတို့အား ညောင်စောင့်နတ်သည် ကိုယ်ထင်ရှားပြလျှင် ကောင်းလေစွ" အကြံဖြစ်တော်မူရာ
ညောင်ပင်စောင့်နတ်ကလည်း ရသေ့တို့အလိုအတိုင်း ကိုယ်ထင်ရှားပြသောအခါ ရသေ့များက
" အရှင်နတ်မင်း သင်၏ စည်းစိမ်ကား ကြီးကျယ်လှ၏။ အဘယ်မည်သော ကောင်းမှုကိုပြု၍
ဤစည်းစိမ်ကို ရတော်မူပါသလော" ဟု မေးကြရာ ညောင်ပင်စောင့်နတ်က " မကြီးမကျယ်
အနည်းငယ်မျှသော ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရအပ်ပါသည်" ဟု ဖြေကြားလေ၏။
နေ့တဝက် ဥပုသ်စောင့်ခြင်း အကျိုး

ရသေ့တို့က အဘယ်မည်သော ကောင်းမှုနည်းဟု ဆက်လက်မေးကြရာ အတိတ်ဘဝက
သာဝတ္ထိမြို့ အနာထပိဏ်သူဌေးကြီး အိမ်၌ အလုပ်သမားတစ်ယောက်ဖြစ်ခဲ့သည်။ သူဌေး
ကြီးအိမ်၌ ဥပုသ်နေ့များတွင် အလုပ်သမားများမှအစ အိမ်ရှိလူအားလုံး ဥပုသ်စောင့်ကြသည်။
ဤအလုပ်သမားသည် အနာထပိဏ်သူဌေးကြီးအိမ်သို့ ရောက်သည်မှာ မကြာသေးပဲ အိမ်ရှိ
အစဉ်အလာကို မသိဘဲ တစ်ခုသော ဥပုသ်နေ့၌ တစ်ယောက်ထဲ စောစောထ၍ အလုပ်လုပ်ရာ
တောသို့ သွားရောက်လုပ်ကိုင်လေ၏။
အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်မှ ပြန်ရောက်သောအခါ ထိုအလုပ်သမားကို
ယနေ့ ဥပုသ်နေ့ဖြစ်ကြောင်းကို မည်သူမှ မပြောကြဘူးလားဟု မေးမြန်းရာ အလုပ်သမားတို့က
မပြောမိပါဟု ဖြေဆိုကြသည်။ ထိုသို့ဆိုလျှင် သူ့အတွက် တစ်ယောက်စာ ညစာထမင်းချက်ထား
လိုက်ကြဟု မှာကြားထားလေသည်။ ထမင်းချက် ကျွန်မသည် ထိုအလုပ်သမား တောမှ ပြန်လာ
သောအခါ ထမင်းခူး၍ ပေးလေ၏။ အလုပ်သမားက " အခြားနေ့များတွင် ဤထမင်းစားချိန်မှာ
တစ်အိမ်လုံး ဆူညံလျက်ရှိ၏။ ယနေ့ အဘယ်ကြောင့် တိတ်ဆိတ်နေသလဲ" ဟု ကျွန်မအား
မေးမြန်းရာ "ယနေ့ အိမ်ရှိလူအားလုံး ဥပုသ်စောင့်ကြသည် အမောင်တစ်ယောက်သာ ဥပုသ်
မစောင့်ဖြစ်သဖြင့် ထမင်းချက်ကြွေးသည်" ဟု ပြောဆိုသောအခါ အလုပ်သမားသည် " ဤယခု
ညချမ်းအခါ၌ ကျွနု်ပ်လည်း ဥပုသ်စောင့်ချင်ပါသည်၊ ဥပုသ်စောင့်၍ ရမရ သူဌေးကြီးကို မေးပေးပါ"
ဟု တောင်းဆိုသောကြောင့် အလုပ်သမားတို့က သူဌေးကြီးကို မေးပေးကြသည်။
အနာထပိဏ်သူဋ္ဌေးကြီးက"တစ်ရက်လုံး ဥပုသ်ကျင့်သုံးဖို့တော့ မဖြစ်နိုင်တော့၊ နေ့တစ်ဝက် ကျင့်သုံး
ဖို့တော့ ဖြစ်နိုင်ပါ၏" ဟု ဖြေကြားသောအခါ အလုပ်သမားသည် ထမင်းမစားတော့ဘဲ နေ့တစ်ဝက်
