Friday, August 31, 2018

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၇ (နယူးဒလေီ)

မဟာသတိပဌာန်သုတ် ဟောကြားတော်မူရာဌာန

မြတ်စွာဘုရားရှင်သည် မဟာသတိပဌာန်သုတ်တော်ကို ကုရုတိုင်း ကမ္မာသဓမ္မနိဂုံးတွင်
ဟောကြားတော်မူခဲ့သည်။ ယခုအခေါ် အိန္ဒိယ၏ မြို့တော်ကြီးတစ်ခုဖြစ်သော နယူး
ဒေလီမြို့တွင် ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဤကမ္မာသဓမ္မမြို့၌ မဟာနိဒါန သုတ္တန်၊
မဟာသတိပဌာန်သုတ္တန်၊ အာနေဉ္စသပ္ပါယ သုတ္တန်၊ သာရောပမသုတ္တန်၊ မာဂဏ္ဍိယ သုတ္တန်
စသော တရားတော်များကို ဟောကြားတော်မူခဲ့သည်။ ထိုတရားတော်များထဲမှ မဟာသတိ
ပဌာန်သုတ် ဟောကြားရာဌာနဖြစ်သော ဤနေရာကို ရှေးဟောင်းသုတေသနဌာနမှ အုတ်
တံတိုင်းများဖြင့် ကာရံ၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။


မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကုရုတိုင်းသားတို့သည် ငါးပါးသီလ မြဲကြသည်။
ကုရုတိုင်းသည် ရာသီဥတုကောင်းပြီး၊ အစားအသောက်၊ ပစ္စည်ဥစ္စာများ ပေါကြွယ်ဝသော
နေရာဒေသလည်း ဖြစ်သည်။ ရာသီဥတုလည်းကောင်း၊ အစားအသောက်ကောင်းများကို
လည်း သုံးဆောင်မှီဝဲရသဖြင့် ကုရုတိုင်းတွင်ရှိကြကုန်သော လူအပေါင်းတို့သည် ကျန်းမာ
သန်စွမ်းကြသည်။ ထို့အတူ နက်နက်နဲနဲဟောကြားသည့် တရားတော်များကိုလည်း နာယူ
နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် နက်နဲသော မဟာသတိပဌာန်သုတ္တန်ကို ဤဒေသ၌ ဟော
ကြားတော်မူခဲ့၏။
မဟာသတိပဌာန် တရားတော်တို့သည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း
ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို
ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေသည်ဟု
မြတ်စွာဘုရားရှင်က ဟောကြားထားပေသည်၊၊ ထို ခရီးလမ်းသည်ကား ဤ သတိပဌာန်
လေးပါးတို့ ဖြစ်သည်။
ထိုလေးပါးတို့မှာ 
၁။ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်
ရှိသည်ဖြစ်၍ (အောက်မေ့ခြင်း)သတိ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ(လိုချင်တပ်မက်ခြင်း)
ဒေါမနဿ(နှလုံးမသာယာခြင်း) ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်
ရှုလေ့ရှိခြင်း၊
၂။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍၊ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်
ရှုလေ့ရှိခြင်း၊
၃။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍၊ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိခြင်း၊
၄။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို
အကြိမ်ကြိမ်ရှုလေ့ ရှိခြင်း၊
ဤကား အကျဉ်းမျှသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အကျယ်ကို (ဒီဃနိကာယ် ၂၊ ၁၇၅ ၊ ၂၃၁) 
(မဇ္ဈိမနိကာယ် ၁ ၊ ၇၀) (၂ ၊ ၂၀၃) (သံယုတ္တနိကာယ် ၃ ၊ ၁၂၃) တို့တွင် ကြည့်ရှူနိုင်ပါသည်။
မဟာသတိပဌာန်ကို မြတ်စွာဘုရားရှင် ညွန်ပြသည့်အတိုင်း (၇) နှစ် ပွားများလျှင် တရားထူး
ရနိုင်င်ကြောင်း၊ အချို့ဆိုလျှင် (၆) နှစ်၊ အချို့ဆိုလျှင် (၅) နှစ်၊ (၄)နှစ်၊ (၃)နှစ်၊ (၂) နှစ်၊
(၁) နှစ်စသည်၊ အချို့ဆိုလျှင် (၁၅) ရက်၊ နောက်ဆုံး (၇) ရက်ပွားများလျှင် တရားထူး
ရနိုင်ကြောင်း၊ ဉာဏ်ပညာထက်မြက်သူဆိုလျှင် မနက်ပိုင်းပွားများလျှင် ညနေပိုင်းတွင်
တရားထူးရရှိနိုင်ကြောင်း အာမခံချက်ပေး၍ မြတ်စွာဘုရားရှင်က ဟောကြားထားပေသည်။
နယူးဒေလီမြို့တွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော လေ့လာစရာနေရာဆို၍ ဤ မဟာသတိ
ပဌာန်သုတ် ဟောကြားရာနေရာတစ်ခုသာ ရှိပါသည်။
အာရှာဓမ် (Akshardham) ဟိန္ဒူဘုရားကျောင်း

