Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Friday, October 30, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၅)

အခါတစ်ပါးမှာ အနာထပိဏ်သူဌေးက တိတ္ထိတွေရဲ့ကျောင်းကိုသွားပြီးတော့ အယူဝါဒ
စစ်ထိုးပါတယ်၊ တိတ္ထိတွေက သင်ဘာအယူရှိသလဲ လို့မေးတယ်
အနာထပိဏ်သူဌေးက ငါ မြတ်စွာဘုရားရဲ့အယူဝါဒအားလုံးကို မသိဘူးတဲ့
အဲဒါဆိုရင် ရဟန်းတွေကကော ဘာအယူရှိသလဲတဲ့
ရဟန်းတွေရဲ့အယူ အကုန်လုံးကို ငါမသိဘူး တဲ့
အဲဒါဆိုရင် သင်ကကော တဲ့
အဲဒီမှာ အနာထိပိဏ်သူဌေးက ပြန်ပြောပါတယ်
ငါ့အယူကိုသိချင်ရင် မင်းတို့ အယူကိုအရင်ပြောကြပေါ့ အဲဒီတော့ ဒိဌိတွေက သူတို့အယူဖြစ်တဲ့
သဿတ ဥစ္ဆေဒ တို့ကို အကုန်ပြောပါတယ်။

အနာထိပိဏ်သူဌေးကြီးကလည်း အေးအေးဆေးဆေး ထိုင်နားထောင်လို့လည်းပြီးရော
တလုံးချင်းခေါင်းငုံ့ပြီး နေရအောင်
အရှက်ရလောက်အောင်
မျက်နှာမသာမယာဖြစ်အောင်
တခွန်းတလေမှ ပြန်မပြောနိုင်အောင် ခေါင်းမထောင်နိုင်အောင် ပြန်နှိပ်ကွပ်တယ်၊
တိတ္ထိတွေရဲ့အယူ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတာကို ပြော ဆိုပြီး နှိပ်ကွပ်တယ်၊
အဲဒီမှာ တိတ္ထိတွေ အရှုံးကြီးရှုံးပြီး သူဌေးကြီးကိုဘာမှပြန်မပြောနိုင်တော့ သူဌေးကြီးလည်း
တိတ္ထိတွေရဲ့ကျောင်းမှ ပြန်၍ မြတ်စွာဘုရားထံကိုသွားပြီးတော့ အကြောင်းစုံကို
မြတ်စွာဘုရားအား ဝမ်းသာ အားရလျှောက်ပြပါတယ်။

အဲဒီမှာ မြတ်စွာဘုရားက သာဓု ခေါ်ပါတယ်၊
နောင်မလုပ်ပါနဲ့ကွာ သူတို့ဘာသာသူတို့ အယူမှားတာ နေပါစေ
ကမ္မသကာပေါ့ဆိုတဲ့ စကားမျိုးကို ဘုရားမသုံးပါဘူး။

“သာဓု သာဓု ဂဟပတိ - သူဌေးကြီး ကောင်းတယ် ကောင်းတယ်”

“ဧဝံ ဟောတေ မောဃပုရိသာ ကာလေန ကာလံ သဟဓမ္မေန သုနိဂ္ဂဟိတံ နိဂ္ဂဟေတဗ္ဗာ -
ဒီလိုပဲ ဒီအလကားကောင်တွေကို၊ နိဂ္ဂဟေတဗ္ဗာ - နှိပ်ကွပ်ရမယ် ဘယ်လို နှိပ်ကွပ်ရမလဲဆိုရင်
သုနိဂ္ဂဟိတံ - ကောင်းကောင်းကို နှိပ်ကွပ်ဆုံးမရမယ် တဲ့
ဒါပေမယ့် အသားလွတ်ကြီး လားဆိုတော့ မဟုတ်ပါဘူး -
သဟဓမ္မေန - ယုတ္တိယုတ္တန်ပြပြီးတော့ ဆုံးမကွ”
ဆိုပြီး ဘုရားက ဆုံးမသွန်သင် ပေးခဲ့ပါတယ်။
တစ်ခါတရံပဲလားဆိုတော့ မဟုတ်သေးပါဘူး၊
ကာလေန ကာလံ - ရံဖန် ရံခါ အခါခွင့် သင့်ရင် သင့်သလို
အခွင့်အရေးရရင် ရသလို
ကြုံရင် ကြုံသလို နှိပ်သာနှိပ်ကွပ်ကွာဆိုပြီး ဆုံးမခဲ့တာပါပဲ၊
 အနာထပိဏ် သူဌေးကြီးကိုလည်း ချီးမွမ်းတော်မူပါတယ်။

သူဌေးကြီး ပြန်သွားတဲ့အခါမှာ
မြတ်စွာဘုရားက ရဟန်းပရိသတ် ကို မိန့်ပါတယ်...

“ယောသိတော ဘိက္ခေ၀ ဘိက္ခူ ဣမသ္မိ ံဝဿသရူပ သပနေ ္တာ ဣမသ္မိ ံ ဓမ္မဝိနယေ -

ချစ်သားတို့ ငါဘုရားရဲ့သာသနာတော်မှာ အသက်တစ်ရာ
ဝါတစ်ရာ့နှစ်ဆယ်ရတဲ့ပုဂ္ဂိုလ် ဖြစ်စေကာမူ၊
သောဟိ ဧ၀ မေဝံ အညတိတ္ထိယေ ပရိဗ္ဗာဇကေ သုနိဂ္ဂဟိတံ နိဂ္ဂဏေယျ -
ဝါ တစ်ရာရလို့ အသက်တစ်ရာ့နှစ်ဆယ်ရတဲ့ မထေရ်ကြီးဖြစ်စေ ထိုင်မနေရဘူး
သာသနာပဖြစ်တဲ့ တခြားသော တိတ္ထိတွေကို ဒီပုံဒီနည်းနဲ့ ကောင်းကောင်း နှိပ်ကွပ်ဆုံးမရမယ် -
ဘယ်လိုလဲဆိုတော့
ယထာတံ အနာထပိဏ္ဍိကေန ဂဟပတိနာ နိဂ္ဂဟိတာ -
သူဌေးကြီး ဆုံးမသလိုမျိုး ဆုံးမရမယ်” လို့ မိန့်တော်မူပါတယ်။

ထိုကဲ့သို့ ဗုဒ္ဓဘုရားရှင် ဆုံးမတော် မူသည့်အတိုင်း သာသနာတော်၌ ပေါ်ပေါက်နေသော
မိုးပြာကဲ့သို့သော မိစ္ဆာကောင်များကို နှိပ်ကွပ်ဆုံးမဖို့ ဘုရား၏ တပည့်သားများ ဖြစ်ကြကုန်သော
ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်နှင့် မဆိုင်သလို ကြောင့်ကြမဲ့ မနေကြပါနဲ့၊
သတင်းဖြန့်ဝေခြင်းစသော မိမိ တတ်စွမ်းသမျှတို့ဖြင့် နှိပ်ကွပ်ဆုံးမ၍ ဘုရားရှင်၏
သာသနာကာကွယ်ကြဖို့ ထပ်မံ၍ တိုက်တွန်းပါရစေ။

****************************************************************

''နိုင်ငံတော်ပိုင် အဖွဲ့စည်းပိုင် ပစ္စည်းခိုးတာဟာ အဒိန္နာဒါနကံ မထိုက် သီလမပျက် ''




ဦးဉာဏက - 

''ဂရုဓမ္မသီလထဲက မခိုးရသိက္ခာပုဒ်ရဲ့ အနက်မှာနည်းနည်းပါး ခိုးယူမှု မပါဝင်ဘူး။ ဒါသိဖို့လိုတယ်။
ဒါကလေး လောက်တောင် လိုက်နာဖို့ဖြစ်လာရင် ဒီသီလဟာ လူတွေမလိုက်နာနိုင်ဖြစ်လာမယ်
လူမလိုက်နာတဲ့ဟာကို ဘုရားက တရားလို့လုပ်ဘူး ''
( ဦးဉာဏ၏ ဘုရား၊ စာ- ၁၄၅ )

'' ဒါတွေကိုထောက်ပြီး အသေးအမွှားခိုးမှုဟာ မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မဖြစ်ဘူး။
ဒါဟာ ဘုရားဖွင့်တဲ့ ဂရုဓမ္မသီလ မခိုးရ၊ သိက္ခာပုဒ်ရဲ့အနက်ပဲ ဒါရဲ့အနက်ကို
ဘုရားဖွင့်တာကျန်ပါသေးတယ် ဆက်ဖွင့်ရအောင်။ ''
( ဘုရား၊ စာ- ၁၄၇ )

''မဂ်သီလဖြစ်တဲ့ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ်အရမှာ လူပိုင်မဟုတ်တဲ့
ပစ္စည်းအများအပြားခိုးယူခြင်း မပါဝင်ဘူး။
သူပိုင်မဟုတ်တဲ့ပစ္စည်းအများအပြားကို ခိုးယူပေမယ့် ခိုးရင်သီလမပျက်ဘူးလို့ ဆိုလိုတယ်။
ဒါကိုတော် တော်ကြီး သိဖို့ကောင်းတယ်။ သူမဟုတ် သူပိုင်တဲ့ပစ္စည်း ခိုးမိပြီး
စိတ်ပျက်နေကြသူတွေ အများကြီးရှိတယ်။ ဒါဆုတ်ယုတ်ဖို့ပဲ။ ''
( ဘုရား၊ စာ- ၁၄၇/၈ )

'' နိုင်ငံတော်ဆိုတာ နတ်ကြီးတစ်ပါးပါပဲ။ မြို့၊ ရွာဆိုတာတွေလည်း နတ်တွေပဲ သမဝါယမအဖွဲ့
ရဲအဖွဲ့၊ မီးသတ်အဖွဲ့၊ စစ်တပ်အဖွဲ့ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ကူးသန်းရောင်းဝယ်ရေးအဖွဲ့၊ ဒါတွေလည်း
နတ်တွေပဲ နတ်တွေနတ်ဖြစ်ကြောင်း ရှင်းရင်သိပ်ရှည်သွားမယ် အကျဉ်းချုပ်လိုက်ရင်တော့ လူတစ်ဦးချင်း
ပုဂ္ဂလိကပိုင် မဟုတ်တဲ့ ပစ္စည်းတွေဟာ နတ်ပိုင်ပစ္စည်းတွေပဲ။
( ဘုရား၊စာ- ၁၄၉ )

''လူနဲ့နတ်တို့ ဒီလိုခွဲရမှာဖြစ်တယ်။ လူအစုအမှတ်တွေဟာ လူဆိုတဲ့ဂုဏ်ရည်က ကျော်သွားပြီ။
အဲဒီလူတွေ ပိုင်တဲ့ ပစ္စည်းဟာ လူပိုင်ပစ္စည်းအဖြစ်ကိုကျော်ပြီး နတ်ပိုင်ပစ္စည်းဖြစ်သွားတယ် အဲဒီပစ္စည်းကို
ခိုးယူခြင်းဟာ ဒီသီလ သိက္ခာမှာ အခိုးမမြောက်ဘူး သီလမပျက်သေးဘူးပေါ့။
( ဘုရား၊ စာ- ၁၅ဝ )

'' နိုင်ငံပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ မခိုးရသိက္ခာပုဒ်မပျက်ဘူး။
ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိကမဟုတ်ဘဲ နိုင်ငံတော်ဖြစ်နေလို့ပဲ။
သမဝါယမပိုင်၊ မြို့ပိုင်၊ ရွာပိုင်၊ အဖွဲ့အစည်းပိုင်၊ ဌာနဆိုင်ရာပိုင် ပစ္စည်းတွေ
ခိုးတာလည်း ဂရုဓမ္မသီလမခိုးရ သိက္ခာပုဒ်အရ အခိုးမမြောက်ဘူး။ ''
( ဘုရား၊စာ- ၁၅၁ )

*******************************************************


ဦးဉာဏ၏ အထက်ပါဟောပြောချက်တို့ကို အဌကထာဆရာတို့၏ 

အဆိုနှင့် ညှိနှိုင်းတိုက်ဆိုင်ကြည့်သော အခါ -


သံယုတ်စသော အဋ္ဌကထာတို့၌

'' အဒိန္နဿ အာဒါနံ အဒိန္နာဒါနံ။ ပရဿ ဟရဏံ ထေယံျ စောရိကာတိ ဝုတ္တံ ဟောတိ။

(သံ၊ဋ္ဌ၊၂၊၁၃၄။ ဣတိဝုတ်၊ ဋ္ဌ၊၂၁၈။ မ၊ ဌ၊ ၁၊ ၂ဝ၂။ အဘိ၊ ဌ၊ ၁၊၁၄၁)

အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းသည် အဒိန္နာဒါနမည်၏။
သူတစ်ပါး ဥစ္စာကို ဆောင်ခြင်း၊ ခိုးခြင်း၊ ဝှက်ခြင်းဟု ဆိုလိုခြင်းဖြစ်၏။'' ဟု
ဖွင့်ဆိုထားသောကြောင့် 'သူတစ်ပါး ဥစ္စာကို ခိုးယူ ခြင်းမှ ရှောင်ကြဉ်ပါ၏။ 'ဟု ဆိုရာ၌
သူတစ်ပါးဟူသည် မိမိမှတပါး အခြားသော
သူတို့ကို သူတပါးဟု ဆိုရပါသည်။

သံယုတ်အဌကထာစသည်တို့၌ -

'' အဒိန္နန္တိ ပရပရိဂ္ဂဟိတံ၊ (သံ၊ ဌ၊ ၂၊ ၁၃၄)

အဒိန္နံဆိုတာ သူတပါးတို့ သိမ်းဆည်းထားအပ်သော ဥစ္စာတည်း '' ဟု ဖွင့်သလို၊

ကင်္ခါဝိတရဏီအဋ္ဌကထာ စာမျက်နှာ (၁၁၅) ၌လည်း -
'' အဒိန္နန္တိ အညဿ မနုဿဇာတိကဿ သန္တကံ။
အဒိန္နံဆိုတာ မိမိမှ တပါး အခြားသော လူဇာတ်ရှိသူ၏ ဥစ္စာတည်း '' ဟု ဖွင့်ဆိုထား၏။

ထို့ကြောင့် မိမိမှတပါး အခြားသူ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းဖြစ်စေ၊
နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်စေ၊
ရပ်ကွက်ပိုင်ပစ္စည်းဖြစ်စေ၊
အဖွဲ့အစည်းပိုင်ပစ္စည်းဖြစ်စေ ခိုးယူပါက
အဒိန္နာဒါနပင်ဖြစ်ပါသည်။

အဒိန္နာဒါနကံ၌ -
၁။ သူတပါးဥစ္စာဖြစ်ခြင်း၊
၂။ သူတပါးဥစ္စာဟု သိခြင်း၊
၃။ ခိုးယူလိုသော စိတ်ရှိခြင်း၊
၄။ ခိုးယူကြောင်းဖြစ်သော ကိုယ်မှု၊ နှုတ်မှု လုံးလတစ်ခုခုကို ပြုခြင်း၊
၅။ ခိုးယူခြင်း ဟူသော ဤအင်္ဂါ (၅)ချက်နှင့်ပြည့်စုံလျှင် အဒိန္နာဒါနကံ မြောက်ပါ၏။
(ခုဒ္ဒက၊ ဋ္ဌ၊ ၂၁။ အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁)

ဘုရားရှင် ဟောတော်မူသော တရားတော်တို့နှင့် ဦးဉာဏ ၏ သတ်နည်းအမျိုးမျိုး၊
ခိုးနည်းအမျိုးမျိုးတို့ကို သင်ကြားပြသနေသော ဟောပြောချက်များ တိုက်ဆိုင်ကြည့်သောအခါ
သိနိုင်ပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်း သတိထား၍ ရှောင်ရှားနိုင်ကြပါစေ။


အရှင်ဝရသာမိ 
https://shinsami.blogspot.com

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၄)

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါကာလက.....

