Monday, September 30, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၆ (ကောသမ္ဗီ ပြည်)

ဝါသုလဒတ္တာ မိဖုရား

ဥတေနမင်းကြီး၏ မိဖုရား ၃ ဦးအနက် ကျန်တစ်ဦးမှာ ဝါသုလဒတ္တာမိဖုရားဖြစ်သည်။ ဝါသုလ
ဒတ္တာသည် ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတာမင်း၏ သမီးဖြစ်သည်။ ဘဂ္ဂတိုင်း၊ သုသုမာရဂီရိမြို့၌
နေထိုင်သော ဗောဓိမင်းသားသည် ဥတေနမင်းနှင့် ဝါသုလဒတ္တာမိဖုရားတို့၏ သားတော်
တစ်ပါးဖြစ်သည်။ ဝါသုလဒတ္တာမိဖုရား၏ ဖခင် စန္ဒပဇ္ဇောတာမင်းသည် ယာဉ်မျိုးငါးပါးကို
ပိုင်ဆိုင်သော မင်းတစ်ပါးဖြစ်သည်။ ၎င်းတို့မှာ --
၁။ ဘဒ္ဒဝတီဆင်မ - တစ်နေ့လျှင် ယူဇနာငါးဆယ် သွားနိုင်သည်။
၂။ ဘီလူးနှင့်စပ်၍ မွေးလာသော ကာကာကျွန် - တစ်နေ့လျှင် ယူဇနာခြောက်ဆယ်
    သွားနိုင်သည်။
၃။ စေလကဋ္ဌိကမြင်း နှင့်
၄။ မုဉ္စကေသီ မြင်းနှစ်ကောင် - တစ်နေ့လျှင် ယူဇနာတစ်ရာ သွားနိုင်သည်။
၅။ နာဠာဂီရိဆင် - တစ်နေ့လျှင် ယူဇနာတစ်ရာ့နှစ်ဆယ် သွားနိုင်သည်။
စန္ဒပဇ္ဇောတာမင်းသည် ကောသမ္ဗီပြည် ဥတေနမင်းမှာ ဆင်ချစ်စောင်း၊ ဆင်ချစ်မန္တာန်ရှိ၍
ဆင်ယာဉ်နှင့် သူမတူအောင် ပြည့်စုံကြောင်း ကြားသိရသောအခါ ဆင်ချစ်မန္တာန်ကို
ရယူလိုသဖြင့် နည်းပရိယာယ်သုံးကာ ဥတေနမင်းကို ဖမ်းယူခဲ့ပြီးနောက် ဆင်ချစ်မန္တာန်
ကို သူ့အားသင်ပေးဖို့ တောင်းဆိုခဲ့သည်။ ဥတေနမင်းက ငါ့အား ရှိခိုး၍ သင်ယူပါက
သင်ပေးမည်ဖြစ်ကြောင်း ပြောဆိုသောအခါ စန္ဒပဇ္ဇောတာမင်းက ရှိမခိုးနိုင်သဖြင့်
သမီးဖြစ်သူ ဝါသုလဒတ္တာအား သင်ယူစေခဲ့သည်။ စန္ဒပဇ္ဇောတာမင်းသည် သမီးတော်
နှင့် ဥတေနမင်းတို့ ချစ်ကျွမ်းဝင်သွားမည်ကို စိုးသောကြောင့် ကြားတွင် ကန့်လန့်ကာ
ခြား၍ သင်ယူစေခဲ့သည်။ ဝါသုလဒတ္တာသည် မန္တာန်ကို ပီပြင်စွာ မရွတ်ဆိုနိုင်သော
ကြောင့် ဥတေနမင်းမှ ကန့်လန့်ကာကို ပင့်၍ကြည့်ရာ တစ်ဦးကိုတစ်ဦး မြင်လျှင်
မြင်ချင်း ချစ်မိသွားကြသည်။ ထို့နောက် ဥတေနမင်းမှ ငါ့အသက်ကို ကယ်ပါက
အခြွေအရံအမျိုးသမီးငါးရာပေးပြီး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အရာဌာနကို ပေးမည်
ဟုပြောကြားရာ ဝါသုလဒတ္တာ မိဖုရားက ဖခင်စန္ဒပဇ္ဇောတာမင်း ဥယျာဉ်ကစားထွက်သည့်
အချိန်တွင် ကယ်ထုတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကောသမ္ဗီပြည်သို့
ရောက်သောအခါ ဝါသုလဒတ္တာကို အခြွေအရံငါးရားနှင့်တကွ အဂ္ဂမဟေသီ မိဖုရား
ခေါင်ကြီးအဖြစ် ချီးမြင့်မြှောက်စားခဲ့လေသည်။