နယူဒေလီမြို့သည် အိန္ဒိယ၏ မြို့တော်ကြီးဖြစ်သည့်အလျောက် လေ့လာမှတ်သားစရာ
နေရာများလည်း မြောက်များစွာရှိပါသည်။ ထိုအထဲတွင် ထူးခြားဆန်းပြားသော နေရာ
တစ်ခုမှာ Akshardham ဟိန္ဒူဘုရားကျောင်း ဖြစ်သည်။ ဟိန္ဒူဘာသာဝင်တို့အတွက်
ကမ္ဘာတွင် အကြီးဆုံးသော ဘုရားကျောင်းကြီးဖြစ်သည်ဟု ဆိုသည်။ ဤဘုရားကျောင်း
ကြီးအတွင်းသို့ ဝင်ရောက်လေ့လာမယ်ဆိုရင်တော့ စိတ်ရှည်သည်းခံရသည်။ အထဲကို
ရောက်ဖို့အတွက် ဂိတ်လေးဂိတ်ဖြတ်ရသည်။ ကင်မရာ၊ ဖုန်း၊ ဘောပင်၊ အစားအသောက်
မုန့်စသည်က အစ မည်သည့် ပစ္စည်းကိုမျှ အထဲသို့ ယူဆောင်ခွင့် မပြုပါ။ တစ်ဂိတ်ပြီး
တစ်ဂိတ် အထပ်ထပ် စစ်ဆေးသည်။ သူတို့၏ အနုပညာလက်ရာများ ဓာတ်ပုံ ဗီဒီယို
ရိုက်ကူးမည်စိုးသောကြောင့် ထင်သည် မျက်မှန်၊ ခါးပတ်ကစ အစောင့်ပေါင်းမြောက်များ
စွာမှ အထပ်ထပ် စစ်ဆေးကြသည်။ ဘုရားဖူးသူ၊ လေ့လာသူများ နည်းပါးလျှင်ပင်
အထဲကိုရောက်ဖို့ တစ်နာရီခန့် အချိန်ပေးရ၏။ စနေ၊ တနင်္ဂနွေ နှင့် သူတို့၏ နေ့ထူး
နေ့မြတ်ရက်များဆိုလျှင်ကာ ထို့ထက်မကကြာနိုင်ပါသည်။


ဘုရားကျောင်းအတွင်းသို့ ရောက်သွားလျှင် စိတ်ရှည်သည်းခံရသည်ထက်မက တန်ပါ
သည်။ အထဲသို့ရောက်သည်နှင့် မြင်တွေ့နိုင်တဲ့ မြင်ကွင်းအစုံက လေ့လာသူအဖို့ အံ့သြ
မှင်တက်ဖွယ်ကောင်းလောက်အောင် ဆန်းကျယ်လှပသည်ကို တွေ့မြင်နိုင်ပါသည်။
ဓာတ်ပုံ၊ ဗီဒီယို သာရိုက်ခွင့်ပြုမည်ဆိုရင် ထိုကျောင်းတော်ကြီးအတွင်းမှ တော်တော်နှင့်
ပြန်ထွက်ချင်မည် မထင်ပေ။ အိန္ဒိယ၏ ယဉ်ကျေးမှုများ၊ ဗိသုကာ အနုပညာလက်ရာများ၊
ပန်းချီ၊ ပန်းပု လက်ရာများက အနုစိတ်နိုင်လှပြီး လေ့လာသူများကို အလွန်ပဲ စွဲဆောင်နိုင်
သည်။ မနက် ၉ နာရီခွဲတွင် ဖွင့်လစ်ပြီး ညနေ ၆ နာရီခွဲတွင် ပိတ်ပါသည်။ နယူးဒေလီသို့
ရောက်ဖူးသူတိုင်း ဤနေရာကို သွားရောက်လေ့လာသင့်သည်ဟု ဆိုချင်မိပါသည်။