၁။ ပူရဏကဿပ
၂။ မက္ခလိဂေါသာလ
၃။ အဇိတကေသကမ္ဗလ
၄။ ပကုဓကစ္စာယန
၅။ နိဂဏ္ဌ နာဋပုတ္တ
၆။ သဉ္စယဗေလဋ္ဌပုတ္တ (သိဉ္စည်း)  ဟူသော တိတ္ထိဂိုဏ်းဆရာကြီး ခြောက်ဦး ပေါ်ထွန်းခဲ့ဘူး၏။

ထို တိတ္ထိဆရာကြီး ခြောက်ဦး တွင် ပူရာဏကဿပ တိတ္ထိဂိုဏ်းဆရာကြီးသည် အကြောင်းပယ်သော
အကိရိယဒိဋ္ဌိခေါ် အယူရှိသူ ဖြစ်၏။ သတ်ခြင်း၊ ခိုးခြင်းစသော မကောင်းမှုများကို ပြုသော်လည်း ပြုရာမရောက်၊
လှူဒါန်းပေးကမ်းခြင်း၊ သီလစောင့်ခြင်းစသော ကောင်းမှုများလုပ်သော်လည်း ကုသိုလ်မဖြစ်၊
ကုသိုလ် အကုသိုလ်တို့၏ ကောင်းကျိုး ဆိုးပြစ်ဟူ၍ မရှိ၊ အတ္တကို အကျိုး မသက်ရောက်စေနိုင်၊
လူသေလျှင် ခန္ဓာကိုယ်မှ ဓာတ်များအားလုံး ဆိုင်ရာ မူလဓာတ်နှင့် ပူးပေါင်းသွားကြသည်။
ခန္ဓာကိုယ်ရော စိတ်ဝိညာဏ်ပါ ဘာတစ်ခုမှ ကြွင်းကျန် မနေရစ်ပြီဟု ဟောပြောကာ
ဝါဒထောင်၍ ဘုရားရှင်နှင့်ပင် ဝါဒခြင်း ပြိုင်ခဲ့ဘူး၏။

မိုးပြာဦးဉာဏ၏ ဝါဒသည် ပူရာဏကဿတိတ္ထိဂိုဏ်းဆရာကြီး၏ ဝါဒ နှင့် ဆင်တူလှ၏။ ကွဲလွဲသည်မှာကား
ပူရာဏကဿပသည် သူ၏အတွေးအခေါ်တို့ဖြင့် ကိုယ်ပိုင်ဝါဒ ထူထောင်ခဲ့သူ ဖြစ်သည်။ သူ၏ ဝါဒကြောင့်
ဗုဒ္ဓသာသနာအား မဖျက်စီးနိုင်ခဲ့၊ မိုးပြာ ဦးဉာဏ သည်ကား သူ၏ နောက်လိုက် နောက်ပါတို့အား
သတ်နည်းအမျိုးမျိုး၊ ခိုးနည်းအမျိုးမျိုး၊ လိမ်ညာနည်းအမျိုးမျိုးတို့ကို သင်ကြားပြသလျှက် ဗုဒ္ဓဘာသာ
အမည်ခံကာ သာသနာကို ခုတုံးလုပ်၍ အတွင်းမှ လှိုက်၍ ဖျက်ဆီးသည်။
သာသနာတော်၌ မိစ္ဆာကောင် တစ်ယောက် ပေါ်ပေါက်လာလျှင် ကြည်ညိုသူအပေါင်း
ဆင်းရဲကြောင်းသာဖြစ်သောကြောင့် မည်၍ မည်မျှ အန္တရာယ်ကြီးမားကြောင်း ဗုဒ္ဓဘာသာဝင်များ
သိထားသင့်ပါ၏။ မြန်မာနိုင်ငံ၌ ပေါ်ပေါက်ခဲ့ဘူးသော အဓမ္မဒီတို့တွင် မိုးပြာဂိုဏ်းသည်
အင်အားအကြီးဆုံး အဓမ္မဝါဒီဂိုဏ်းကြီး တခု ဖြစ်ပါသည်။

ထိုကဲ့သို့သော ဝါဒဆိုးများ သာသနာအတွင်း၌ မပြန့်ပွါးစေရန်အတွက်မှာ
တဦးတစ်ယောက်ထဲ၏ တာဝန်မဟုတ် ဗုဒ္ဓဘာသာဝင်တိုင်းတွင် တာဝန်ရှိ၏။
"ဘုရားအလိုတော်နှင့် ဆန့်ကျင်တာကို ဟောပြောနေတာ ကြားရရင် 
ဘုရားတပည့်တိုင်းဟာ ဘုရားဘက်က နေဖို့ အရေးကြီးတယ် " ဟူသော 
မဟာစည် ဆရာတော်ဘုရား၏ ဆုံးမသြဝါဒနှင့်အညီ ဘုရားတပည့်များ ဖြစ်ကြကုန်သော
ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့မှ ဘုရားဘက်က နေ၍ အဓမ္မဒဝါဒများ ပြန်ပွါး
မလာအောင် နီးစပ်ရာနေရာဒေသတိုင်းတွင် ဖြန့်ေ၀ အသိပေးကြဖို့ အထူးတိုက်တွန်းလိုပါ၏။


 *****************************************************


''ပါဏာတိပါတအရ မသတ်ရဘူးဆိုတာ လူအသက်ဘဲ ဟောတာဖြစ်တယ် "


ဦးဉာဏက -

'' ဘုရားရဲ့ သမာတဲ့အပြုအမူထဲက အသက်ရှောင်မှုဆိုတာ
လူအသက်သတ်တာရှောင်မှုလို့ အဓိပ္ပါယ် ထင်ရှား တယ်။ ''

'' ဘုရားဟောတဲ့အသက်သတ်ရဲ့ အနက်ဟာ ရောဟိတသကို ဟောချက် လူမှုစက်ဆံရေးနယ်ပယ်
ဟောချက် ဒီအချက်တွေကြောင့် လူ့အသက်ဘဲ ဟောတာဖြစ်တယ် လူကတခြားဖြစ်သူတွေရဲ့
အသက်မဟုတ်ပါဘူး''
( ဦးဉာဏ၏ ဘုရား၊ စာ-၁၃ဝ )

''ဒါနဲ့စပ်လို့ တွေးစရာရှိပါတယ်။ ဘုရားဟော ဒီလိုမဟုတ်ဘူး ထင်တယ်လို့ပါဘဲ။ လူသိများတာက
ဘုရားဟာ သတ်မှုကရှောင်ရမယ် အသက်ကိုအားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ် ဒီလို
သိမှား တာကတော့ ဟိန္ဒူနဲ့ နွယ်ပြီး သိမိလို့ပါဘဲ။ ဟိန္ဒူက မသတ်ရတဲ့အဟာ အားလုံးရဲ့အသက်ပါဘဲ။
သစ်ပင်လောက်ဘဲ ကျန်ပါတယ်။ (ဘုရား၊ စာ-၁၃၁ )

''ဒါတွေကြောင့် ဘုရားရဲ့ မသတ်ရမယ့်အချက်ရဲ့ အနက်ဟာ လူ့အသက်ပဲ ဖြစ်တယ်။
အခြားအကောင် ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။''
( ဘုရား၊စာ-၁၃၅ )

''ဒါကြောင့် ဒီကနေ့ ဗုဒ္ဓဘာသာတွေ အသားစားရှောင်မှုဟာ ဘုရားနဲ့ အလားလားမျှ မဆိုင်ဘူး။
ဘုရားက အသားစားတာကို ခွင့်ပြုခဲ့တယ် ဒါကိုထောက်ရင် ရှောင်ရှားမယ့်အသက်ဟာ
အသက်အားလုံးမဟုတ်ဘူးလို့ ပေါ်လွင် တယ်။ စားတာဟာ သတ်တာမဟုတ်ပေမယ့်
သတ်တာကိုသွယ်ဝိုက်အားပေးတာပဲ။ မသတ်သင့်ဘူးဆိုရင် မစားသင့် ဘူးလို့ ပညတ်တန်ရာတယ်။
မပညတ်တာကို ထောက်ရင် မသတ်ရမယ့် အသက်ဟာ အားလုံးမဟုတ်လို့ဘဲ။
အဲဒီအချက်တွေအရ ဘုရားရဲ့သတ်မှုက ရှောင်ကြဉ်ရမယ့်အသက်ဟာ လူအသက်ပဲဆိုတာ ထင်ရှား တယ်''
( ဘုရား၊ စာ-၁၃၉ )

''ဒါကြောင့် ဓမ္မမှာ ဘုရားရဲ့ မသတ်ကောင်းတဲ့အသက် ဟောချက်ဟာလူ့အသက်ဖြစ်တယ်။
ဒါကြောင့် ဘုရားဟောတဲ့ သီလမှာပါတဲ့ မသတ်ဘူးဆိုတဲ့အသက်ဟာ လူ့အသက်ပဲဖြစ်တယ်။
အခြားအကောင်ပလောင်တွေရဲ့ အသက်တွေ အကျုံးမဝင်ပါဘူး။ လူမဟုတ်သူတွေရဲ့
အသက်သတ်ဖြတ်မှုဟာ ဓမ္မအရာမဝင်တဲ့ အမှုတာဖြစ်တယ်။ မပြောပလောက်တဲ့ အမှုပေါ့။
သို့မဟုတ် အမှုမမြောက်တဲ့ အမှုဖြစ်တယ်။
( ဘုရား၊ စာ-၁၄၂ )

''ဘုရားဟာ ဂရုဓမ္မသီလမှာပါတဲ့ အသက်သတ်ရှောင်ရှားမှုအဓိပ္ပါယ်ကို အလွန်အချက်ကျကျ
ဟောပြောသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟောပြောချက်ဟာ လူလက်လှမ်းမီပါတယ်။ လူမလိုက်နိုင်အောင်
မကျယ်ဝန်းပါဘူး၊ ပိုးသတ်ဆေး၊ သားစား တိရစ္ဆာန် ဒါတွေဟာလူနဲ့ မကင်းတာတွေဘဲ ဒါတွေကို
လူရှောင်ရှားရမယ်ဆိုရင် လူကဏ္ဍဟာ ကျဉ်းမြောင်းလိမ့်မယ်။ ဒါကြောင့် ဒါတွေဟာ
လူလက်လှမ်းမမှီတာတွေဘဲ။ ''
( ဘုရား၊ စာ- ၁၄၂/ ၁၄၃ )

ဦးဉာဏ၏ အထက်ပါဟောပြောချက်သည် ပါဏာတိပါတအရ မသတ်ရဟူသည်
လူ့အသက်ပင်ဖြစ် ကြောင်း ပြောဆိုထားသော ဟောပြောချက်ဖြစ်နေပါသည်၊

*********************************************

ထေရဝါဒပိဋကတ်ကျမ်းစာတို့၌ ပါဏာတိပါတအရ မသတ်ရ ဟူသည် 

လူသာမက ပိုးရွ၊ ခြပုံးစသော
သက်ရှိသတ္တဝါအားလုံးကို ဟောထားပါသည်။

ထေရဝါဒ ပိဋကတ်ကျမ်းစာတို့၌
ပါဏာတိပါတဟူသော ပုဒ်ကို -
'' ပါဏဿ အတိပါတော ပါဏာတိပါတော၊ ပါဏဝဓော ပါဏဃာတောတိ ဝုတ္တံ ဟောတိ။
ပါဏောတိ စေတ္ထ ဝေါဟာရတော သတ္တော၊ ပရမတ္ထတော ဇီဝိတိန္ဒြိယံ။
( သံ၊ ဌ၊၂၊၁၃၃။ မ၊ ဌ၊ ၁၊၂ဝ၁။
ပဋိသံ၊ ဌ၊ ၁၊၂ဝ၃။)

သတ္တဝါ ဇီဝိတိန္ဒြေကို လျင်စွာချခြင်းကြောင့် ပါဏာတိပါတဟုခေါ်၏။
ပါဏဟူသည် ဝေါဟာရပညတ်အား ဖြင့် သတ္တဝါကို ရ၏။ ပရမတ်အားဖြင့် ရုပ်ဇီဝိတ၊
နာမ်ဇီဝိတနှစ်ပါးကို ရ၏။ '' ဟု ဖွင့်ဆိုကြ၏။

ဣတိဝုတ်အဌကထာ (၂၁၇)၌လည်း

'' ပါဏောတိ စေတ္ထ ခန္ဓသန္တာနော၊ ယော သတ္တောတိ ဝေါဟရီယတိ၊
ပရမတ္ထတော ရူပါရူပဇီဝိတိန္ဒြိယံ။

ဤနေရာ၌ ပါဏဆိုတာ ခန္ဓာအစဉ်ဖြစ်၏။ ပညတ်အားဖြင့် သတ္တဝါကိုရ၏။
ပရမတ်အားဖြင့် ရုပ်ဇီဝိတ နာမ်ဇီဝိတကိုရ၏။ '' ဟု ဖွင့်ဆို၏။

ခုဒ္ဒကပါဌ၊ အဋ္ဌကထာ (၁၆) ၌လည်း -

'' ပါဏာတိပါတောတိ ဧတ္ထ တာဝ ပါဏောတိ ဇီဝိတိန္ဒြိယပ္ပဋိဗဒ္ဓါ။
ခန္ဓသန္တတိ၊ တံဝါ ဥပါဒါယ ပညတ္တော သတ္တော။

ပါဏာတိပါတဟူသော ဤပုဒ်၌ ပါဏအရ ဇီဝိတိန္ဒြေနှင့်စပ်သော ခန္ဓာအစဉ်သတ္တဝါ ပညတ်ရ၏။'' ဟု
ဖွင့်ဆိုထားပါသည်။