ဃောသိတာရုံကျောင်းတော်ရာ

ဘုရားရှင် သီတင်းသုံးတော်မူခဲ့သော ဃောသိတာရုံကျောင်းတော်ရာသည် အသောက
ကျောက်စာတိုင်ရှိသော ကျောင်းတော်ရာနှင့် တစ်ကီလိုမီတာခန့် အကွာတွင်ရှိသည်။
တရုတ်ရဟန်းတော် ဖာဟီယန် ကောသမ္ဗီသို့ ကြွရောက်သောအခါ ဃောသိတာရုံကျောင်း
တိုက်၌ သီတင်းသုံးနေသော ရဟန်းတော်များ တွေ့ရသေးသည်ဟု ဆိုသည်။ ရဟန်းတော်
ဟူယင်ဆန်ခေတ်၌မူ ဃောသိတာရုံကျောင်းသည် စွန့်ပစ်ခံထားရပြီး အပျက်အစီးများသာ
တွေ့ရတော့သည်ဟု ဆိုသည်။ ထိုဃောသိတာရုံ ကျောင်းတော်ရာကို ၁၉၅၁ ခုနှစ်တွင်
ကောသမ္ဗီ၌ စတင်ခဲ့သည့် တူးဖော်မှုများအတွင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုအနား၌
တရုတ်ရဟန်းတော် ဟူယင်ဆန်က အသောကဘုရင်တည်ဆောက်ခဲ့သော ၆၁ မီတာ
မြင့်သော စေတီတော်ကြီးတစ်ဆူကိုလည်း တွေ့ရှိခဲ့ရသေးသည်ဟု ဆိုသည်။ ယနေ့အချိန်
မှာတော့ မတွေ့မြင်ရတော့ပါ။ ဤ ဃောသိတာရုံကျောင်းတိုက်သည် ကောသမ္ဗီမြို့ရိုးအတွင်း
ဘက် အရှေ့ဘက်ဂိတ်အနီးတွင် တည်ရှိသည်။


ဤ ကောသမ္ဗီမြို့မှာ တူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်းအုပ်ခွက်များပါဝင်သော ဗုဒ္ဓဘာသာ
ဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့် အသောကကျောက်စာတိုင် ထိပ်ပိုင်းအောက်ခံကို ယနေ့
အချိန်တွင် (Allahabad) အလာဟဘတ်မြို့ ပြတိုက်၌ တွေ့မြင်နိုင်သည်ဟု ဆိုသည်။
ရှေးဟောင်းသမိုင်းဋ္ဌာနနှင့် အလာဟဘတ်တက္ကသိုလ်ပြတိုက်တွင်မူ  တံဆိပ်များ၊ ကျောက်
စာများ၊ ပန်းပုလက်ရာများနှင့် ဃောသိတာရုံကျောင်းတော်ရာကို တူးဖော်စဉ်က ရရှိထားသည့်
အခြားသော ရှေးဟောင်းပစ္စည်းများကို ပြသထားသည်ဟု ဆိုသည်။
သာသနာ့သမိုင်းတွင် ပထမဆုံး သံဃာဂိုဏ်းကွဲမှုကြီးဖြစ်ပေါ်ရာဋ္ဌာန

