ကေဆရိယစေတီ
ကေဆရိယစေတီသည် ကုသိနာရုံ နှင့် ဝေသာလီ သို့ သွားသည့် လမ်းမဘေးတွင်တည်
ရှိသည်။ ဝေသာလီ နှင့် ၅၅ ကီလိုမီတာခန့်အကွာတွင် ရှိသည်။ ဘုရားရှင်လက်ထက်အခါ
က ကေသမုတ္တိနိဂုံး ဟု အမည်ရသည်။ ကေသမုတ္တိသည် ကာလမမည်သော သာကီဝင်
မင်းသားခေါင်းဆောင်များ ကောသလတိုင်း ဘုရင့်အာဏာကို တော်လှန်၍ အများပြည်သူ
ဆန္ဒနှင့်အညီကိုယ်ပိုင်အုပ်ချုပ်သည့် မြို့ဖြစ်သည်။ ကေသမုတ္တိနိဂုံးသည် မောရိယနိုင်ငံ
ထက်စော၍ မြို့ဖြစ်လာသည်ဟုဆိုသည်။ ကာသိတိုင်း၊ မလ္လတိုင်း နှင့် ကောသလတိုင်း
သို့ ရောက်ရှိနေကြသော သာကီဝင်မင်းသားများသည် မသေနဒီကောသလမင်း ပိုင်သော
ကောသမင်း၏ အစွန်အဖျားနေရာတစ်ခုကို သိမ်းပိုက်ပြီး ကိုယ်ပိုင်နယ်ဖြေအဖြစ် သတ်မှတ်
ကာ မိမိတို့၏ ဘိုးဘေးအစဉ်အလာဖြစ်သော ဘုရင်တစ်ပါးတည်း အုပ်ချုပ်သည့်စနစ်ကို
ပယ်ဖျက်၍ စုပေါင်းအုပ်ချုပ်ခြင်းဖြင့် နေထိုင်သူများ ဖြစ်ကြသည်။
မြတ်စွာဘုရားရှင်သည် ကေသမုတ္တိနိဂုံးသို့ ဒေသစာရီ ကြွတော်မူစဉ် အရေးပါဆုံးသုတ္တန်
များအနက် လူသိများ နာမည်ကျော်ကြားသော ကေသမုတ္တိသုတ္တန်ကို ဤကေသမုတ္တိနိဂုံး၌
ကာလာမင်းများအား ဟောကြားတော်မူခဲ့ရာ မြို့လည်းဖြစ်သည်။ ကေသမုတ္တိ သုတ္တန်မှာ
အောက်ပါအတိုင်း ဖြစ်သည်။
မြတ်ဗုဒ္ဓ ကေသမုတ္တိနိဂုံးသို့ ရောက်လာသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာ
ကြ၏။ မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ "အို မြတ်စွာဘုရား
မြောက်များစွာသော ဘာသာရေးသမားတို့သည် ကျွနု်ပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက်
အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ပုဂ္ဂိုလ်တို့သည် သူတို့၏ ကိုယ်ပိုင်
ဝါဒကိုသာ အကောင်း ပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကို
မူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင် ပြုကြပါ၏၊ ဘာသာရေးသမားပေါင်းမြောက်များစွာတို့
ကျွနု်ပ်တို့ကေသမုတ္တိရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒ
ကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။
ထို့ကြောင့် ယခုအခါ ကျွနု်ပ်တို့ ကေသမုတ္တိရွာသား အားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊
မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြ
ကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေး
လျှောက်ကြကုန်၏။
"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌
ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဉာဏ်ကို ဆရာ့ဝါဒတို့နှင့်
သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏
ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏
ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်...