သို့အတွက်ကြောင့် ပါဏာတိပါတအရ သူတစ်ပါးအသက် မသတ်ရဟု ဆိုရာ၌
လူ၏အသက်သာမက၊ အသက်ရှိ သတ္တဝါများဖြစ်ကြသော ပိုးရွ ချပုန်း, ကြမ်းပိုး, သန်းဥ, ခရု,
ယောက်သွား,ကွဲျ, နွား တိရစ္ဆာန်စသည်တို့၏ အသက်ကိုလည်း မသတ်ရ ဟု မှတ်ယူရပါမည်။
သတ်လျှင် ပါဏာတိပါတဖြစ်ပါသည်။

ပါဏအရ လူကိုသာမက ကွဲျ , နွား စသော တိရစ္ဆာန်တို့ကိုလည်း ပါဏဟုခေါ်ကြောင်း
သံယုတ်အဋ္ဌကထာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ အဖွင့်တို့ကို
ကြည့်သောအားဖြင့် ပို၍ပင် ထင်ရှားနိုင်ပါသည်။

၎င်းအဋ္ဌကထာတို့၌ -
'' သော ဂုဏဝိရဟိတေသု တိရစ္ဆာနဂတာဒီသု ပါဏေသု ခုဒ္ဒကေ ပါဏေ အပ္ပသာဝဇ္ဇော၊
မဟာသရီရေ မဟာသာဝဇ္ဇော။ ကသ္မာ? ပယောဂ မဟန္တတာယ ၊ ပယောဂ သမတ္တေပိ ဝတ္ထု မဟန္တတာယ။
ဂုဏဝန္တေသု မနုဿာဒီသု အပ္ပဂုဏေ အပ္ပသာဝဇ္ဇော၊ မဟာဂုဏေ မဟာသာဝဇ္ဇော '' ဟု
တိရစ္ဆာန်ကိုလည်း ပါဏ။
လူကိုလည်း ပါဏဟု ဆိုထား၏။
( သံ၊ ဋ္ဌ၊၂၊ ၁၃၃။ မ၊ ဋ္ဌ၊ ၁၊ ၂ဝ၁။ ပဋိသံ၊ ဋ္ဌ၊၁၊ ၂ဝ၃)


ပါစိတျာဒိအဋ္ဌကထာ စာမျက်နှာ (၁၃၃)၌ -

'' ဣမသ္မိဉ္စ သိက္ခာပဒေ တိရစ္ဆာနဂတောယေဝ ပါဏောတိ ဝေဒိတဗ္ဗော '' ဟု ဖွင့်ဆိုသကဲ့သို့
ကင်္ခါဝိတရဏီအဋ္ဌကထာ စာမျက်နှာ (၂၄၅) ၌လည်း -
'' ပါဏောတိ တိရစ္ဆာနဂတ ပါဏော အဓိပ္ပေတော။ '' ဟု ဖွင့်ဆိုထားပါသည်။
မသတ်ရဟုဆိုရာ၌ လူသာမက တိရစ္ဆာန်ကိုလည်း မသတ်ရဟု မှတ်ယူရပါသည်။

ပါဏာတိပါတကံ၌ -

၁။ သတ္တဝါလည်းဖြစ်ခြင်း၊
၂။ သတ္တဝါဟူသော အမှတ်ရှိခြင်း၊
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၄။ လုံးလလည်း ရှိခြင်း၊
၅။ သေလည်း သေခြင်း ဟူသော အင်္ဂါ (၅)ပါးညီလျှင် ပါဏာတိပါတကံ မြောက်ပါတော့သည်။
(ခုဒ္ဒကပါဌ၊ ဌ၊ ၂၂။ သံ၊ ဌ၊၂၊ ၁၃၄)



********************************************************



''သတ်သူနှင့်စားသူ အပြစ် အတူတူ'' 

ဦးဉာဏ - က

'' တန်ဘိုးကြီးကြီးပေးပြီး ရယူခဲ့ရတဲ့ အချက်တွေထဲမှာ အသားစားရှောင်ကြင်မှု မပညတ်တာပါတယ်။
ဘုရား ဟာ အသားစားမှုနဲ့စပ်ပြီး အမှတ်သမယ့်ရပ်တည်ခဲ့တာမဟုတ်ပါဘူး။ ဒါကို ဒီအချက်တွေက
သက်သေခံတယ်။ ဒီလိုဖြစ်ပေမယ့် ဗုဒ္ဓဘာသာတွေဟာ ဘုရားကအသက်အားလုံး မသတ်ရဘူးလို့
ပညတ်တယ် ယူကြတယ်။ ဒီတော့ လူတွေဟာ တွေးကြတယ်။ မသတ်ကောင်းရင်တော့
စားဖို့လည်းမကောင်းလောက်ဘူး။ စားတာဟာ သတ်တာကို အားပေးတယ်။ စားသူရှိလို့သတ်သူရှိတာ၊
စားသူမရှိရင် သတ်သူလည်းမရှိဘူး။ သတ်သူဟာ စားသူကြောင့်သတ်တာ သတ်သူမှာအပြစ်ရှိရင်
စားသူလည်းအပြစ်ရှိတယ်။ စားသူဟာ သတ်ရတဲ့အပြစ် တစ်ဝက်ရသူဖြစ်မယ်။ ဒါဟာ သဘာဝပဲ။ ဒီအပြင်
လွဲဖယ်တွေးစရာမရှိဘူး။''ဟု ဟောပြောရေးသားထားပါသည်။
( ဦးဉာဏ၏ ဘုရား၊ စာ- ၁၃၇ )


*********************************************************


ဦးဉာဏ၏ -

'' သတ်သူနှင့်စားသူ အပြစ် အတူတူပဲ ''ဟူသောဟောပြောချက်ကို
ပိဋကတ်စာပေတို့နှင့် ကိုက်ညီမှုရှိ၊မရှိ တိုက်ဆိုင် နိုင်းယှဉ်ကြည့်သောအခါ -

ပါဏာတိပါတကံမြောက်ရာ၌ -

၁။ အသက်ရှိသတ္တဝါလည်းဖြစ်ခြင်း၊
၂။ သတ္တဝါဟူသော အမှတ်လည်းရှိခြင်း၊
၃။ သေစေလိုသော စိတ်လည်းရှိခြင်း၊
၄။ သတ်အံ့သော လုံးလပယောဂလည်း ရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေလည်း သေခြင်း ဟူသော အင်္ဂါ (၅)ပါးပြည့်စုံလျှင် ပါဏာတိပါတကံ
ထိုက်၏။ ထို့ကြောင့် လူကိုပဲဖြစ်စေ၊ ခွေး၊ ကြောင်၊ ကြက်၊ ငှက်စသည့်တိရစ္ဆာန်ကိုဖြစ်စေ
သတ်လိုသောစေတနာနှင့် သတ်ပါက ပါဏာတိပါတအကုသိုလ်ကံထိုက်ပါသည်။
(ခုဒ္ဒကပါဌ၊ ဌ၊၂၂။ သံ၊ ဌ၊၂၊ ၁၃၄)

သူတပါးအသက်ကို ကိုယ်တိုင်မသတ်သော်လည်း -

၁။ ပရဉ္စ ပါဏာတိပါတေ သမာဒပေတိ။
သူတစ်ပါးကို ပြုလုပ်စေသောကံ။
( တစ်ပါးသူကို သတ်ရန် စေခိုင်းတိုက်တွန်းသည့်ကံ )

၂။ ပါဏာတိပါတေစ သမနုညော ဟောတိ။
သူတစ်ပါးတို့ အလိုအလျောက် သတ်နေသည်ကို နှစ်သက်သဘောတူသောကံ။

၃။ ပါဏာတိပါတဿစ ဝဏ္ဏံ ဘာသတိ။
ပါဏာတိပါတနှင့်စပ်၍ ရနိုင်သော လောကီအကျိုးစီးပွါးတို့ကို ချီးမွမ်းပြောဆိုသောကံ ဟူသော
ဤသုံးပါး သော ကံတို့တွင် တစ်ခုခုသော ဒုစရိုက်ကံကို ပြုလုပ်မိပါက ပါဏာတိပါတကံထိုက်ပါသည်။
( အံ၊ ၁၊ ၅၇၆ )

ဦးဉာဏ၏ 'စားသူနှင့် သတ်သူ အပြစ် အတူတူပဲ'ဟူသော စကား၌ 

စားသုံးသူသည် ဈေးမှ သတ်ပြီးသား၊ သေပြီးသား၊ ပံ့သုကူအသားကို ဝယ်ယူစားသုံးခြင်းဖြစ်သဖြင့်
သတ်ရန်စေခိုင်းတိုက်တွန်းသူလည်း မဟုတ်၊ သတ်နေ သည်ကို နှစ်သက်သဘောတူ ကျေနပ်
အားရသူလည်း မဟုတ်၊ သတ်ရန်ချီးမွမ်းစကား ပြောကြား နေသူလည်း မဟုတ်ပေ။
ထို့ကြောင့် စားသူနှင့် သတ်သူသည် အပြစ်မတူပေ။
စားသူ၌ အပြစ်လုံးဝ မရှိပေ။'
စားသုံးသူ၊ သတ်ဖြတ်သူ အပြစ် အတူတူပဲ 'ဟု အယူရှိလျှင်
၎င်းအယူဝါဒသည် နိဂဏ္ဌ ၏ အယူဝါဒသာဖြစ်ပါသည်။
( မ၊ ဌ၊  ၂၊  ၃၂ )

ဗာလောဝါဒကဇာတ်၌
'' သား၊ မယားကိုသတ်၍ အလှူကို လှူစေကာမူ ပညာရှိပုဂ္ဂိုလ်သည် ထိုဆွမ်းကို စားသော်လည်း
မကောင်း မဖြစ်။( ပါဏာတိပါတကံ မထိုက် )''ဟု မိန့်ဆိုထား၏။
( ဇာတက၊ ဋ္ဌ၊ ၂၊ ၃၉၂ )

မြတ်စွာဘုရားသည် မဇ္ဈိမပဏ္ဏာသ၊ ဇီဝကသုတ်၌ -

''တဿ ပရိဘောဂေါ အရညေ ဇာတသူပေယျသာကပရိဘောဂသဒိသော ဟောတိ။
တထာရူပံ ပရိဘုဉ္ဇာန္တဿ မေတ္တာဝိဟာရိဿ ဘိက္ခုနော ဒေါသောဝါ ဝဇ္ဇံဝါ နတ္ထိ။
တသ္မာ တံ ပရိဘုဉ္ဇိဉာတဗ္ဗန္တိ ဝဒါမီတိ အတ္ထော။ ( မ၊ ဋ္ဌ၊ ၂၊ ၃၄ )

မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို
သုံးဆောင်ခြင်းသည် တော၌ဖြစ်သည့် ဟင်းရွက်ကို သုံးဆောင်ခြင်းနှင့်တူ၏။
အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို ဘုဉ်းပေးသုံး ဆောင်သည့် ရဟန်းသည်
မေတ္တာစိတ်ဖြင့်နေပါက အပြစ်လည်း မရှိ။
အပြစ်တင်စရာလည်း မရှိပေ။
ထို့ကြောင့် အစွန်းသုံးပါးမှ စင်ကြယ်သည့် ငါး၊ အမဲကို
သုံးဆောင်အပ်တယ်လို့ ငါဘုရားဟောကြားတော်မူ၏ ''ဟု မိန့်ဆိုထား၏။

ထို့ကြောင့် ရဟန်းသာမဏေတို့သည်
လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေသား၊ ခြင်္သေ့သား၊
ကျားသား၊ ကျားသစ်သား၊ ဝံသား၊ အောင်းသားဟူသော အသားကြီး (၁ဝ)မျိုးမှတပါး
မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း မရှိသည့် ငါး၊ အမဲစသည့် အသားများ စားသုံးကောင်း၏။
စားသုံးလျှင် အပြစ်မရှိပေ။ 
 

အရှင်ဝရသာမိ 
https://shinsami.blogspot.com
 
  

Tuesday, October 27, 2009

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၃)

စေတီတော်တို့ကို ရှိခိုးပူဇော်ခဲ့၍ ကောင်းကျိုးချမ်းသာရရှိသော
သာဓကအချို့ကို ထုတ်ပြလိုပါသေးသည်။

အကျွနု်ပ်သည် ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ နံ့သာဖြင့် လက်ငါးချောင်းရာပေးခြင်းကို
ပေးလှူခဲ့ဖူးပါ ၏။ ဤနည်းအတိုင်းပင် ချစ်မြတ်နိုးဖွယ်ဝတ္ထုကို ပေးလှူတတ်သော ထိုမိန်းမသည်
နတ်ပြည်ဌာနသို့ ရောက်၍ နှစ်ခြိုက် ဖွယ်ကိုရ၏။
( ဝိမာန၊ ၄၂ )

ပရိနိဗ္ဗာန် စံဝင်တော်မူပြီးဖြစ်သော သုမေဓာမြတ်စွာဘုရား၏ စေတီတော်ကို ရှိခိုးပူဇော်ကာ
စိတ်ကြည်လင် စေခဲ့ သောကြောင့်လည်းကောင်း၊ သူတစ်ပါးတို့ကိုလည်း စေတီတော်အား
ပူဇော်ဖို့တိုက်တွန်းခဲ့သောကြောင့် လည်းကောင်း ထိုကုသိုလ်ကောင်းမှုကြောင့် နတ်သားဖြစ်ကာ နတ်တို့၏
စည်းစိမ်ချမ်းသာကို ခံစားရ၏။
( ဝိမာန၊ ၁၁၂ )

ကဿပဘုရား၏ ပုထိုးစေတီ၌ မကောင်းသဖြင့် တင်ထားသော ပန်းများကို
ကောင်းစွာပြုပြင်တင်ထားခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ပတ္တမြားတိုင် ဗိမာန်နှင့်
ကြောင်မျက်ရွဲတိုင်ပြာသာဒ်ခုနှစ်ရာတို့၌ နတ်တူရိယာ စုံလင်စွာဖြင့် ချမ်းသာစွာခံစားရသော
တန်ခိုးကြီးမားသည့် နတ်သားဖြစ်ရ၏။ 
( ဝိမာန၊ ၁၂၄ )

ဧကဒီပိယတ္ထေရဝတ္ထု၌ မထေရ်လောင်းလျာသည် ပဒုမုတ္တရဘုရားရှင်၏ ထင်ရှူးဗောဓိပင်တွင်
ဆီမီး တစ်ထောင်ကို လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ဘဝတိုင်း အပါယ်မလားရဘဲ
ကမ္ဘာ (၁၆ဝဝ)အထက်၌ စန္ဒာဘစကြာဝတေးမင်းဖြစ်ခဲ့ရ၏။
( အပ၊ ၁၊ ၂၁ဝ။ အပ၊ ဋ္ဌ၊ ၂၊ ၁၈၂ )