မြတ်စွာဘုရားရှင် ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ်
သံဃာအချင်းချင်း ငြင်းခုံခိုက်ရန်ဖြစ်ပွါးမှု့ သံဃဝိဝါဒါဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့သည်။
ဖြစ်ပေါ်လာပုံမှာ ဝိနည်းဆောင်ရဟန်းနှင့် သုတ္တန်ဆောင်ရဟန်းတို့သည် တစ်ကျောင်း
ထဲ၌ နေထိုင်ခဲ့ရာ တနေ့သောအခါ သုတ္တန်ဆောင်ရဟန်းသည် ကုဋီ(အိမ်သာ) ဝင်ပြီး
သန့်သက်ရေခွက်ထဲ၌ ရေကြွင်းရေကျန်ထားပြီး အမှတ်တမဲ့ ထွက်သွားခဲ့သည်။ ဝိနည်း
ဆောင်ရဟန်းသည် ကုဋီသို့ဝင်သောအခါ ခွက်ထဲ၌ ရေကျန်များကို တွေ့မြင်ရ၍ ကုဋီမှ
ထွက်ပြီးလျှင် သုတ္တန်ဆောင်ရဟန်းကို "ငါ့ရှင် ဤသန့်သက်ရေကျန်ကို သင်ထားခဲ့
သလော"ဟု မေးလေ၏။ သုတ္တန်ဆောင်ရဟန်းက "ဟုတ်ပါသည် ငါ့ရှင်"ဟု ရိုးသားစွာ
ဝန်ခံသောအခါ "ငါ့ရှင် ရေကြွင်းရေကျန်ကို ထားခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်သည်ကို
မသိဘူးလား"ဟု မေးမြန်းရာ "မသိပါ ငါ့ရှင်" ဟု သုတ္တန်ဆောင်ရဟန်းက ဆိုလေရာ
ဝိနည်းဆောင် ရဟန်းက "ငါ့ရှင် ဤသန့်သက်ရေကြွင်းကို ခွက်အတွင်း၌ ထားခဲ့ရာ၌
အာပတ်သင့်သည်" ဟု ပြောဆိုလေ၏။ "အာပတ်သင့်လျှင် ဒေသနာကြားပါမည်"ဟု
သုတ္တန်ဆောင်ရဟန်းက ဆိုလေရာ ဝိနည်းဆောင်ရဟန်းက "အကယ်၍ သင်သည်
စေတနာမရှိပဲ မေ့လျော့သဖြင့် ပြုမိခဲ့လျင် အာပတ်မသင့်ပါ" ဟု ပြောဆိုလေသည်။
(စင်စစ်မူ စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်သက်ရေကြွင်းရေကျန် ထား
ရှိခဲ့လျှင် ဒုက္ကာဋ်အာပတ် သင့်သည် ဖြစ်၏)။
နောင်သောအခါ ဝိနည်းဆောင်ရဟန်းက မိမိ၏ တပည့်များကို "သုတ္တန်ဆောင်
ရဟန်းသည် အားပတ်သင့်ပါလျက် ဘာမှမသိ"ဟု ရှုတ်ချစကားပြောဆို၏။ ဝိနည်း
ဆောင်ရဟန်း၏ တပည့်တို့က သုတ္တန်ဆောင်ရဟန်း၏ တပည့်များကို တွေ့မြင်လျှင်
"သင်တို့၏ ဥပဇ္ဈယ်ဆရာဟာ အာပတ်သင့်လို့ သင့်မှန်းပင် မသိ"ဟု ကဲ့ရဲ့ရှုတ်ချ
စကားပြောကြားကြရာ သုတ္တန်ဆောင် ရဟန်း၏ တပည့်များက မိမိတို့ဆရာထံ
သွားရောက်၍ လျှောက်ထားကြသည်။
သုတ္တန်ဆောင် ရဟန်းသည် "ဒီဝိနည်းဆောင်ရဟန်းဟာ ရှေးတုန်းကတော့ အာပတ်
မသင့်ဘူးပြောပြီး ယခုအာပတ်သင့်တယ်လို့ ပြောပြန်သည်၊ ဒီဝိနည်းဆောင်ရဟန်းဟာ
မုသားပြောကြားသူပဲ"ဟု ပြောဆိုခဲ့သည်။ သုတ္တန်ဆောင်ရဟန်း၏ တပည့်များသည်
ဝိနည်းဆောင်ရဟန်း၏ တပည့်များထံ သွားရောက်၍ "သင်တို့ရဲ့ ဥပဇ္ဈယ်ဆရာ ဝိနည်း
ဆောင်ရဟန်းဟာ မုသားစကားပြောကြားသူပဲ"ဟု ပြောဆိုကြရာ အချင်းချင်း ငြင်းခုံ