ဥပုသ်ဆောက်တည်လေသည်။ အလုပ်သမား၏ ခန္ဓာကိုယ်မှာ အစာအဟာရလုံးဝ မရှိသောကြောင့်
ညဉ့်သန်းခေါင်ယံအခါတွင် ပြင်းထန်တဲ့ဝေဒနာခံစားရပြီး နံနက်မိုးလင်းသောအခါ သေဆုံးခဲ့လေသည်။
"ထိုသို့ နေ့တစ်ဝက် ဆောက်တည်ခဲ့သော ဥပုသ်ကုသိုလ်ကောင်းမှုကြောင့် ဤကဲ့သို့သော နတ်စည်းစိမ်
ချမ်းသာကို ခံစားရပါသည်" ဟု ရသေ့တို့အား ရှင်းပြလေ၏။
ညောင်ပင်စောင့် နတ်မင်းက ထိုသို့ရှင်းပြပြီးသောအခါ ရသေ့များက "သင်ပြောသော စကားများ
ထဲတွင် ဘုရား၊ တရား၊ သံဃာ ဟူသော ရှေးကမကြားဘူးသော စကားများကို ကြားရသည်၊
လောက၌ မြတ်စွာဘုရားရှင် ပေါ်ထွန်းနေပြီလော" ဟု မေးမြန်းကြရာ ညောင်ပင်စောင့်နတ်က
မြတ်စွာဘုရား ပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ ယခုအခါ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်း၌ သီတင်း
သုံးနေလျက်ရှိကြောင်း ပြောပြလေသည်။ ရသေ့တို့သည် ထိုစကားကို ကြားရပြီးသောအခါ
ရွှင်လန်းဝမ်းမြောက်စွာဖြင့် ကောသမ္ဗီပြည်သို့ ခရီးဆက် ကြလေသည်။ ကောသမ္ဗီသို့ ရောက်သော
အခါ သူဌေးကြီးသုံးဦး ကပ်လှူသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်အပြီး သာဝတ္ထိပြည်သို့
ခရီးဆက်ဖို့ ပြင်ဆင်ကြလေ၏။ ထိုအခါ သူဌေးတို့က အရင်က မိုးတွင်းလေးလပတ်လုံး
ကောသမ္ဗီမှာ သီတင်းသုံးကြသည်၊ ယခု အဘယ်ကြောင့် အဆောတလျင် အခြားအရပ်သို့
ကြွတော်မူပါမည်နည်းဟု လျှောက်ထားသောအခါ ရသေ့တို့က "လောက၌ မြတ်စွာဘုရားရှင်
ပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန်အတွက် သာဝတ္ထိပြည်သို့
သွားရောက်ကြမည်ဖြစ်ကြောင်း" ပြောကြားလေ၏။ ထိုအခါ သူဌေးသုံးဦးတို့က မြတ်စွာဘုရားရှင်
ပေါ်ထွန်းနေသည်ဆိုပါက အကျွနု်ပ်တို့လည်း ဖူးမြော်လိုပါသည်၊ အတူတကွ ကြွကြမည်ဖြစ်ကြောင်း
ပြောဆိုသောအခါ ရသေ့တို့ သင်တို့လူများ အဖို့ အလုပ်ကိစ္စ အလွန်ရှုပ်ထွေးလှသည်၊ နောက်ကနေ
လိုက်ခဲ့ကြဟု ပြောဆိုကာ ဘုရားရှင်အား ဖူးမြော်ရန်အတွက် ရှေ့မှ ထွက်ခွါသွားကြလေ၏။
ကောသမ္ဗီမြို့၌ ကျောင်းကြီး(၃)ကျောင်းပေါ်ပေါက်လာခြင်း

ရသေ့အပေါင်းတို့သည် ဘုရားရှင်အထံသို့ ရောက်ပြီးသောအခါ ရှင်ရဟန်းပြု၍ ဘုရားရှင်ဟောသော
တရားကို နာကြားရ၍ ရသေ့အားလုံး ရဟန္တာဖြစ်သွားကြလေသည်။ သူဌေးကြီး သုံးဦးတို့သည်လည်း