ပုလိနထူပိယမထေရ်လောင်းလျာသည် နာရဒအမည်ရှိသော ရသေ့ဖြစ်စဉ်က
ပွင့်တော်မူပြီးကြသော ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြုကာ သဲပုံစေတီတည်ပြီး ရွှေချကာ ပန်း၊
ရေချမ်းတို့ဖြင့် ပူဇော်ခဲ့သော ကောင်းမှု ကုသိုလ်ကြောင့် သုဂတိဘဝတို့၌သာ ကျင်လည်ခဲ့ပြီး
ဖြစ်လေရာဘဝတိုင်း၌ မြူမှုံမကပ် ချွေးမထွက်ဘဲ ရွှေရောင် တောက်ကာ လှပ၍
ကောင်းကျိုးချမ်းသာများ ခံစားရ၏။
( အပ၊ ၂၊ ၇၉ )

မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား -
''ချစ်သား အာနန္ဒာ၊ သင်ချစ်သားတို့၏ စိတ်သန္တာန်မှာ တရားစကားတော်သည် ဟောကြားသော
ဆရာ ဘုရားမှ ကင်းကွာခဲ့လေပြီ၊ ငါတို့၏ ဆရာဘုရားသည် မရှိတော့ပြီ 'ဟု ဤသို့သော ထင်မှတ်မှု
အားငယ်မှု ဖြစ်သော်မူ ဖြစ်လေရာ၏။ ချစ်သားအာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်ထိုက်ပေ။
ချစ်သားအာနန္ဒာ လေးဆယ်ငါးဝါ ကာလ ကြာအောင် ငါဘုရား ဟောကြား ပညတ်အပ်သော တရားတော်၊
ဝိနည်းတော်သည် ငါဘုရားကွယ်လွန်သော အခါ၌ သင်ချစ်သားတို့၏ ဆရာ ဘုရားပင်ဖြစ်ေလေ၏ ''ဟု
မိန့်တော်မူထားသော စကားတော်ရှိပါ၏။
( ဒီ၊ ၂၊ ၁၂၆ )

ဘုရားရှင်မိန့်ကြားထားသော ထိုစကားတော်ကို

*******************************


ဦးဉာဏက ဝေဖန်ထားသည်မှာ -

'' သူစကားပြောနိုင်မှု နိဂုံးချုပ်ခါနီးမှာ ရှင်အာနန္ဒာကို ဖြေကြားခဲ့တဲ့ စကားရှိတယ်။ စကားက
''အာနန္ဒာသင်တို့ကို တရားတွေလည်း ငါဟောခဲ့ပြီ၊ ဝိနည်းတွေလည်း ငါပညတ်ခဲ့ပြီ၊ ဒါတွေဟာ
ငါလွန်ပြီးနောက် သင်တို့ရဲ့ ဆရာ ဘုရားပဲ'' လို့ဖြစ်တယ်။

ဒါကိုကြည့်ရင် ဘုရားမရှိတော့ဘဲ တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာပဲ။
ဒီလိုအမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း ဘုရားအလို ဘယ်လောက်ကျမဘဲ။'' ဟူ၍
ဖြစ်ပါသည်။
(ဦးဉာဏ၏ ဘုရား၊ ၂ဝ၆ )

**********************************


ဦးဉာဏသည် ဘုရားရှင်၏ စကားတော်ကို ပယ်လို၏။ 
ထို့ကြောင့် '' ဘုရားမရှိတော့ဘဲ တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာဘဲ။ 
ဒီလိုအမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း
ဘုရားအလို ဘယ်လောက်ကျမဘဲ''ဟု ဟောပြောနေခြင်းဖြစ်၏။

ဦးဉာဏအတွက် ဘုရားရှင်၏ စကားတော် မရှိလေ ကောင်းလေ ဖြစ်မည်ပါလိမ့်မည်။
ဘုရား ရှင်၏ စကားတော်၊ တရားတော်များ မရှိမှ သူလုပ်ချင်ရာ လုပ်၊ သူပြောချင်ရာ ပြောနိုင်မည်။

ထို့ကြောင့် အခုဘုရားရှင် ဟောထားသော စကားတော်များ တိုက်ရိုက်ရှိနေပါလျက်ပင်
''တရားဟာ ဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာပဲ'' ဟု ဆိုနေခြင်းသည် သာသနာတော်ကို
စော်ကားဖို့ ရှေ့ခြေတစ်လှမ်း တိုးလာခြင်း အတင့်ရဲနေခြင်း ဖြစ်ပါ၏။

မြတ်စွာဘုရား မိန့်ထားသော စကားတော်ကို သုတ်မဟာဝါ အဋ္ဌကထာ၌ -

'' ချစ်သား အာနန္ဒာ၊ ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား''
ဤ အပြစ်ကား ပေါ့သော အပြစ်ဖြစ်သည်။ ဤအပြစ်ကား လေးသော အပြစ်ဖြစ်သည်။
ဤအပြစ်ကား ကုစား၍ ရကောင်းသော အပြစ်ဖြစ်၍၊ ဤအပြစ်ကား ကုစား၍ မရကောင်းသော အပြစ်ဖြစ်သည်။
ဤအပြစ်ကား လောကဝဇ္ဇအပြစ် = ဧကန်အကုသိုလ်ဖြစ်သော အပြစ်ဖြစ်၍၊
ဤအပြစ်ကား ပဏ္ဏတ္တိဝဇ္ဇ = ဘုရားပညတ်ချက် အရသာ အပြစ်ဖြစ်သည်။
ဤမည်သော အာပတ်သည် ပုဂ္ဂိုလ်၏ အထံ၌ ထနိုင်ငြိမ်းနိုင်၏။
ဤအာပတ်သည် ဂိုဏ်း၏ အထံ၌ ထနိုင် ငြိမ်းနိုင်၏။
အာပတ်သည် သံဃာ့ အထံ၌သာ ထနိုင် ငြိမ်းနိုင်၏။

'' ဤသို့ အစရှိသည်ဖြင့် အာပတ် (၇)ပုံနှင့် စပ်၍ သက်ရောက်လာသော အကြောင်း
ဝတ္ထုများ၌ မဟာဝဂ္ဂ၊ စူဠဝဂ္ဂခန္ဓက ပရိဝါရတို့နှင့် တကွသော ဥဘတောဝိဘင်း = ဘိက္ခုဝိဘင်း,
ဘိက္ခုနီဝိဘင်းတည်းဟူသော ဝိနည်းတရားတော်( ဝိနည်းငါးကျမ်း ပါဠိတော်)ကို ပကိဏ္ဏကဒေသနာ
အဌကထာနှင့် တကွ ဟောကြားအပ်ခဲ့လေပြီ။

ထိုအလုံးစုံသော ဝိနည်းပိဋကတ် သည် ငါဘုရား ပရိနိဗ္ဗာန်စံလွန်သော အခါ သင်ချစ်သားတို့အတွက်
ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေ ရစ်လိမ့်မည်။

ချစ်သား အာနန္ဒာ၊ ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ် သင်ချစ်သားတို့အား
''ဤတရား တို့သည် သတိပဋ္ဌာန် လေးပါးတို့တည်း၊ သမ္မပ္ပဓာန် လေးပါးတို့တည်း၊ ဣဒ္ဓိပါဒ် လေးပါးတို့တည်း၊
ဣန္ဒြေ ငါးပါးတို့တည်း၊ ဗိုလ်ငါးပါးတို့တည်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့တည်း၊ မဂ္ဂင်ရှစ်ပါးတို့တည်း ''ဟု
ထိုထိုအခြင်းအရာဖြင့် ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ကာ ဝေဖန်ကာ
သုတ္တန်ပိဋကတ်ကို ဟောကြား အပ်လေပြီ၊

ထိုအလုံးစုံ သော သုတ္တန်ပိဋကတ်သည်လည်း ငါဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါ
သင်ချစ်သားတို့ အတွက် ဆရာဘုရားကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။
ဤတွင်သာ မကသေး၊ ယခု ငါဘုရားသည် ယခု သက်တော်ထင်ထင် တည်ရှိနေစဉ်

''ဤတရားတို့သည် ခန္ဓာငါးပါးတို့တည်း၊ အာယတနဆယ်နှစ်ပါးတို့တည်း၊ ဓာတ်တဆယ့်ရှစ်ပါးတိုတည်း၊
သစ္စာလေးပါး တို့တည်း၊ ဣန္ဒြေ တဆယ့်နှစ်ပါးတို့တည်း၊ ဟိတ်ကိုးပါးတို့တည်း၊ အာဟာရလေးပါးတို့တည်း၊
ဖဿခုနစ်ပါးတို့တည်း၊ ဝေဒနာခုနစ်ပါး, သညာခုနစ်ပါး, စေတနာခုနစ်ပါး, စိတ်ခုနစ်ပါးတို့တည်း။
ထိုတရားတို့တွင်လည်း '' ဤ၍ ဤမျှ တို့ကား ကာမာဝစရ တရားတို့တည်း၊
ဤ၍ ဤမျှတို့ကား ရူပါဝစရတရားတို့တည်း၊ ဤ၍ ဤမျှတို့ကား အရူပါဝစရ တရားတို့တည်း၊
ဤ၍ ဤမျှတို့ကား ဝဋ်တရား၌ အကျုံးဝင်ကြ၍ ဤ၍ ဤမျှတို့ကား ဝဋ်တရား၌ အကျုံးမဝင်ကြကုန်၊
ဤ၍ ဤမျှတို့ကား လောကီတရားတို့ဖြစ်၍ ဤ၍ ဤမျှတို့ကား လောကုတ္တရာတရားတို့ ဖြစ်ကြသည်''
ဤသို့ စသည်ဖြင့် ဤခန္ဓာအစရှိသော တရားများကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ကာ ဝေဖန်ကာ
သမန္တပဌာန်း (၂၄)ကျမ်းရှိသည့် အနန္တနယ ပဋ္ဌာန်းကျမ်းကြီးဖြင့် နောက်ဆုံးအထွက်တပ်
တန်ဆာဆင်အပ်သော အဘိဓမ္မပိဋကကို ဟောကြားအပ် လေပြီ၊

ထိုအလုံးစုံသော အဘိဓမ္မာပိဋကသည်လည်း ငါဘုရား ပရိနိဗ္ဗာန်စံလွန်သောအခါ
သင်ချစ်သားတို့အတွက် ဆရာဘုရား ကိစ္စကို ရွက်ဆောင်ပြီးစေရစ်လိမ့်မည်။

ဤသို့လျှင် ငါဘုရားသည် ဘုရားဖြစ်သည်မှ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် လေးဆယ့်ငါးဝါ
ကာလပတ်လုံး ဟောကြားအပ်သော ဤဓမ္မ ဝိနယတရားတော်မြတ်အစုသည်
ပိဋကအားဖြင့်သုံးသွယ်,
နိကယ်အားဖြင့် ငါးဖြာ,
အင်္ဂါအားဖြင့် ကိုးတန်,
ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ဤသို့ များမြောင်လှသော အပြားရှိပေ၏။

ဤဖော်ပြရာပါ ဘုရားပေါင်း ရှစ်သောင်းလေးထောင်ဟု
ခေါ်ဆိုထိုက်သည့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ကား ထင်ရှားစွာ တည်လျက်ပင် ရှိကုန်၏။
ငါဘုရား တစ်ဆူတည်းသာ ပရိနိဗ္ဗာန်စံသေးသည်။ ယခု ငါဘုရား သက်တော် ထင်ရှား ရှိစဉ်မှာ
သင်ချစ်သားတို့ကို ငါဘုရား တစ်ဆူတည်းသာ ဆုံးမနေ၏။ ကံမြစ်နေ၏။ ငါဘုရား ပရိနိဗ္ဗာန်စံလတ်သော်
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်တို့သည် ငါဘုရားအရာ၌ တည်ရစ်ကြကာ သင်ချစ်သားတို့ကို
ဆုံးမ ရစ်ကြပေလိမ့်မည်။ ကံမြစ်ရစ်ကြပေလိမ့်မည်။ '' ဟု ဖွင့်ဆိုထားပါသည်။

( ဒီ၊ ဋ္ဌ၊ ၂၊ ၁၈၃။ မဟာဗုဒ္ဓဝင်၊ ပဉ္စမတွဲ၊ ၄၇၈ )


ဤဖော်ပြပါ အချက်တို့ကို ကြည့်သောအားဖြင့် မိုးပြာ ဦးဉာဏ၏ ဘုရားရှိခိုးခြင်းအား
ကဲ့ရဲ့ ရှုတ်ချနေခြင်း နှင့် ဘုရားရှင်အား ပယ်ထုတ်ကာ ဗုဒ္ဓဘာသာ အမည်ခံ
ဘုရားဟောမဟုတ်သော  စကားတို့ဖြင် လူအများအား လိမ်လည်လှည့်ဖျား၍
သူ၏ အဓမ္မဝါဒအား ပြန့်ပွါးဖို့ ကြိုးစားမှု့ကို တွေ့မြင်နိုင်မည် ဖြစ်ပါ၏။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၂)

မိုးပြာ ဦးဉာဏသည် ပစ္စုပ္ပန်ကမ္မဝါဒ အယူရှိသူပီပီ နောက်ဘ၀ မရှိလိုသူ ဖြစ်၏။ ဦးဉာဏသည် ဘုရားကို
စော်ကား၊ တရားကိုစော်ကား၊ သံဃာကို စော်ကားနေသူဖြစ်သဖြင့် သူအတွက်နောက်ဘဝမရှိလေ
ကောင်းလေသူဖြစ်၏။ ထို့အပြင် သူကိုယ်တိုင် ဘုရားရှင်အား အယုံအကြည်မရှိသူ မဟုတ် သူ၏
နောက်လိုက်များကိုလည်း အယုံအကြည်မရှိအောင် စည်းရုံးသိမ်းသွင်း၍ နေလေ၏။ မိုးပြာဝါဒကို
လက်ခံသူများသည် ဗုဒ္ဓဘာသာဟုသာ အမည်ခံထားသော်လည်း ဘုရားရှင်အား ရှိခိုးခြင်းအမှု့ကို လုံးဝ
မပြုကြောင်း သိရပေ၏။ စုံစမ်း၍ ရသလောက် သိရသည်မှာ သူ၏ စည်းရုံးမှု့ သူ၏နောက်လိုက်
နောက်ပါများ၏ စည်းရုံးမှု့ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုညင်း ဒေသတဝိုက်တွင်းလည်းကောင်း၊
ရှမ်းပြည်နယ် အောင်ပန်း နှင့် အခြားသော မြို့ရွာများတွင်လည်းကောင်း၊ မန္တလေး၊ စစ်ကိုင်းနှင့်
မုံရွာဒေသတဝိုက်တွင်လည်းကောင်း မိုးပြာဝါဒ ကို တချို့ရွာလုံးကျွတ်ပင် ပြောင်းလဲသွားသည်ဟု
သိရှိရပေ၏။ နာမည်ရ နိုင်ငံရေးပါတီတစ်ခုမှ လူကြီးပိုင်းများသည်ပင် မြစ်ကြီးနားထောင်ထဲတွင်
သူ၏ စည်းရုံးမှု့ကြောင့် မိုးပြာဝါဒ ကို လက်ခံ၍ ပြောင်းသွားကြသည်ဟု သိရပါ၏။