စကားတိုးပွါးလာခဲ့ကြသည်။ ထိုဘာမှမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြု၍ တစ်ဦး
ကိုတစ်ဦး မာန တွေရှေ့တန်းတင်လျက် အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ မာနသည်
သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။ နိမ့်သူ ကိုလည်း ယှဉ်သည်။
မာန၏ အလှည့်အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ စိတ်ထားသည်ကား
ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။ ထိုရဟန်းတို့သည်
မာနတွေ ရှေ့တန်းတင်လျက် တဖက်နှင့် တဖက် ငြင်းခုန်ကြရင် ကြီးစွာသော အဓိကရုဏ်း
ကြီးတစ်ခု ဖြစ်၍လာသည်။
မြတ်စွာဘုရားသည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင်
ကြွရောက်၍ ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ
မာန်မာနတို့ ကြီးကျယ်ခမ်းနား လာသောအခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို
တရားဟု မမြင်တော့။ အမှားကိုလည်း အမှားဟု မမြင်ကြတော့။ မြို့တွင်း ဆွမ်းစားဇရပ်
စသည်၌ ငြင်းခုံခိုက်ရန်ပြုကြသည်။ လက်ရောက်ကျူးလွန်မှု့များကိုလည်း ပြုလုပ်ကြသည်။
ဝိနည်းဆောင် သံဃာများကလည်း မိမိတို့ ပြောသည့် စကားသာလျင် မှန်သည် အခြား
ပုဂ္ဂိုလ်များ ပြောသောစကားများမှာ မမှန်ဟု ထင်ကြသည်။ သုတ္တန်ဆောင် သံဃာများ
ကလည်း မိမိတို့ ပြောဆိုသော စကားများကသာ မှန်သည်၊ အခြားပုဂ္ဂိုလ်များ ပြောသော
စကားများမှာ မမှန်ဟု ထင်ကြပြန်သည်။ နောက်ဆုံး တဖက် နှင့် တဖက် ဂိုဏ်းကွဲသည့်
အနေအထားသို့ ရောက်ကုန်တော့၏။
မြတ်စွာဘုရားရှင်က ပြန်လည် သင့်မြတ်စေဖို့ရန် အမျိုးမျိုး ညီညွတ်ရေးတရားဟောကြား
သော်လည်း သံဃာများ၏ ငြင်းခုန်မှု မရပ်သောအခါ "မဂ်ဖိုလ်ကိစ္စမပြီး အချည်းနှီးအလကား
ဤယောကျာ်းတို့သည် ဆုံးမ၍ မရတော့ကုန်၊ အသိတရားရဖို့ရန် မလွယ်ကူ" ဟု နှလုံးသွင်း
လျက် ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွသွားတော်မူ၏။ ဆိုဆုံးမ ခက်သော
ပုဂ္ဂိုလ်များအတွက် ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်သည်။
မြတ်စွာဘုရားရှင် ပါလိလေယျက တော၌ ဆယ်ဝါမြောက် ဝါဆိုတော်မူခဲ့သည်။
(မြတ်စွာဘုရားရှင် ပါလိလေယျကတော၌ ၁၀ မြောက်ဝါဆိုစဉ်အတွင်း ပါလိလေယျက
ဆင်မှ ဘုရားရှင်အား လုပ်ကျွေးပြုစုပုံ၊ မျောက်မှ လုပ်ကျွေးပြုစုပုံ အကျယ်ကို မဟာ
ဗုဒ္ဓဝင် စတုတ္ထတွဲ၊ အခန်း ၂၈ တွင် ကြည့်ရှူကြပါကုန်)