လှူဖွယ်ဝတ္ထုများကိုပြင်ဆင်ကာ နောက်မှ လှည်းအစီး ၅၀၀ ဖြင့် လိုက်ခဲ့ကြကုန်၏။ မြတ်စွာဘုရားရှင်
အထံသို့ ရောက်သောအခါ ဘုရားရှင်ဟာကြားသော တရားတော်များကို နားကြားပြီးအဆုံး၌
သောတာပန် အရိယာများ ဖြစ်သွားခဲ့သည်။ နောက်တစ်နေ့၌ ဘုရားရှင်နှင့် သံဃာတော်တို့အား
ကြီးစွာသော အလှူကြီးပေးလှူအပြီး မြတ်စွာ ဘုရားရှင်အား ကောသမ္ဗီပြည်သို့ ကြွရောက် ချီးမြင့်တော်မူပါရန် တောင်းပန်လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်က "ဒါယကာတို့
မြတ်စွာဘုရားရှင်တို့သည် စိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော် မူကြကုန်သည်" ဟု မိန့်တော်မူလေသည်။
သူဌေးသုံးဦးကလည်း သိပါပြီ မြတ်စွာဘုရားဟု လျှောက်ထား၍ "အရှင်မြတ်တို့သည် တပည့်တော်များ
သတင်းစကားပို့၍ ပင့်ဖိတ်သောအခါ ကြွရောက်ချီးမြင့်တော်မူပါဘုရား" ဟု လျှောက်ထား၍ မြတ်စွာ
ဘုရားရှင်အား ရှိခိုးဦးချပြီး ကောသမ္ဗီပြည်သို့ ပြန်ခဲ့ကြလေသည်။
ကောသမ္ဗီပြည်သို့ ပြန်ရောက်သောအခါ သူဌေးကြီးသုံးတို့သည် မိမိတို့၏ ဥယျာဉ်အသီးသီး၌
ကျောင်းတိုက်ကြီးများ တည်ဆောက်ကြလေသည်။ ထိုကျောင်းတိုက်သုံးတိုက်တို့အနက်
ဃောသိတာရုံ သူဌေး ဆောက်လုပ်သောကျောင်းတိုက်ကြီးသည် "ဃောသိတာရုံ" ကျောင်းတိုက်ဟု
အမည်တွင်သည်။ ကုက္ကုဋသူဌေး ဆောက်လုပ်သော ကျောင်းတိုက်ကြီးသည် "ကုက္ကုဋာရုံ"
ကျောင်းတိုက်ဟု အမည်တွင်ပြီး ပါဝါရိကသူဌေး ဆောက်လုပ်သော ကျောင်းတိုက်သည်
"ပါဝါရိကာရုံ" ကျောင်းတိုက်ဟု အမည်တွင်လေသည်။ ကျောင်းတိုက်များ ဆောက်လုပ်ပြီး
သောအခါ မြတ်စွာဘုရားရှင်အား ကောသမ္ဗီပြည်သို့ ကြွရောက်ချီးမြောက်တော်မူပါရန်
တမန်တော်စေလွတ်၍ ပင့်ကြလေသည်။ မြတ်စွာဘုရားရှင်သည် သံဃာတော်အပေါင်းခြံရံ၍
ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူ၏။
မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား တရားဟောတော်မူခြင်း

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွရောက်စဉ် လမ်းခရီးအကြား၌ မာဂဏ္ဍီပုဏ္ဏားကြီး
ဇနှီးမောင်နှံတို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကိုမြင်တော်သဖြင့် သွားမြဲသောခရီးစဉ်မှ