မိုးပြာဝါဒကို လက်ခံသူ မှန်သမျှသည် ထိုဝါဒကို ခံယူပြီးသည်မှစ၍ အိမ်တွင် ဘုရားစင်
ထားရှိခြင်းကို လုံးဝမပြုလုပ်ဟု သိရပေ၏။ ထိုကဲ့သို့ ဖြစ်အောင်လည်း ဦးဉာဏနှင့် သူ၏
အပေါင်းပါတို့က စည်းရုံးကြလေသည်။ ဦးဉာဏသည် ဘုရားရှင်အား အမျိုးမျိုးကဲ့ရဲ့စော်ကားနေသော်လည်း သူ၏ဂိုဏ်းတွင်မူ
သူ့ကိုယ်သူ ဗုဒ္ဓဘာသာပုရုသျှ (ဘုရား) ဟူသော အမည်ကို ခံယူကာ ဘုရားရှင်အား
ရှိခိုးနေသူများကို ကဲ့ရဲ့ ရှုတ်ချ၍ ဘုရားရှင်အား ပယ်ထုတ်ဖို့ ကြိုးစားနေသည်ကို
သူရေးသားသော စာအုပ်များတွင် တွေ့နိုင်ပါ၏။

********************************************************
 ဦးဉာဏ - က

''တရားမမြင်သူတွေဟာ ဘုရားကိုမြင်နေသူတွေပဲ။ တရားမမြင်သူတွေဟာ ဘုရားကိုမြင်ဖို့
ဘုရားချီးကျူး စာတွေနဲ့ ဘုရားဟောစာတွေကို ဖတ်ပြီး ဝတ်တက်ဖူးမြင်သော်လည်း ဘုရာမမြင်နိုင်ဘူးလို့
အဓိပ္ပါယ်ရတယ်။ ဘုရားမမြင် ဘဲ ဝတ်တက် ဝတ်ပြုသူနှင့် ဘုရားဖူးနေခြင်းဟာ ဘုရားရဲ့အပြောအဆိုခံရတဲ့
ရဟန်းလို သိပ်တုန်လှုပ်သွားခံရဖို့ ဖြစ်လိမ့်မယ်။ အဲဒီရဟန်းဟာ ဘယ်လောက်တုန်လှုပ်သလဲဆိုရင်
ကြိုးစွဲချပြီး သေသွားတဲ့အထိဖြစ်တယ်လို့သိရတယ်။ များစွာဝမ်းနည်းဖွယ်ပဲ။''
( ဦးဉာဏ၏ ဘုရား၊ စာ-၂ဝ၄ )

''သူစကားပြောနိုင်မှု နိဂုံးချုပ်ခါနီးမယ် ရှင်အာနန္ဒာကို ဖြေကြားခဲ့တဲ့ စကားရှိတယ်။
စကား''အာနန္ဒာသင်တို့ ကို တရားတွေလည်း ငါဟောခဲ့ပြီ၊ ဝိနည်းတွေလည်းငါပညတ်ခဲ့ပြီ၊
ဒါတွေဟာ ငါလွန်ပြီးနောက် သင်တို့ရဲ့ ဆရာ ဘုရားပဲ'' လို့ဖြစ်တယ်။''

စေတီလေးမျိုး

ဒါကိုကြည့်ရင် ဘုရားမရှိတော့ဘဲ တရားဟာဘုရားပဲလို့ အမှတ်ပြုတာ စဉ်းစားစရာပဲ။
ဒီလိုအမှတ်ပြုပြီး ဒီစေတီတွေကို ရှိခိုးနေတာလည်း ဘုရားအလို ဘယ်လောက်ကျမလဲ။
ဘုရားဟာ စေတီတိုက်တာတွေကို ညွှန်ပြခဲ့ဖူး တယ်။ လေးခုတောင်ရှိတယ်။
သူဟောပြောတဲ့ ဓမ္မတွေဟာလည်း စေတီတစ်ခုဖြစ်တယ်။ သူအသုံးအဆောင်ကျောင်း၊
သင်္ကန်းစသာတွေဟာလည်း စေတီတစ်ခုဖြစ်တယ်။
သူ့ရဲ့ကိုယ်ကြွင်း ကိုယ်ကျန်တွေလည်း စေတီတစ်ခုဖြစ်တယ်။ သူ့အထိန်းအမှတ် လုပ်ထားတဲ့ကျောင်းတိုင်
အုတ်တိုင် အဆောက်အဦးတစ်ခုခုလည်း စေတီတစ်ခုဖြစ်တယ်။ အခုဆိုရင်တော့ သူ့ရုပ်လုံး ရုပ်ပုံတွေလည်း
အဲဒီစေတီထဲပါမှာပေါ့။ ဒါပေမယ့် ဘုရားခေတ်က အဲဒီသူတွေရဲ့ ရုပ်ထု၊ ရုပ်လုံးတွေ လုပ်ကြတဲ့
အလေ့အထရှိပုံမရဘူး။ လူသေပြီး နှစ်လေးငါးရာကြာမှ သူ့ရုပ်ထု၊ ရုပ်လုံးစပေါ်တာ သိရတယ်။
အခုအခါမှာတော့ ဒါတွေက ဘာသာရေးပစ္စည်းအဖြစ် ရှိခိုးဦးတင်ဖို့ မရှိမဖြစ်သလို ဖြစ်နေတယ်။
( ဘုရား၊ စာ- ၂ဝ၆/၇ )

စေတီထက်က်ကိုးကွယ်စရာ ဘုရားညွန်ပြ
ဘုရားဟာ ဒါတွေကိုဒီလိုမျှော်လင့်ဖို့ရှိတယ်။ စေတီအဖြစ်ထိုက်တန်ပုံ ဟောခဲ့တယ်ဆိုပေမယ့်
လေးစားစရာ တစ်ခုလောက်ထပ် ပိုဖို့မရှိဘူး။ သူဟောခဲ့တဲ့ဓမ္မပိုဒ် တစ်ခုက ဒါကိုညွှန်နေတယ်။
အဲဒါက ကိုယ့်ကိုသာ ကိုယ့်ရဲ့ကိုးကွယ် ရာဖြစ်တယ်။ တခြားဘယ်သူ့ကိုးကွယ်ရာဖြစ်ပါမလဲ။ ကိုယ်ကသာ
ယဉ်ကျေးပြီးရင် ရခဲ့တဲ့ ကိုးကွယ်ရာကိုရတာပဲလို့ ဖြစ်တယ်။
ဘုရားဟာသူမရှိတဲ့နောက် သူ့ကိုကိုးကွယ်ဖို့ မညွှန်ကြားတာ ဒီစကားကသိသာတယ်။ သူ့အသက်ရှိ
ထင်စဉ်မှာ တောင် သူ့ကိုကိုးကွယ်ဖို့ မညွှန်ဘဲ ကိုယ့်ကိုယ်ကိုးကွယ်ဖို့ ညွှန်တာတွေ့ရတယ်မဟုတ်လား။''
( ဘုရား၊ စာ- ၂ဝ၇/၈ )

++++++++++++++++++++++++++++++++++++++


ဦးဉာဏ၏ အထက်ပါဟောပြောချက်တို့ကို ခြုံးကြည့်လျှင် -

၁ - နေ့စဉ် ပုံမှန် ဘုရားဝတ်တက် ဝတ်ပြုလုပ်နေသူများကို ကဲ့ရဲ့ခြင်း၊

၂ - သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟာ ငါမရှိတဲ့နောက် သင်တို့ရဲ့ဆရာဘုရားပဲ ''ဟူသော စကားကို ကဲ့ရဲ့ခြင်း၊

၃ - စေတီဟာ လေးစားစရာ တစ်ခုထက်ပိုဖို့ မရှိဘူး ''ဟုဆိုကာ စေတီတော်ကို
     အထင်သေးဖွယ်အဖြစ် ပြောကြားခြင်း၊

၄ - ဘုရားသည် ကိုးကွယ်ရာမဟုတ်၊ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာ'
     ဟုဟောပြောခြင်းများတွေ့ရပါသည်။

****************************************

ဦးဏ၏ အထက်ပါဟောပြောချက်တို့ကို ဘုရားရှင်မိန့်ကြားထားသော 
စကားတော်တို့နှင့် တိုက်ဆိုင် ကြည့်သောအခါ

မြတ်စွာဘုရားက မဟာပရိနိဗ္ဗာနသုတ်၌ -

စတ္တာရိမာနိ အာနန္ဒ သဒ္ဓဿ ကုလပုတ္တဿ ဒဿနီယာနိ သံဝေဇနီယာနိ ဌာနာနိ။ ။ ပ ။
သဗ္ဗေတေ ကာယဿ ဘေဒါ ပရံ မရဏ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇိဿန္တီတိ။
( ဒီ၊ ၂၊ ၁၁၆ )

ထိုအခါ မြတ်စွာဘုရားသည် ''အာနန္ဒာကား ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို
ငါးဖူးမြော်ခွင့် ရတော့မည် မဟုတ်'ဟုကြံစည်ပူပန်နေ၏၊ ယခုအခါ အာနန္ဒာအား ငါဘုရားသည်
ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို ဖူးမြော်ခွင့် အလွယ်နှင့် ရနိုင်မည့်ဌာနကို ကြားပေအံ့၊
ယင်းအရပ်၌ နေလတ်သော် ထိုထိုဤဤ မလှည့်လည်ရပဲ ကြည်ညိုမြတ်နိုးဖွယ်ဖြစ်သည့် ရဟန်းတို့ကို
အလွယ်နှင့် ဖူးမြော်ခွင့် ရပေလိမ့်မည် ''ဟု ကြံစည်ဆင်ခြင် တော်မူပြီးလျှင်
အရှင်အာနန္ဒမထေရ်ကို -

ချစ်သားအာနန္ဒာ သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍
ယင်းသို့ဖူးမြော် ထိုက်သသူအား သံဝေဂရစေမည့်ဌာနတို့သည် လေးပါးရှိကုန်၏။
လေးပါးတို့ဟူသည်မှာ -

(၁) ချစ်သားအာနန္ဒာ . . လုမ္ဗီနီအင်ကြင်းတောဌာနသည်
     ''ဤဌာန၌ မြတ်စွာဘုရား ဖွားမြင်တော်မူ၏''ဟု ကြံစည် အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော
      အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ဖူးမြော် သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၂) ချစ်သားအာနန္ဒာ . . မဟာဗောဓိ မဏ္ဍိုင်ဌာနသည်
     ''ဤဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးသော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရတော်မူ၏''ဟု
      ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်း သား အဖို့ရာ ဖူးမြော်ထိုက်၍
      ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၃) ချစ်သားအာနန္ဒာ . . မိဂဒါဝုန် တောအရပ်သည် ''ဤဌာန၌ မြတ်စွာဘုရားသည်
     အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို ဟောမြွက်လည်စေတော်မူ၏ ''ဟု ကြံစည်အောက်မေ့ကာ
      သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍ ယင်းသို့ဖူးမြော်သသူအား
      သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

(၄) ချစ်သားအာနန္ဒာ၊ ကုသိနာရုံပြည်အရပ်သည်
      ''ဤဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော ငြိမ်းခြင်း သဘော=
      အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏ ''ဟု
      ကြံစည်အောက်မေ့ကာ သဒ္ဓါတရားနှင့် ပြည့်စုံ သော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍
      ယင်းသို့ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတပါးဖြစ်သည်။

ချစ်သားအာနန္ဒာ . . သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးကောင်းသားအဖို့ရာ ဖူးမြော်ထိုက်၍
ယင်းသို့ ဖူးမြော်သသူအား သံဝေဂရစေမည့် ဌာနတို့သည် ဤလေးပါးတို့ပေတည်း။
ချစ်သားအာနန္ဒာ . . သဒ္ဓါတရားနှင့် ပြည့်စုံသော ရဟန်းယောကျာ်း, ရဟန်းမိန်းမ,
ဥပသကာယောကျာ်း, ဥပသိကာမိန်းမများသည် -

(၁) ဤလုမ္ဗိနီဌာန၌ မြတ်စွာဘုရားဖွားမြင်တောမူ၏''ဟူ၍လည်းကောင်း၊

(၂) ဤမဟာဗောဓိဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို
    ရတော် မူ၏''ဟူ၍လည်းကောင်း၊

(၃) ဤမိဂဒါဝုန်ဌာန၌ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော တရားတော်ဓမ္မစက်ကို
     ဟောမြွက်လည်စေ တော်မူ၏ '' ဟူ၍လည်းကောင်း၊

(၄) ဤကုသိနာရုံဌာန၌ မြတ်စွာဘုရားသည် ခန္ဓာကြွင်းမရှိသော
     ငြိမ်းခြင်းသဘော=အနုပါဒိသေသနိဗ္ဗာန ဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏ " ဟူ၍
    လည်းကောင်း ကြံစည်အောက်မေ့ကြလျက် လာရောက်ကြလိမ့်မည်။

ချစ်သားအာနန္ဒာ . . စေတီပုထိုးတို့ကို ဖူးမြော်ရန် သွားလာလှည့်လည်ကြသော သူတို့သည်
ကြည်ညိုသော စိတ်ရှိလျက် သေကြကုန်လျှင် ထိုသူအားတို့သည် ကိုယ်ခန္ဓာပြတ်ကြွေ စုတေသည်မှ
နောက်ကာလ၌ ကောင်းသော လားရာ နတ်ရွာသုဂတိသို့ ရောက်ရှိကြလိမ့်မည်"
ဟုမိန့်တော်မူထားပါသည်။
( မဟာဗုဒ္ဓဝင်၊ ပဉ္စမတွဲ၊ စာ-၄၃၇။ ၈ )

တတ္ထ စေတိယ စာရိကံ အာဟိဏ္ဍန္တာတိ ယေစ တာဝ တတ္ထ တတ္ထ စေတိယင်္ဂဏံ သမ္မဇ္ဇန္တာယ
အာသနာနိ ဓောဝန္တာ ဗောဓိမှိ ဥဒကံ သိဉ္စိန္တာ အာဟိဏ္ဍန္တိ၊ တေသု ဝတ္တဗ္ဗမေဝ နတ္ထိ။ အသုကဝိဟာရေ
ဒဒစေတိယံ ဝန္ဒိဿာမာဒဒတိ နိက္ခမိတွာ ပသန္နစိတ္တာ အန္တရာ ကာလံ ကရောန္တာပိ အနန္တရာယေန သဂ္ဂေ
ပတိဌာဟိဿန္တိယေဝါတိ ဒဿေတိ။
( ဒီ၊ ဌ၊ ၂၊ ၁၇၃ )