ထိုဘုရားကျောင်းကြီး ဧရိယာအကျယ်ဝန်းသည် အလွန်ကျယ်ဝန်းပြီး အလယ်၌ရှိသော
အဓိကကျောင်းဆောင်ကြီးသည် ၄၃ မီတာ အမြင့်ရှိပြီး အကျယ်အားဖြင့် ၉၆ မီတာကျယ်
ဝန်းသည်၊ အရှည်အားဖြင့် ၁၀၉ မီတာရှိသည်။ ဘေးပတ်ပတ်လည်တို့တွင်လည်း အလွန်
လှပသော ကျောင်းဆောင်များ၊ ဥယျာဉ်များဖြင့် ဝန်းရံထားသည်ကို တွေ့ရ၏။ အထဲတွင်
ပြတိုက်များ၊ သမိုင်းကြောင်း နှင့် သူတို့ဘာသာ၏ ကိုးကွယ်သူ ဘုန်းတော်ကြီးအကြောင်း
စသည်တို့ ပြသထားသော ရုပ်ရှင်ခန်းမဆောင်လည်း ရှိပါသည်။
( ထိုဟိန္ဒူကျောင်းကြီး၏ အပြည့်အစုံကို
http://en.wikipedia.org/wiki/Akshardham_(Delhi) နှင့်
http://www.akshardham.com/ တွင့် လေ့လာနိုင်ပါသည်)
Qutub Minar (ကုတွတ်မီနာ မျှော်စင် နှင့် နန်းတော်)

Qutub Minar မျှော်စင်ကြီးသည်လည်း နယူးဒေလီမြို့တွင် လေ့လာသူ နိုင်ငံခြားသား
ဧည့်သည်များဖြင့် ပြည့်နှက်နေသော ထူးခြားသော နေရာတစ်ခု ဖြစ်ပေသည်။ အိန္ဒိယ
တွင် မွတ်ဆလင်မင်းများ အုပ်စိုးစဉ်က တည်ဆောက်ခဲ့သော နန်းတော်ရာဟောင်း
ရှေးဟောင်းအဆောက်အဦ ဖြစ်သည်ဟု ဆိုသည်။ အဆောက်အဦကို အင်္ဂတေ မြေညှက်
တို့ကို မသုံးဘဲ အနီရောင်သဲကျောက် နှင့် စကျင်ကျောက်များဖြင့် ထပ်ကာ တည်ဆောက်
ထားသည် ဟုဆိုသည်။ အထဲတွင် တွေ့ရသော မျှော်စင်မှာ အိန္ဒိယတွင် အမြင့်ဆုံးသော
မျှော်စင်တစ်ခုဖြစ်ပြီး 72. 5 မီတာအမြင့်ရှိကာ ၁၁၉၂ ခုနှစ်တွင်  Qutub-ud-din Aibak
ဆိုသော မွတ်ဆလင်ဘုရင်မှ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။


(Qutub Minar အကြောင်းအပြည့်အစုံကို
http://en.wikipedia.org/wiki/Qutub_Minar ဤနေရာသို့ သွားရောက်ဖတ်ရှူနိုင်ပါသည်)

ထို Qutub-ud-din Aibak ဘုရင်၏ နန်းတော်နေရာသို့ ဝင်ရောက်လိုပါက ဝင်ကြေး
ရူပီး ၂၅၀ ပေးရသည်။ အထဲတွင် မျှော်စင်နှင့် တကွ အဆောက်ဦပျက်များ၊ သမိုင်း
ပန်းချီကားများ စသည်တို့ကို တွေ့မြင်နိုင်ပါသည်။
ဤနေရာများအပြင် အိန္ဒိယ၏ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓိ ၏
နေအိမ်၊ အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ်၏ နေအိမ် သမိုင်းပြတိုက်များ၊ သူတို့၏
အာဇာနည်ဗိမာန် နေရာ၊ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အင်ဒရာဂန္ဓီ ၏ နေအိမ်
သမိုင်းပြတိုက်၊ အိန္ဒိယဂိတ် စသည့် ထင်ရှားသည့် နေရာများကို နယူးဒေလီမြို့တွင်
လေ့လာနိုင်ပါသေးသည်။
************************

ဆက်လက်ဖော်ပြပါမည်.......................
ကိုးကား............
ဒီဃနိကာယ် မဟာဝဂ် ပါဠိတော် (မြန်မာပြန်)
wikipedia

အရှင်ဝရသာမိ
https://shinsami.blogspot.com


0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