သွေဖယ်၍ ကုရုတိုင်းသို့ ကြွတော်မူ၏။ လမ်းခရီးအကြား၌ မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာ
ဘုရားရှင်ကို တွေ့သောအခါ ဤယောကျာ်းသည် ရုပ်ရည်အဆင်း တင့်တယ်ခြင်း ရှိလှပေသည်။
ငါ့သမီး (မာဂဏ္ဍီ) နှင့် ထိုက်တန်သောသူဖြစ်ပေသည် ဟု ကြံစည်ပြီး အိမ်သို့ အလျင်အမြန်ပြန်
ခဲ့လေသည်။ အိမ်ရောက်သောအခါ ဇနီးနှင့် သမီးကို ခေါ်ပြီး ဘုရားရှင်နောက်သို့ လိုက်ခဲ့ကြသည်။
ဘုရားရှင်သည် ခြေတော်ရာကို ချထားခဲ့၍ မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူ၏။ မာဂဏ္ဍီပုဏ္ဏားကြီး
သည် ဘုရားရှင်နှင့် တွေ့ဆုံသောနေ့ရာသို့ ရောက်သောအခါ ဘုရားရှင်ကို မမြင်ရသောအခါ
မြတ်စွာဘုရားရှင် ကြွတော်မူရာ အရပ်သို့ ကြည့်ရှူစဉ် ခြေတော်ရာကို မြင်ရ၍ "ရှင်မ ဤခြေရာ
သည် ငါတွေ့ခဲ့သော ယောကျာ်း၏ ခြေရာတို့တည်း" ဟု ပြောဆိုလေ၏။
ထိုအခါ ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားရှင်၏ ခြေရာကိုတွေ့ရ၍ "ပုဏ္ဏားကြီး သင်ဟာအလွန်
မိုက်မဲတဲ့သူပဲ ဒီခြေရာဟာ ကာမဂုဏ် ခံစားတဲ့သူရဲ့ ခြေရာမဟုတ်ဘူး၊ ကိလေသာကုန်ပြီးသူ
ဘုရားရှင်၏ ခြေရာ ဖြစ်မှာပဲ"ဟု ပြောဆိုလေ၏။ ပုဏ္ဏားကြီး ဤခြေရာကို သေချာကြည့်လော့
"ရာဂများသူ၏ ခြေရာသည် အလယ်က မထိဘဲ ရှိတတ်၏။  ဒေါသများသူ၏ ခြေရာသည်
ဖနောင့်တွင်းရာ နက်နေတတ်၏။ မောဟ များသူ၏ ခြေရာသည် ဒရွတ်တိုက် ဆွဲသကဲ့သို့
ရှိတတ်သည်။ ယခုတွေ့မြင်ရသော ခြေရာသည်ကား ကိလေသာ ကုန်ပြီးသူ သဗ္ဗညုဘုရားရှင်၏
ခြေရာသာ ဖြစ်၏ ဟု ပြောဆိုလေသည်။ ထိုသို့ ပုဏ္ဏားကြီးနှင့် အခြေအတင် ပြောဆို
ကြရင်း ဟိုဟိုဒီဒီ ရှာကြသောအခါ ဆွမ်းခံရာမှ ပြန်ကြွလာသော မြတ်စွာဘုရားရှင်ကို
တွေ့ကြလေသည်။

မာဂဏ္ဍီ မိဖုရား

မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို တွေ့သောအခါ အနားသို့ ချဉ်းကပ်၍
" ဤကမ္ဘာလောက၌ ငါ့သမီးနှင့် ရုပ်ရည်အဆင်းတူညီသော ငါ့သမီးနှင့်ထိုက်တန်သောသူသည်
မရှိ၊ သင်၏ ရုပ်ရည်အဆင်းသည် ချောမောလှပ လှပေသည်။ ငါ့သမီးကို သင့်အား လုပ်ကျွေး
ပြုစုရန် ပေးလိုပါသည်" ဟု ပြောကြားလေသည်။
ထိုအခါ မြတ်စွာဘုရားက မိန့်တော်မူသည်မှာ…
ဒိသွာန တဏှံ အရတိ ံ ရဂဉ္စ။
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိ ံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ နဣစေ ္ဆ။ (ခု၊ ၁၊ ၄၀၉) 
တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်မင်း၏ သမီးတော်သုံးယောက်ကို မြင်ရ၍သော်လည်း
မေထုန်အမှု၌ လိုလားတပ်မက်မှုဆန္ဒ မဖြစ်ခဲ့ပေ။ ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ပြည့်နေသော
ဤသူငယ်မ၏ ရုပ်အဆင်းကို မြင်ရရုံမျှဖြင့် လိုလားတပ်မက်မှု အဘယ်မှာ ဖြစ်နိုင်လိမ့်မည်နည်း။
သင်တို့သမီး မာဂဏ္ဍီ ကို ခြေဖြင့် ထိရုံမျှပင် ငါအလိုမရှိ ဟု မိန့်တော်၏။
(ခု၊ ၁၊ မြန်မာပြန် - ၃၈၅ - ၃၈၆)
ထိုကဲ့သို့ မိန့်ကြားမှု့၏ အဆုံးမှာ မာဂဏ္ဍီ၏ မိဘနှစ်ပါးဖြစ်သည့် ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည်
အနာဂမ်အရိယာများ ဖြစ်သွားခဲ့ကြသည်။ မာဂဏ္ဍီ ရန်ငြိုးဖွဲ့မည်ကို ဘုရားရှင်က သိသော်လည်း
မိဘဖြစ်သူ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီး တို့၏ မဂ်တရား ဖိုလ်တရား ရမည်ကို သိတော်မူကြောင့် ထိုသို့
မိန့်ကြားခဲ့ခြင်း ဖြစ်လေသည်။ သမီးချော မာဂဏ္ဍီကို ညီဖြစ်သူ စူဠမာဂဏ္ဍီ ထံအပ်နှံ၍ ရဟန်းပြုခဲ့ကြရာ
နောက်ဆုံး ရဟန္တာများ ဖြစ်သွားခဲ့ကြသည်။
အလှဒေဝီ မာဂဏ္ဍီ လေးကတော့ " ငါ့ကို မလိုချင်ရင် မလိုချင်ဘူးပြောပေါ့၊ အခုတော့ ငါ့ကို
ကျင်ကြီး ကျင်ငယ်တွေနဲ့ပြည့်နေတဲ့သူ၊ ခြေဖျားဖြင့်တောင် မထိလိုဟု မညှာမတာပြောရက်တယ်၊
ဒါ ငါ့ကို ပရိသတ်အလယ်မှာ သက်သက်အရှက်ခွဲတာပဲ။ နေနှင့်အုံးပေါ့ ငါရဲ့ အမျိုးဇာတ်၊ အနွယ်
စည်းစိမ် နှင့် အရွယ်တို့၏ပြည်စုံမှု့ကို အကြောင်းပြုပြီး သင့်တော်တဲ့ ယောကျာ်းကို ရအောင်ရှာပြီး
ရဟန်းကြီး ဂေါတမကို လက်စားချေမယ် " ဟု ဆိုကာ ဘုရားရှင်အား ရန်ငြိုးဖွဲ့ခဲ့လေသည်။
နောင်သောအခါ ဦးလေးဖြစ်သူ စူဠမာဂဏ္ဍီသည် တူမချော မာဂဏ္ဍီ ကို ဥတေနမင်းကြီးထံသို့
ဆက်သရာ ဥတေနမင်းက အခြွေအရံအမျိုးသမီး ၅၀၀ ကိုပေးပြီး အဂ္ဂမဟေသီမိဖုရားအဖြစ်
ချီးမြောက်ခဲ့သည်။
ကောသမ္ဗီပြည်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို အလှူခံတော်မူခြင်း

မြတ်စွာဘုရားရှင် မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံကို ချေချွတ်တော်မူပြီးနောက် ဆက်လက်၍
ခရီးဒေသစာရီ ကြွတော်မူခဲ့ရာ များစွာသော ရဟန်းအပေါင်းခြံရံလျှက် ကောသမ္ဗီပြည်သို့