ရဟန်းတို့သည် စေတီရင်ပြင်ကို တံမြက်စည်းလှည်းကြ၍ နေရာတို့ကို သုတ်သင်ရှင်းလင်းကြ၏။
ဗောဓိပင်၌ ရေကိုသွန်းလောင်းကြ၍ လှည့်လည်ကြ၏။ ထိုရဟန်းတို့၌ ဆိုဖွယ်ပင်မရှိတော့ပေ။
ငါတို့သည် ဤမည်သော ကျောင်း၌ ရှိသည့်စေတီတော်ကို ရှိခိုးကြမည်ဟု နှလုံးသွင်း၍ ကျောင်းမှ ထွက်ခွါလာရာ
ကြည်လင်သော စိတ်ရှိကြ၍ စေတီ မရောက်မီ လမ်းခရီးကြား၌ သေကြသော ပုဂ္ဂိုလ်တို့သည်ပင်
အန္တရာယ်မရှိဘဲ နတ်ပြည်သို့ ရောက်ကြ၏ " ဟု မိန့်ဆိုထားပါသည်။

ဝိမာနဝတ္ထု၊ ဣတ္ထိဝိမာန၊ ပီတဝိမာနဝတ္ထု၌
-
တာဝတိံသာနတ်ပြည်၌ အခြားခြားသော နတ်သမီးများထက် အရောင်အဆင်းအားဖြင့်
လှပတင့်တယ်သည့် ရွှေဝါရောင်နတ်သမီးတစ်ဦးရှိ၏။ ထိုနတ်သမီး၏ လှပတင့်တယ်မှုတို့ကို ကြည့်ပြီး
သိကြားမင်းက -

"သင်ဟာ လူ့ဘဝတုန်းက ဘယ်လိုကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ ဒီလိုအကျိုးတွေ ရရှိခံစားရသလဲ" ဟု
မေးသည့် အခါ နတ်သမီးက -

လူ့ပြည်တုန်းက သပွတ်ခါးပန်း လေးပွင့်ကို စေတီမှာ ပူဇော်ဖို့ ယူဆောင်လာစဉ် စေတီမရောက်ခင်
လမ်းမှာပဲ နွားဝှေ့လို့ သေခဲ့ရပါတယ်။ စေတီကိုသာ အရောက်သွားပြီး ပူဇော်ခဲ့ရရင် ဒါထက်မက
သာလွန်တဲ့စည်းစိမ် ချမ်းသာတွေ ရနိုင် ပြည့်စုံနိုင်ပါတယ်။ စေတီတော်ကို ပန်းတွေနှင့် ပူဇော်ဖို့သွားတဲ့
ပုဗ္ဗစေတနာကုသိုလ်ကြောင့် ဒီလို အကျိုးတွေ ခံစားရတာပါ။ သိကြားမင်းရဲ့ အသင်းဝင်
အပေါင်းအဖော်ဖြစ်ရတာပါ " ဟုဖြေကြား၏။

ထိုအခါ သိကြားမင်းက မာတလိအား -
" မာတလိ နတ်သား၊ အံသြဖွယ်လည်းကောင်း၊ ဆန်းလည်း ဆန်းကြယ်သော ဒီကုသိုလ်ရဲ့ အကျိုးကို
ကြည့်လိုက်စမ်းပါ၊ ရှာစမ်းပါ။ လှူဖွယ်ဝတ္ထု အနည်းငယ်ပင် ဖြစ်ပေမယ့် ကောင်းကျိုးတွေကတော့
များမြတ်လှပါတယ်။ ကြီးမားလှပါတယ်။
မြတ်စွာဘုရားနှင့် တပည့်သားသံဃာတော်တို့၌ ကြည်ညိုတဲ့စိတ်ရှိရင် လှူဖွယ်ဟာ
နည်းတယ်ဆိုတာမရှိဘူး။
မာတလိ လာခဲ့၊ ငါတို့လည်း မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို အတိုင်းထက်အလွန် ပူဇော်ကြစို့၊
ကုသိုလ်ကောင်းမှု တွေကို ဆည်းပူးတာဟာ ချမ်းသာတယ်။
သက်တော်ထင်ရှား ဘုရားပဲဖြစ်စေ၊ ပရိနိဗ္ဗာန် စံတော်မူသွားကြတဲ့ ဘုရားပဲဖြစ်စေ
စိတ်ထားညီမျှရင် အကျိုးပေး ညီမျှတယ်။ စိတ်ထားကောင်းခြင်းကြောင့် သတ္တဝါတွေ
သုဂတိသို့ရောက်ကြတယ်။ မြတ်စွာဘုရားတို့ဟာ သတ္တဝါတွေ အကျိုးအတွက် ပွင့်တော်မူကြတာပါ။
အဲဒီမြတ်စွာဘုရား၌ ရိုသေမြတ်နိုး ရှိခိုးပူဇော်တဲ့အတွက် နတ်ပြည်သို့ ရောက်ကြရတယ်။''ဟု ပြောကြားလေ၏။
( ဝိမာန၊ ၆၅ )

တစ်ဖန်မြတ်စွာဘုရားက -

'' ယထာ ခေါ အာနန္ဒ ရညော စက္ကဝတ္တိဿ သရီရေ ပဋိပဇ္ဇန္တိ။ ဧဝံ တထာဂတဿ သရီရေ
ပဋိပဇ္ဇိတဗ္ဗံ၊ စာတုမဟာပထေ တထာဂတဿ ထူပေါ ကာတဗ္ဗော။ တတ္ထ ယေ မာလံဝါ ဂန္ဓံ ဝါ စုဏ္ဏကံဝါ
အာရောပေဿန္တိဝါ အဘိဝါဒေဿန္တိဝါ စိတ္တံဝါ ပသာဒေဿန္တိ၊ တေသံ တံ ဘဝိဿတိ ဒီဃရတ္တံ ဟိတာယ
သုခါယ။
( ဒီ၊ ၂၊ ၁၁၇ )

အာနန္ဒာ မြတ်စွာဘုရား၏ အလောင်းကိုလည်း စကြာဝတေးမင်း၏ အလောင်းကဲ့သို့ပင်
ဆောင်ရွက်၍ လမ်းမ လေးခွ ဆုံရာအရပ်၌ စေတီတည်ထားအပ်၏။ ယင်းသို့ တည်ထားခြင်းဖြင့် ထိုစေတီ၌
ပန်း, နံ့သာ, နံ့သာမှုံ့တို့ တင်လှူခြင်း၊ ကြည်ညိုခြင်း၊ ရှိခိုးပူဇော်ခြင်း ပြုသူတို့အား ချမ်းသာစီးပွား
တိုးပွားပေလိမ့်မည်။ ''

'' စတ္တာရော မေ အာနန္ဒ ထူပါရဟာ။ ကတမေ စတ္တာရော တထာဂတော အရဟံ သမ္ဗာသမ္ဗုဒ္ဓေါ
ထူပါရဟော။ ပစ္စေက သမ္ဗုဒ္ဓေါ ထူပါရဟော၊ တထာဂတဿ သာဝကော ထူပါရဟော၊ ရာဇာ စက္ကဝတ္တီ
ထူပါရဟောတိ''။ ( ဒီ၊ ၂၊ ၁၁၇ )

အာနန္ဒာ -
၁။ ဘုရား။
၂။ ပစ္စေကဗုဒ္ဓါ။
၃။ ဘုရား၏တပည့်သာဝက။
၄။ စကြဝတေးမင်း အားဖြင့် လေးပါးသောပုဂ္ဂိုလ်တို့ကို စေတီတည်ထိုက်ကုန်၏။
ထိုစေတီ၌ ကြည်ညိုစိတ် ဖြစ်ပေါ်စေသူများသည် သေသောအခါ ကောင်းရာသုဂတိသို့ရောက်နိုင်၏ ''ဟု
မိန့်တော်မူထားပါသည်။

ဤပါဠိတော်၊ အဋ္ဌကထာလာ စကားရပ်တို့ကို ကြည့်သောအားဖြင့်

နေ့စဉ်ပုံမှန် ဘုရားဝတ်တက် ဝတ်ကပ်ပြု နေခြင်းသည် အင်မတန်
အကျိုးကြီးမားကြောင်း သိသာနိုင်ပါသည်၊
၎င်းအပြင် စေတီနှင့်ဘုရားတို့သည် လေးစား စရာလောက်သာ မကဘဲ ရှိခိုးပူဇော်ထိုက် မြတ်နိုးထိုက်၊
အရိုအသေပြုထိုက် ကိုးကွယ်ထိုက်ကြောင်း သိသာပါသည်။
ထိုသို့ပူဇော်ထိုက်၊ လေးစားထိုက်၊ မြတ်နိုးထိုက်သော မြတ်စွာဘုရား၊ ရဟန္တာနှင့်
တပည့်သာဝကတို့အား ပူဇော်ခြင်းကြောင့် ရရှိသည့် ကုသိုလ်ကို တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကမျှ
မည်၍ မည်မျှဖြစ်၏၊ ရ၏ဟုမရေတွက် နိုင်သလို ၎င်းကုသိုလ်၏ အကျိုးကိုလည်း မရေတွက်နိုင်ဟု
ဓမ္မပဒအဋ္ဌကထာ၌ မိန့်ဆိုထားပါသည်။
( ဓမ္မပဒ၊ ဒု - ၁၆၃)


အရှင်ဝရသာမိ 
https://shinsami.blogspot.com

ဗုဒ္ဓသာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်းအကြောင်း သိကောင်းစရာ (၁)




ဗုဒ္ဓသာသနာကို ဘယ်သူတွေ ဖျက်ဆီးနိုင်သလဲဆိုတာကို ပဏာမအနေနဲ့ တင်ပြလို၏။
ဗုဒ္ဓသာသာနာကို အခြားဘာသာခြားတွေအနေနဲ့ ဖျက်စီးဖို့ဆိုတာ တကယ်တော့ မလွယ်ကူချေ။
အယောင်ဆောင် အမည်ခံ ဗုဒ္ဓဘာသာတွေက ဖျက်စီးမှသာလျှင် သာသနာပျက်ဖို့ရန် လွယ်ကူ
ကြောင်း ရှေးဦးစွာ သိထားသင့်ပေသည်။ ဥပမာအားဖြင့် ဇမ္ဓူရာဇ်ရွှေစင်ကို ကျောက်သံပတ္တမြားက
ဖျက်ဆီးလို့မရနိုင်သလို အဲဒီကျောက်သံပတ္တမြားကိုလည်း
ဇမ္ဓူရာစ်ရွှေစင်က အမျိုးမတူသည့်အတွက်ကြောင့် ဖျက်စီးလို့မရနိုင်ပေ။
ဇမ္ဓူရာစ်ရွှေစင်အစစ်ကိုတော့ အဲဒီရွှေနဲ့တူတဲ့ ဇမ္ဓူရာစ်ရွှေအတုကပဲဖျက်လို့ရသလို
ကျောက်သံပတ္တမြားအစစ်ကို လည်း ကျောက်သံပတ္တမြားအတုကပဲ ဖျက်စီးလို့ရနိုင်ပေ၏။
အတုဆိုတာမျိုးသည် အစစ်နဲ့ခွဲခြားလို့တော်တော်နဲ့မရကောင်းသောကြောင့်ပင်။
ထို့အတူသာလျှင် စာရေးသူတို့၏ ဗုဒ္ဓဘာသာအစစ်ကို ဗုဒ္ဓဘာသာအတုအယောင်တွေက
ဖျက်စီး၍ ရနိုင်ကြောင်း ကောင်းကောင်း သတိချပ်သင့်ပါ၏။
စာရေးသူ ယခုတင်ပြလိုသော အကြောင်းအရာသည် မြန်မာပြည်တွင်းက
သာသနာကို ဖျက်စီးနေသော မိုးပြာဂိုဏ်း အကြောင်းကို အသေးစိတ်
တင်ပြလိုသောကြောင့် ဤသို့ ဆိုရခြင်း ဖြစ်ပါ၏။ မိုးပြာဂိုဏ်းအကြောင်းကို
သိသူလည်း ရှိပါလိမ့်မည်၊ မသိသူလည်း ရှိနိုင်ပါသေးသည်။

မိုးပြာဂိုဏ်းအကြောင်းနှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်တွေက အင်တာနက်စာမျက်နှာ
များပေါ်တွင် အများအပြား ဖြန့်ဝေခဲ့ဘူးပါ၏။
မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဉာဏအား သက်ဆိုင်ရာမှ အရေးယူပြီးသည့်
နောက်ပိုင်း ငြိမ်သွားလောက်ပြီဟု ထင်မိသောကြောင့် နောက်ပိုင်းတွင် မိုးပြာနှင့် ပတ်သက်၍ ဘာမှ
မရေးဖြစ်ခဲ့ပေ။ ယခုအခါ လူအများဆုံးအသုံးပြုနေသော ဖေ့စ်ဘုတ်စာမျက်နှာများပေါ်တွင်
မိုးပြာဦးဉာဏ ၏ အပေါင်းပါတို့သည် သူတို့၏ ဝါဒဆိုးကို ဘုန်းကြီးနာမည်ဖြင့်လည်းကောင်း၊
အမျိုးမျိုးတို့ဖြင့် အင်တာနက်ပေါ်မှ ဘာသာရေး စိတ်ဝင်စားသူများကို စည်းရုံးသိမ်းသွင်း
နေသည်ကို တွေ့ရှိရသောကြောင့် မိစ္ဆာတို့၏ စည်းရုံးသိမ်းသွင်းနေမှု့အကြောင်းကို
သိစေရန် တင်ပြရခြင်း ဖြစ်ပါသည်။

စာရေးသူ တင်ပြသော အကြောင်းအရာများတွင် လိုအပ်ချက်များ ရှိနေမည်ဆိုပါက
ဖေ့စ်ဘုတ်ပေါ်တွင် ရှိနေကြသော သံဃာတော် အပေါင်တို့အနေဖြင့် ညီရင်းအကိုပမာ
သဘောထား၍ ပြုပြင်ပေးတော်မူကြပါရန် အထူးလျှောက်ထားလိုပါ၏။
ထို့အတူ ဗုဒ္ဓဘာသာဝင်များမှလည်း သာသနာဖျက်နေသော မိုးပြာဝါဒ အကြောင်းကို
ဆက်လက်၍ မပြန်ပွါးစေဖို့ရန် အခြားသော ဗုဒ္ဓဘာသာဝင်များအား သိစေရန်အလို့ငှါ
ရှယ်ယာ၍လည်းကောင်း၊ ကော်ပီကူး၍လည်းကောင်း ဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံလိုပါ၏။


မိုးပြာဂိုဏ်းကို တည်ထောင်သူ ဦးဉာဏ၏ သမိုင်းနောက်ခံ

 

လွန်ခဲ့သည့်ကာလ (၂၈) နှစ်က ဦးဉာဏသည်
စစ်ကိုင်းတိုင်း မင်းကွန်း ရွှေမြင်တင်တောင်မှာ နေထိုင်သူဖြစ်ပါသည်။
ဈာန်ရပုဂ္ဂိုလ်၊ ပဋိသမ္ဘီဒါရ ရဟန္တာ စသည်ဖြင့် ကြွားဝါကာ တရားဟောခဲ့သူဖြစ်ပါသည်။
ထိုအကြောင်းကို ကြားသိကြသဖြင့် နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးကပင် စစ်ကိုင်းတိုင်း
သာသနာရေးမူး ဥိးစိုးမြင့် က စွဲဆို၍ စစ်ကိုင်းမြို့နယ် သံဃနာယက သို့ တင်ခဲ့သည်။