(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်
မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုး,ဘေး,ဘီ ဘင် အစဉ်အ ဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြော ငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှား
ကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေး အခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု
အတည်မယူကြကုန် နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်း
သည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍
တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈) ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့်
ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကက ဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဝါဒသည်
ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍ လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ
အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။
"အိုကာလာမတို့ - အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင်
သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်
ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ။ ဤသည်ကား အမှား၊
ဤသည်ကား အဆိုး - ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား
အမှန် - ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို
သင်တို့ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်ပိုင်သိအောင် လုပ်ကြ။
"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်
နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။
ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုး
ဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်
ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။
သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိ နှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။
ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို
သင်တို့ ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည်"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား ဟောကြား
တော်မူခဲ့ပါသည်။ ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော
အနှိုင်းမဲ့ လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်သည်။
မြတ်ဗုဒ္ဓက အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်၊ လွတ်လပ်သောအတွေးအခေါ်၊
လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင်
ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။
ကေဆရိယသည် နှောင်းခေတ် ဒဏ္ဍာရီပုံပြင်များအရမူ ဗုဒ္ဓရှင်တော်မြတ် နောက်ဆုံးခရီးအဖြစ်
ဝေသာလီမြို့မှ ကုသိနာရုံသို့ ထွက်ခွါသွားသောအခါ ဝဇ္ဇီတိုင်းသား လူအများသည် မြတ်စွာ
ဘုရားရှင်အား နောက်ထပ်တစ်ဖန် လုံးဝဖူးမြင်ခွင့်မရတော့မည်ကို သိသဖြင့် မြတ်စွာဘုရားရှင်
နောက်သို့ လိုက်ပါကြသည်။ မြတ်ဗုဒ္ဓက ၎င်းတို့နေအိမ်သို့ ပြန်သွားကြရန် အကြိမ်ကြိမ် မိန့်
ကြားသော်လည်း လိုက်မြဲလိုက်ကြသည်။ ကေသမုတ္တိမြို့သို့ ဆိုက်ရောက်သောအခါ ဘုရားရှင်
သည် ပရိသတ်ဘက်လှည့်ကာ နောက်ဆုံးအကြိမ်အဖြစ် လူထုပရိသတ်အား ကိုယ်တော်မြတ်
တစ်ပါးတည်း ခရိးဆက်သွားခွင့်ပြုရန် တိုက်တွန်းတော်မူသည်။ ထို့နောက် ဝဇ္ဇီတိုင်းသား လူ
အများကို သနားကြင်နာတော်မူသဖြင့် မြတ်စွာဘုရားရှင်က မိမိကိုယ်စား သပိတ်တော်ကို
ပေးစွန့်တော်မူသည်။ ဝဇ္ဇီတိုင်းသားတို့သည် သပိတ်တော်ကို ယူကာ ပြန်လှည့်ကြပြီး ယင်း
သပိတ်တော်ကို ဝဇ္ဇီတိုင်း၏ မြို့တော် ဝေသာလီ၌ စေတီတည်ကာ ဌာပနာသွင်း၍ ထည့်သွင်း
ပူဇော်ကြသည်။ နောင်အခါ ဤဖြစ်ရပ်ကို အထိမ်းအမှတ်ပြုရန်အတွက် ကေသမုတ္တိမြို့၌
စေတီတည်ထားကြသည်ဟု ဆိုသည်။
ယနေ့အချိန်အခါတွင် ပျက်စီးယိုယွင်းနေသော ကေဆရိယစေတီကြီးကို ဘုရားဖူးများမြင်တွေ့
ဖူးမြော်နိုင်ပါသည်။ သမိုင်းပညာရှင် ကန်နင်ဟန်သည် ဤစေတီကို တိုင်းထွာသောအခါ လုံးပတ်
၁၄၀၀ - ပေရှိပြီး ၅၁ - ပေမြင့်သည်။ စေတီတော်၏ ကိုယ်ထည်မှာ မူလက ပေ ၇၀ - ခန့် မြင့်မည်
ဟုလည်း ခန့်မှန်းခဲ့သည်။ " ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်ချက်များအရ ထိုနေရာအနီး၌
၁၀ - ပေ စတုရန်းရှိသည့် ဘုရားကျောင်းငယ်တစ်ခု၏ အုတ်နံရံများ ရစ်ပတ်ခွေလိမ်နေသည့် ဆံပင်
ပုံစံပါရှိသော ပမာဏကြီးမားသည့် ဗုဒ္ဓဆင်းတုတော်၏ ဦးခေါင်းတော်နှင့် ပုခုံးတော်များ တွေ့ရှိရ
သည်" ဟု ရေးသားခဲ့သည်။ ဖာဟီယန်ရော ဟူယင်ဆန်ပါ ကေသမုတ္တိမြို့သို့ သွားရောက်ပြီး ဤ
စေတီတော်ကို ဖူးမြော်ခဲ့သော်လည်း စေတီတော်အကြောင်းကိုမူ ၎င်းတို့၏ ဖော်ပြချက်များတွင်
အကျဉ်းချုပ်မျှသာ ဖော်ပြထားခဲ့သည်။
************************
ဆက်လက်ဖော်ပြပါမည်.......................
ကိုးကား............
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္စျိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
အရှင်ဒေဝိန္ဒာဘိဝံသ ၏ ဗုဒ္ဓဝါဒဆောင်းပါး
S.Dhammika ၏ Middle Land Middle Way
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္စျိမဒေသ (အရှင်ကေလာသ) (ဘာသာပြန်)
အရှင်ဝရသာမိ
https://shinsami.blogspot.com