ရောက်တော်မူလေ၏။ သူဌေးသုံးဦးတို့သည် မြတ်စွာဘုရားရှင် ကြွတော်မူလာသည်ကို
သတင်းစကားကြားရသောအခါ ခမ်းနားကြီးကျယ်စွာ ကြိုဆိုကြပြီး ကျောင်းတိုက်သို့ အရောက်
ပို့ဆောင်ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားရှင်အား ကျောင်းတိုက်ကြီး သုံးခုကို လှူဒါန်းကြ
လေသည်။ ဘုရားရှင်သည် သူဌေးကြီးသုံးဦး လှူဒါန်းသော ကျောင်းတိုက်ကြီး သုံးတိုက်ကို
အလှူခံတော်မူပြီး တစ်ကျောင်းတလှည့်စီ သီတင်းသုံးကာ ကောသမ္ဗီပြည်၌ ၉ ဝါမြှောက် ဝါဆို
တော်မူလေသည်။



မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်ရာဟောင်း နေရာများကိုတော့ ယနေ့
အချိန်တွင် မြင်တွေ့နိုင်သည်။ ဥတေနမင်း နန်းတော်ရာဟောင်းနေရာနှင့် ခန့်မှန်း ၃ ကီလိုမီတာ
အကွာဝေးလောက်တွင် တည်ရှိသည်။ ထိုကျောင်းတော်ရာ အနီးတွင်တော့ အသောက ကျောက်စာ
တိုင်ကိုပါ ပူးတွဲတွေ့ရသည်။ ဘုရားရှင် ဝါဆိုတော်မူရာ နေရာဒေသတိုင်းတွင် အသိအမှတ်ပြုသည့်
အနေဖြင့် အသောကမင်းကြီးမှ ကျောက်စာတိုင်များ စိုက်ထူထားခဲ့ပါသည်။ ကျောက်စာတိုင်
အနီးတွင် ရှိသော ကျောင်းတော်ရာသည် ကုက္ကုဋာရုံကျောင်းတော်ရာလော ပါဝါရိကာရုံကျောင်း
တော်ရာလောဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါ။ သမိုင်းပညာရှင်များသာ တိတိကျကျ
သိနိုင်ကြပေလိမ့်မည်။
တရုတ်ဘုန်းတော်ကြီး ဟူယင်ဆန် ဝံသတိုင်း ကောသမ္ဗီပြည်သို့ ရောက်ခဲ့စဉ်ကပင် ကျောင်းတိုက်ကြီး
သုံးခုမှာ ပျက်စီးနေကြပြီး ထိုဝန်းကျင်တဝိုက်၌ ဟိန္ဒူဘာသာများ လွမ်းမိုးနေခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ထိုနေရာ၌ ဗုဒ္ဓဘာသာ ရဟန်းတော် ၃၀၀ ခန့်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်ဘုန်းတော်ကြီး ဖာဟီယန်ကလည်း ကောသမ္ဗီ၌ စန္ဒကူးသား ဗုဒ္ဓဆင်းတုတော်တစ်ဆူ
ကိန်းဝပ်ရာ ၁၈ မီတာ နီပါးမြင့်သော ဘုရားကျောင်းကြီးတစ်ခုလည်း တွေ့မြင်ခဲ့သည်ဟု ဆိုသည်။
ယနေ့အချိန်တွင်တော့ ထိုဘုရားကျောင်းကြီးကို မတွေ့မြင်ရတော့ပါ အားလုံးဖျက်ဆီးခံလိုက်ရပေပြီ။
************************
ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ
https://shinsami.blogspot.com


0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