ဦးဉာဏ နှင့် ဦးဂုဏ တို့နှစ်ပါး ရှုံးခဲ့ကြပါသည်။ တစ်ဖန် သူတို့ကပင် တိုင်းသို့တက်ခဲ့ကြသည်။
တိုင်းမှာလဲ သူတို့ပင် ရှုံးကြပြန်သည်။
တစ်ဖန် ဗဟိုဌာန ဟု ဆိုရမည်ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက ထံသို့
သူတို့ကပင် စောဒနာ တင်ကြလျက် “သာသနာရေး လျှောက်ထားတောင်းဆိုလွာ”
အမည်ဖြင့် စတင်၍ မြို့နယ်နှင့်တိုင်းတို့က
ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန်တောင်းဆိုခဲ့ကြသည်။
နိုင်ငံတော်မှာလဲ သူတို့ပင် ရှုံခဲ့၍ ထောင်သုံးနှစ် ကြခဲ့ပါသည်။

နိုင်ငံတော် သံဃနာယကဆရာတော် ဘဒ္ဒန္တမာနိတသီရိဘိဝံသထေရ် ၏ မိန့်ကြားချက်အရ
သိရသည်မှာ (၁၉၈၃-၁၉၈၆ ခုနှစ်က ဝိနည်းဓမ္မကံ
(၉/၁၁)ဖြင့် တရားစွဲခံရပြီးကတည်းက ပြတ်ပြတ်သားသား
အရေးယူဖို့ စီရင်ခဲ့ရာတွင် တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးက မေတ္တာရပ်ခံမူကြောင့်
ထောင်သုံးနှစ် မျှဖြင့် ပြီးသွားရခြင်းပင် ဟူ၍ ဖြစ်ပါသည်။

၁၉၉၁-၁၉၉၈ ခုနှစ်တွင် ထေရဝါဒအတွင်းမှ ဂိုဏ်းသီးသန့်ထောင်မူဖြင့် ထောင် (၁၀) နှစ်
ကျခဲ့ပါသည်။ လျှော့ရက်တို့ဖြင့် ထောင်ရှစ်နှစ်ကျခံပြီး ထွက်လာပြီးနောက်တွင်
ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံလျက်
ဂိုဏ်းထူထောင်ပြီး မိုးပြာဝါဒကို စွန့်လွတ်ခြင်း မရှိဘဲ ဆက်လက်၍ ဝါဒဖြန့်နေမှု့ကြောင့်
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပုဒ်မက ၂၉၅ (က)၊
၆/၉၀၊ ၂၀/၉၀ ဝိနိစ္ဆယကာကွယ်စောင့်ရှောက်ရေးဥပဒေ၊
ဂိုဏ်းသစ် မထောင်ရန် ပြဋ္ဌာန်းထားသော သံဃအဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းဥပဒေ တိုဖြင့်
ယခု မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် အနှစ် ၂၀ နဲ့  ၆ လ ကျခံနေကြောင်း သိရပါသည်။


မိုးပြာဝါဒ၏ အယူအဆများ

ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာဝင်တို့ လိုက်နာရမည့် အနိမ့်ဆုံးဖြစ်သော
ငါးပါးသီလကိုပင် ရစရာမရှိအောင် ဖျက်ဆီးထားပါသည်။

ပါဏာတိပါတ - တိရိစ ္ဆာန်အားလုံး၏ အသက်ကို သတ်ကောင်းသည်။
အဒိန္နာဒါနာ - အဖွဲ့အစည်းပိုင်၊ အများပိုင်၊ အစိုးရပိုင် ပစ္စည်းခိုးကောင်းသည်။။
ကာမေသု - အမျိုးသမီးကျေနပ်က ကုသိုလ်တောင်ရ၊ မိမိ၏ သားသမီးကို ပွေ့ပိုက်ဖက်ရန်း
နမ်းလျှင်ပင် ကာမေသုမိစ္ဆာစာရထိုက်သည်။
မုသာ ဝါဒ- လိမ်ညာပြောကောင်းသည်။
သုရာ - လူမှန်းသူမှန်းမသိ မူးကွဲနေအောင် မသောက်ရင်ပြီးရော အရက်သောက်ကောင်းသည်။

ဦးဉာဏသည် သူ၏ အဖွဲ့ဝင် အားလုံးတို့အား
သတ်နည်း အမျိုးမျိုး၊
ခိုးနည်း အမျိုးမျိုး၊
လိမ်ညာနည်း အမျိုးမျိုး၊
မူးယစ်သေစာ သုံးစွဲနည်း အမျိုးမျိုးတို့ကို သင်ကြားပေး၏။
(နောက်ပို့စ်များတွင် အကျယ် ရှင်းလင်းသွားပါမည်) 

''တစ်ဖန် ဗုဒ္ဓဘာသာအမည်ခံဦးဉာဏ၏ မိုးပြာဂိုဏ်းကြီးသည်
အဘိဓမ္မာပိဋကကို ဘုရားဟော မဟုတ်ဟု ယူကြသည်။
ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
ရှေ့ဘဝနောက်ဘဝမရှိဟု ယူကြသည်။ ကံနှင့်ကံ၏အကျိုးမရှိဟု ယူကြသည်။
သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
ဗြဟ္မာနတ်ငရဲသားစသူတို့သည် လူကောင်းဖြစ်ခိုက်လူကောင်း၏ပုံကြီးမျှသာ ဖြစ်သည်ဟု ယူကြသည်။
ဘုရားရှိခိုးခြင်း ဆင်းတုတော်ပူဇော်ခြင်း ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
နိဗ္ဗာန်နှင့်သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
လူအစစ်သည် လူသာ ဖြစ်သည်။ မူလခန္ခာ ဖြစ်သည်။ ၎င်းကို တရားမရှုရ၊
ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။ သမထဘာဝနာဝိပဿနာဘာဝနာတို့ကို
ဘာဝနာမဟုတ်ဟု ယူကြသည်။
ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
လူအစစ်ဖြစ်သော မူလ ခန္ဓာအပေါ်တွင် စွဲထင်တွယ်ကပ်လာကြသည့် ဥပါဒါနက္ခန္ဓာ
အရိပ်တုတို့ကို ပယ်ခွါနိုင်လျှင် တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။

ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကို လှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း 
ဝင်ရောက်လာစေရန် သိမ်းသွင်းကြရမည်ဟု ယူကြသည်။

ကာမရာဂကို အားပေးကြရမည်ဟု ယူကြသည်။
မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံက နတ်မဟုတ်ဟု ယူကြသည်။
ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မဘုံက ဗြဟ္မာမဟုတ်-လူသာဖြစ်သည်ဟု ယူကြသည်။
ထေရဝါဒဗုဒ္ဓဘာသာတို့သည် အာကာသခေါ်နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်သူများ
ဖြစ်နေကြသည်ဟု ကျောက်သင်္ဘောဝါဒဖြင့် ထေရဝါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
မိမိကိုယ်တိုင်သိမြင်ခြင်းဖြင့် အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
သိဒ္ဓတ္ထဘဝမှ ဗုဒ္ဓဘဝသို့ တိုးတက်လာခြင်း ဘုရားအသိဉာဏ်ရရှိခြင်းသည် ဘာမှမလုပ်ဘဲ
သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
လေးအသင်္ချေ ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ရသည်ဖြစ်၍ဖြစ်လာသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။
ထေရဝါဒမျက်မှောက် သာသနာဝင်ထေရ်အရှင်တို့ကို အကြီးအကျယ်
ကဲ့ရဲ့ရံှု့ချမှုတို့ကို မရပ်မနား ပြုကြရမည်ဟု ယူကြသည်။

နိဗ္ဗာန်ဆိုသည်မှာ ကိလေသ ကံ ဝိပါက ကင်းကွာနေသည့် မူလကိုယ်ကောင်အစစ်ပင်
ဖြစ်သည်ဟု ယူကြသည်။
ပရမတ်တို့သည် တရားမဟုတ်ဟု ယူကြသည်။
နိဗ္ဗာန်တရားသည် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်သည်ဟု ယူကြသည်။
ဥပါဒါန်အစွဲကင်းအောင်နေခြင်းဖြင့် မူလခန္ဓာအတိုင်းတည်လျှင် နိဗ္ဗာန်ရနေသူဟု ယူကြသည်။
ထို့ကြောင့် မိမိကိုယ်ခန္ဓာကို ကိုယ်ခန္ဓာအတိုင်းထားဟု ယူကြသည်။
အကုသိုလ်မှုကျွမ်းကျင်ခြင်း ကိုယ်ကိုယ်ကိုအစိုးရခြင်းစသည်တို့ကို အဘိညာဏ်ဟုယူခြင်းတို့ကိုလည်း
ယူကြပါသည်။



အရှင်ဝရသာမိ 
https://shinsami.blogspot.com

သာဓု ဆိုတာ

သာဓု ခေါ်တိုင်း ကောင်းတယ်လို့ချည်း ပြောတာမဟုတ်ဘူး သာဓု မှာ အဓိပ္ပါယ် အများကြီးရှိတယ်
ဥပမာ - ရဟန်းတော်တွေ ဒေသနာကြားတဲ့ အခါ
"အဟံ ဘန္တေ သဗ္ဗာအာပတ္တိယော အာရောစေယျာမိ"
ရဟန်းငယ်က 'တပည့်တော် ရဲ့ အပြစ်တွေကို ပြောကြားပါမယ် '
သာဓု အာဝုသော သာဓု သာဓု "အေး ကောင်းပြီ ငါ့ရှင် ပြော ပြော" လို့ ပြောခိုင်းတဲ့ အဓိပ္ပါယ်နဲ့ သာဓု ကိုသုံးတာ

သမ္ပဋိစ္ဆန - ဝန်ခံတာလည်း သာဓု ပဲ သုန္ဒရံ - ကောင်းမြတ်ပါပေတယ်လို့ ပြောတာလည်း သာဓု ပဲ ဟုတ်ပါတယ် မှန်ပါတယ်လို့ ထောက်ခံတာလည်း သာဓု သာဓု ပဲ အနုမောဒနာ - ရွှင်လန်း ဝမ်းမြောက်ကောင်းချီးပေးတာလည်း သာဓု သာဓု ပဲ
ရှေ့က အကြောင်းအရာပေါ် မူတည်ပြီး နောက်က သာဓု က အဓိပ္ပါယ် ပြောင်းသွားတယ်
ဘုန်းကြီးတွေ တရားဟောတဲ့အခါမျိုးမှာပေါ့ သတည်းဆုံးရင် သာဓု ခေါ်ကြတယ်
"သုဝဏ္ဏသာမ သည် မုဆိုးက မြားနှင့် ပစ်သဖြင့် သေဆုံးခြင်းသို့ ရောက်ရလေတော့သတည်း " ပရိသတ်က သတည်းဆုံးတာနဲ့ သာဓု ခေါ်ပြီးသား
ဒီနေရာမျိုးမှာ ဟ သူများဒုက္ခရောက်တာ သေတာများ သာဓု ခေါ်စရာလားလို့ ပြောစရာဖြစ်မယ် ဒီနေရာမျိုးမှာကျ သာဓု က ကောင်းပါတယ်လို့ ပြောတာ မဟုတ်ဘူး ဟုတ်ပါတယ်ဘုရား မှန်ပါတယ်ဘုရား လို့ ပြောပြီး ထောက်ခံတာ သာဓု သာဓု ပဲ

ကဲ သဘောပေါက်လားး သာဓု ခေါ်ကြ
&&&
သျှင်သာမိ - မုံရွာ
https://shintharmi.blogspot.com

Friday, October 23, 2009

ရဟန်းတွေ သင်္ကန်းဝတ်ရုံခြင်း အဓိပ္ပါယ်

အမေး။ ။
ရဟန်းတွေ သင်္ကန်းဝတ်ရုံတဲ့ အခါမှာ ဘာဖြစ်လို့ ပုခုံးတစ်ဖက် ဖွင့်ပြီး
တစ်ဖက်က ဖုံးထားရတာလဲ ဘုရား?

ဖြေ။ ။
ပညာ ကို ကိုယ်စားပြုတဲ့ အနေနဲ့ ပုခုံးတစ်ဖက် ဖွင့်ထားရတာပါ။
မဂ် ဖိုလ် ကို ရဖို့ဆိုရင် ဉာဏ်ပညာကို ပိတ်မထားရဘူး
ဖွင့်ထားမှ တရားရနိုင်မှာပါ
အဲဒီသဘောပါပဲ လက်ယာ(ညာ) ဘက် အနေနဲ့
ပညာဉာဏ်ကို ကိုယ်စားပြုပါတယ်။

ဘုရားရှင်ဟာ ပညာဉာဏ် ကို ဘယ်လောက်ထိ ဦးစားပေးသလဲဆိုရင်
လက်ယာတော်ရံကို ပညာအရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်သာရိပုတြာ ကိုပဲ
လက်ယာတော်ရံ အဖြစ် ထားပါတယ်

တန်ခိုးအရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်မဟာမောဂ္ဂလာန် ကို
လက်ဝဲတော်ရံ အဖြစ်ပဲ ထားပါတယ်။

လက်ဝဲ(ဘယ်) ဘက် အနေနဲ့ ဘုန်းတန်ခိုး ဆိုတဲ့ အရာကို ကိုယ်စားပြုပါတယ်။
တန်ခိုးဆိုတာကို ထုတ်ဖော်မပြသရဘူး ဖုံးအုပ်ထားရမယ်ဆိုတဲ့ သဘော။

ဒီ သဘောတရား နဲ့ ရဟန်းတွေ သင်္ကန်း ဝတ်ရုံတဲ့ အခါ 
ပုခုံးတစ်ဖက်ကို ဖွင့် ပုခုံးတစ်ဖက်ကို ဖုံးအုပ်ပြီး ဝတ်ရုံကြပါတယ်