မြတ်စွာဘုရား ပါလိလေယျကတောသို့ ကြွသွားပြီး ရက်အတန် ကြာသောအခါ ကောသမ္ဗီ
ပြည်၌ ဃောသကသူဌေး အမှူးပြုသည့် ဒါယကာတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်
ကြရသဖြင့် ဤရဟန်းများသည် ဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီး ဘုရားရှင်၏ ဆိုဆုံးမ
မှုကို နားမထောင်ကြချေ၊ ဤရဟန်းများကို အကြောင်းပြုပြီး ငါတို့မှာ မြတ်စွာဘုရားရှင်ကို
ဖူးမြော်ခွင့် မရကြပေ။ ဒီရဟန်းများကို နေရာထိုင်ခင်း မပေးကြစတမ်း၊ ဆွမ်းမလောင်းကြ
စတမ်း၊ ရှိခိုးခြင်းစသည် မပြုကြစတမ်းဟု ကတိကဝတ် ပြုကြလေသည်။ ထိုအခါမှ စ၍
ခိုက်ရန်ငြင်းခုံဖြစ်ကြသော ရဟန်းတို့သည် ဆွမ်းကွမ်း အခက်အခဲနှင့် စတင် ကြုံတွေ့
ရတော့သည်။ ဒီရဟန်းတွေကြောင့် ငါတို့ အားကိုးစရာ မေးလျှောက်စရာ မြတ်စွာဘုရား
တောသို့ ကြွသွားတော်မူသည်ဟု ဆိုကာ ဘုရားရှင်အား မဖူးတွေ့ရတော့သောကြောင့်
ရဟန်းများကိုလည်း မည်သူမျှ ဆွမ်းမလောင်းကြတော့။
ဆွမ်းကွမ်း အခက်အခဲ ဖြစ်လာသောအခါမှ သံဃာတော်များလည်း မာနကို လျှော့လာ
လာကြသည်။ မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။
ပြဿနာကို ယထာဘူတကျစွာ မြင်လာတော့သည်။ အချင်းချင်း အပြစ်ကိုပြောကြားကာ
တောင်းပန်ဝန်ချ ကန်တော့ကြပြီး ပြန်လည်ညီညွတ်သွားကြသည်။ ဒါယကာတို့ကိုလည်း
မိမိတို့ ညီညွတ်ပြီဖြစ်ကြောင်း ရှေးယခင်ကကဲ့သို့ ပြုစုကြပါကုန်လော့ ဟု ပြောဆိုကြသော
အခါ ဒါယကာတို့က "မြတ်စွာဘုရားရှင်ကို ကန်တော့ပြီးပါပြီလား" ဟု မေးမြန်းကြသည်။
"မကန်တော့ရသေးပါ" ဟု ဖြေဆိုကြသောအခါ "ထိုသို့ဆိုလျှင် မြတ်စွာဘုရားရှင်ကို ကန်
တော့ကြပါ၊ ကန်တော့ပြီးသောအခါ ရှေးယခင်ကကဲ့သို့ ပြုစုကြပါမည်"ဟု ဒါယကာတို့က
လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်ထံသို့ သွားရောက် ကန်တော့ဖို့ရန်မှာလည်း ဝါတွင်း
ကာလဖြစ်နေသောကြောင့် မသွားဝံ့ကြဘဲ ကောသမ္ဗီရဟန်းတို့သည် ဆင်းဆင်းရဲရဲ ပင်ပင်
ပန်းပန်းဖြင့် ဝါတွင်းသုံးလကုန်အောင် စောင့်ဆိုင်းကြရတော့သည်။
မြတ်စွာဘုရားရှင် ဝါကျွတ်သောအခါ ပါလိလေယျက တောအုပ်မှ သာဝတ္ထိပြည် ဇေတဝန်
ကျောင်းသို့ ကြွရောက်တော်မူခဲ့သည်။ ကောသမ္ဗိရဟန်းတို့သည် သာဝတ္ထိပြည်သို့ လိုက်၍
မြတ်စွာဘုရားရှင်အား ဝန်ချတောင်းပန်ကြသောအခါ ကောသမ္ဗီ ရဟန်းများကို မြတ်စွာ
ဘုရားရှင်က ဤသို့ ဆုံးမတော်မူ၏။
"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင်
ထိုအဆွေခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော
အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။
သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"
တရားအဆုံး၌ ခန္ဓာဉာဏ်စိုက်၍ တရားနာနေသော ကောသမ္ဗီ ရဟန်းငါးရာသည်
ရဟန္တာများ ဖြစ်သွားတော်မူ၏။
************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ
https://shinsami.blogspot.com


1 comment:

  1. မြန်မာဘုရားဖူးများအတွက် ကျေးဇူးကြီးတဲ့ ပို့စ်တွေပါဘုရား။ ဦးတင်လျက်

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