+++

သျှင်သာမိ - မုံရွာ 
https://shinsami.blogspot.com

အမျိုးသမီးများ နှင့် ဗုဒ္ဓဘာသာ

အမျိုးသမီးများ ဘုရားပေါ် မတက်ရဆိုတဲ့ ဒီဇိုင်းဘုတ်ကြီးကို ဘုရားရောက်တိုင်း
တွေ့ဘူးကြမှာပေါ့ ဒါကို ကြည့်ပြီး တချို့က ဗုဒ္ဓဘာသာက အမျိုးသမီးတွေကို
ခွဲခြား ဆက်ဆံတယ်လို့ ထင်ကြတယ်  တကယ်တော့ ဗုဒ္ဓဝါဒ (ဗုဒ္ဓဘာသာ) မှာ 
အဲဒါတွေ မရှိဘူး ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ ဘယ်သူက ပိုမြတ်တယ်လို့ 
ဘုရားက မခွဲခြားဘူး ကိုယ်ကျင့်သီလ ပြည့်စုံတဲ့သူက မြတ်တဲ့သူပဲ 
ယောက်ျားဖြစ်ပြီး ကိုယ်ကျင့်သီလ မပြည့်စုံရင် ယုတ်နိမ့်တဲ့သူ 
မိန်းမဖြစ်နေပေမယ့် ကိုယ့်ကျင့်သီလ ပြည့်စုံရင် မြင့်မြတ်တဲ့သူပဲ 
ဘုရားက ငါ သူတစ်ပါး ယောကျာ်း မိန်းမ ဆိုတာ မရှိဘူး အားလုံးဟာ 
ရုပ်နာမ်ပဲ ကျင့်ကြံကြိုးကုတ် အားထုတ်ရင် ယောကျာ်းလည်း ရဟန္တာ ဖြစ်ခွင့်ရှိသလို 
မိန်းမလည်း ရဟန္တာဖြစ်ခွင့် ရှိတယ်လို့ပဲ ပြောခဲ့တယ် 

မိန်းမမို့ ဘုန်းကံ နိမ့်တာလည်း မဟုတ်ဘူး ယောကျာ်းဖြစ်လို့ ဘုန်းကံကြီးတာလည်း 
မဟုတ်ဘူး ကိုယ်ကျင့်သီလ ပြည့်စုံတဲ့သူက ဘုန်းကံ ကြီးမှာပဲ
(ဘုန်း ဆိုတာ ပုဉ်း ကနေ ဆင်းသက်လာတာ ပုည - ကောင်းမှုကုသိုလ် 
အဲဒီ ပုည ကို စကားပြောရင်း ပုဉ်း => ပုဉ်း ကနေ ဘုန်း ဖြစ်လာတာ 
ကုသိုလ်ကောင်းမှု များများပြုတဲ့သူက ဘုန်းကံကြီးလာမှာပဲ)

တချို့က ပြောကြတယ် မိန်းမ ထမိန်တန်းအောက် ဝင်ရင်တောင် ဘုန်းကံနိမ့်တယ်တဲ့
မေးရရင် သူတို့က ဘယ်ဥက ပေါက်လာတာလဲလို့ ပြန်မေးရလိမ့်မယ်ထင်တယ်
ဒါတွေဟာ စိတ်ခံစားမှု သက်သက်ပဲ ဘုန်းနိမ့်တာ မြင့်တာနဲ့ မဆိုင်ဘူး
သို့သော်လည်း နေရာတကာ မတူတာတွေကို တူအောင် လိုက်တုလို့တော့ မရဘူး
ယောက်ျား၊ မိန်းမဆိုပြီး သဘာ၀နိယာမ သဘောက ခွဲခြားပေးခဲ့ပြီးသား 
အမျိုးသားအဖြစ်၊ အမျိုးသမီးအဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကြောင့်
နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ရှိတယ်။ 

ဒီသဘာ၀ နိယာမတွေကြောင့်ပဲ အမျိုးသမီးတွေဟာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊ 
အမျိုးသားများထက် ပိုတဲ့ခန္ဓာ၀န် ဒုက္ခတွေ ရှိလာတာ ဖြစ်တယ်။ သေချာတာကတော့ 
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ 
ကိုယ်၀န်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ 
စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ 

ဗုဒ္ဓဘာသာအလို ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ 
ကမ္မသတ္တိ တွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ 
ဒုက္ခ ပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့။ မကောင်းတဲ့ အကျိုးပိုများတာဟာ 
မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ပါပဲ။ 

အတိတ်အတိတ် ဘဝတွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ 
မသိမှု အဝိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ 
ယောကျားဖြစ်လို့ မိန်းမဖြစ်လို့ဆိုပြီး ဗုဒ္ဓဘာသာက မခွဲခြားပါဘူး။ 
မခွဲခြားရင် ဘာဖြစ်လို့ ဘုရားပေါ်မိန်းမ မတက်ရတာလဲ မေးစရာရှိလာမယ် ။ 

ဟုတ်ပြီ ဒါက Traditional ပါ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာလို့ပဲ ပြောရမှာပေါ့
Traditional ကတော့ မြန်မာပြည်မှ မဟုတ်ဘူး ဘယ်နိုင်ငံသွားသွား 
သူ့နိုင်ငံ သူ့ဘာသာ သူ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို ကိုယ်မယုံကြည်လည်း 
လက်ခံရမှာပဲ လက်မခံနိုင်ရင် ဘယ်မှ မသွားနဲ့ စာရေးသူကိုယ်တိုင် အိန္ဒိယမှာ 
ဘာသာမျိုးစုံရဲ့ ဘုရားကျောင်းတွေ သူတို့ အထွဋ်အမြတ်ထားတဲ့ နေရာတွေ
နေရာမျိုးစုံ သွားဖူး လေ့လာဖူးပါတယ် ဟိန္ဒူ ဂျိန်း စတဲ့ သူတို့ အထွဋ်မြတ်ထားတဲ့
နေရာသွားရင် သူတို့က ဖိနပ်ချွတ်လို့ သတ်မှတ်ထားရင် ချွတ်ပေးပြီးပဲ ဝင်ပါတယ်
ဆစ်ခ်ဘာသာ ဘုရားကျောင်းထဲ ဝင်တယ် ခေါင်းကို လုံအောင် ခေါင်းစွပ်ရမယ်ဆို 
စွပ်ပေးလိုက်တာပဲ ကိုယ်မယုံကြည်တိုင်း သူ့ဓလေ့ သူ့ရိုးရာကို ဆန့်ကျင်လို့ မရပါဘူး

နေရာဒေသ များစွာမှာ မတူညီတဲ့  ဓလေ့ထုံးတမ်းစဉ်လာတွေရှိတယ် 
ဒါတွေကို လက်ခံနိုင်ရပါမယ် ဗုဒ္ဓဘာသာချင်း တူတာတောင် မတူညီတဲ့ ဓလေ့တွေ ရှိတယ်
သီရိလကာင်္နိုင်ငံမှာ သီရိလင်္ကာ လူမျိုးတွေက ဘုရားရှေ့ထိုင်ရင် ဘုရားဘက်ကို 
ခြေဆင်းပြီး ထိုင်တယ် အဲဒါမှ ယဉ်ကျေးတယ်တဲ့ သူတို့အယူပေါ့ တင်ပလင်ခွေ ထိုင်ရင် 
ဘုရားကို တုပ ပြီး ထိုင်တာဖြစ်လို့ ရိုင်းတယ်တဲ့

ဟော မြန်မာ လူမျိုးကြတော့ ဘုရားကို ခြေဆင်းရင် ရိုင်းတယ်လို့ သတ်မှတ်တယ် 
တင်ပလင်ခွေ ထိုင်မှ ယဉ်ကျေးတာ ဘာသာချင်း တူပေမယ့် ထားတဲ့ စိတ် မတူဘူး 
တကယ့်တော့ ပြုမူပုံ ကွာခြားပေမယ့် ဘုရားကို ကြည်ညိုတဲ့ စိတ်တော့ တူကြတယ် 
အနေအထိုင် အပြုအမှုက စိတ်ကို ကိုယ်စား မပြုဘူး 
အဲဒါကြောင့် ဘုရားသွားမယ် ဘုရားကို ကြည်ညိုတဲ့ စိတ်နဲ့ ရှိခိုး ပူဇော်နိုင်ဖို့က 
အဓိက လိုရင်းပဲလေ ရိုးရာဓလေ့တွေအပေါ် လိုက်ခံစားပြီး 
စိတ်မကျေမနပ် ဖြစ်နေစရာ မလိုပါဘူး 

အချုပ်ဆိုရရင် မိန်းမဖြစ်ဖြစ် / ယောကျာ်းဖြစ်ဖြစ်ဘယ်သူက ပိုသာတယ်ဆိုတာ မရှိဘူး
သာချင်ရင် ကိုယ်ကျင့်သီလ ပြည့်စုံအောင် ကျိုးစားကြပါလို့ပဲ ဆိုချင်ပါတယ်

+++

🔹သျှင်သာမိ - မုံရွာ🔹
https://shinsami.blogspot.com

Sunday, October 18, 2009

လူမိုက်တို့ သွားရာလမ်း (သီတဂူ ဆရာတော်)

ဟိုးရှေးရှေးတုန်းက ဒဏ္ဍကီဆိုတဲ့ တိုင်းပြည်တစ်ပြည် ရှိခဲ့ဘူး တယ်၊ 
အဲဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းကိုလည်း "ဒဏ္ဍကီမင်း"လို့ပဲ ခေါ်တယ်။ 
ထိုဘုရင်ဟာ တိုင်းပြည်ကို ဓမ္မနှင့်အညီအုပ်ချုပ် နေထိုင်ခြင်း မရှိခဲ့ပါဘူး။

ထိုစဉ် ဒဏ္ဍကီ မင်းရဲ့ မင်းဥယျာဉ်ထဲမှာ ကိသ၀စ္ဆ(ပိန်လှီသောရသေ့)လို့ ခေါ်တဲ့ 
သူတော်စင်ရသေ့တစ်ပါး တရား ဘာ၀နာ အားထုတ်နေထိုင်ခဲ့ဘူးတယ်။ တိုင်းပြည်ရဲ့ 
စစ်သူကြီးက အလွန်ကြည်ညိုလို့ အလုပ်အကျွေးပြုစု ကိုးကွယ်ပူဇော်လျက်ရှိတယ်။

ဒဏ္ဍကီတိုင်းပြည်ဟာ နာမည်ကြီး ပြည့်တန်ဆာမ တစ်ယောက်ကြောင့် ပိုပြီးတော့ 
အဝင်အထွက်များ စည်ကားနေတဲ့ အချိန်ဖြစ်တယ်။ ပြည့်တန်ဆာမ၏ဝင်ငွေသည် 
ရှင်ဘုရင်ထက်များပြားနေသော အချိန်လည်းဖြစ်သည်။

ပြည့်တန်ဆာမ လောက်ဝင်ငွေမရှိသော ရှင်ဘုရင်၏ စီးပွားရေးပေါ်လစီကိုလည်း 
အများပြည်သူက သဘောမကျတဲ့အချိန်ပေါ့။ အဲဒီလိုတိုင်းပြည်၌ ပြည့်တန်ဆာအိမ်၌ 
စည်ကားနေတာကို ဒဏ္ဍာကီ ဘုရင်က`ငါ့တိုင်းပြည်ဟာ ငါဘုန်းကံကြောင့် အလိုလို
စည်ကားနေတဲ့တိုင်းပြည်ပါ၊ ဒီပြည့်တန်ဆာမကြောင့် စည်ကားနေတာ မဟုတ်ပါဘူး´ဆိုပြီး 
ပြည့်တန်ဆာမကို ရာထူးမှ ဖြုတ်ချလိုက်တယ်။ ပြည့်တန်ဆာ လုပ်ခွင့်မပြုတော့ဘူးတဲ့ 
အဲဒီအခါမှာ ပြည့်တန်ဆာမက သူ့လုပ်ပိုင်ခွင့် သူ့နေရာပြန်ရအောင်ဆိုပြီး ဘုရင့်ထံကို
နည်းအမျိုးမျိုးနဲ့  ၀င်ထွက် နိုင်အောင်ကြိုးစားနေစဉ် တစ်နေ့ မင်းဥယျာဉ်မှာ 
တရားအားထုတ်နေသော ကိသ၀စ္ဆရသေ့ကိုတွေ့ သွားသတဲ့။

ကိသ၀စ္ဆရသေ့ရဲ့ ပုံစံက အစစအရာရာ ချိုးခြံချွေတာပြီး တရားဘာ၀နာကိုပဲ အားထုတ်နေတဲ့
အချိန်ဆိုတော့ ပိန်ခြုံးပါးလျကာ အရိုးပေါ်အရေတင်ပြီး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေး တွေနဲ့ 
ရှုတ်ထွေးပွေလီ မသတီစရာပုံစံ ဖြစ်နေတာပေါ့။ သူတော်ကောင်း၏ ရုပ်သွင်ပြင်သည် 
ပြင်ပ ၌ ရွံရှာဖွယ်ဖြစ်နေသော်လည်း အတွင်းနှလုံးသားကမူ အလွန်သန့်ရှင်း ဖြူစင်နေပါတယ်။

အဲဒါကို မြင်မိတဲ့ပြည့်တန်ဆာမက သူ့အတွက် မင်္ဂလာမရှိဘူး အမင်္ဂလာအတိ ဖြစ်တယ်၊ ကျက်သရေ
ယုတ်တယ်လို့ယူဆပြီး ယတြာချေတဲ့ သဘောနဲ့ တရားအလုပ် လုပ်နေတဲ့ ရသေ့ ရဲ့ ကိုယ်ပေါ်ကို နှပ် တံတွေး
ပလုပ်ကျင်းရေတွေ ထွေးချပြီး သွားကြား ထိုးတံ တွေနဲ့ ပစ်ပေါက်ကာ
"အပြစ်ရှိသမျှ ကျေပါစေ" လို့ ပါးစပ်က ရေရွတ်ပြီးဆက်လက် ထွက်ခွာသွားတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ ရှင်ဘုရင်က အဲဒီနေ့မှာပဲ ပြည့်တန်ဆာမကို လုပ်ပိုင်ခွင့် ပြန်ပေး
လိုက်တယ်၊`ထန်းသီးကျွေခိုက် ကျီးနင်းလိုက် ´ဆိုတဲ့အတိုင်း ပြည့်တန်ဆာမ ဟာ အတိတ်က ကုသိုလ်ကံအကျိုးပေး ချိန်ရောက်လာ လို့ လုပ်ပိုင်ခွင့်ပြန်ရတာကို အယုတ်တမာ ကျက်သရေ
မရှိတဲ့ ရသေ့ကို နှပ် တံတွေးနဲ့ ထွေးခဲ့လို့လုပ် ပိုင်ခွင့် ပြန်ရတာလို့ လွဲမှားစွာ ယုံကြည်သွားတော့တယ်။

အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် များမကြာမီ အချိန်မှာပဲ ရှင်ဘုရင်က စိတ်ဆိုးပြီး သူ့ရဲ့အကြံပေး အရာရှိ
ပုရောဟိတ် ဆရာကြီးတစ်ယောက်ကို ရာထူးမှဖြုတ်ချလိုက်တယ်။ အဲဒီပုရောဟိတ်ဆရာကြီးက 
အတွေ့အကြုံရှိခဲ့တဲ့ ပြည့်တန်ဆာမထံမှာ နည်းနာနိဿယ တောင်းခံတဲ့အခါ လွဲမှားစွာ ယူဆယုံကြည်ထားတဲ့အတိုင်း ညွှန်ပြပေး လိုက်ပါတယ်။

ပုရောဟိတ်ဆရာကြီးဟာ ပြည့်တန်ဆာမ ညွှန်ပြလိုက်တဲ့အတိုင်း ကိသ၀စ္ဆ ရသေ့ 
ကိုယ်ပေါ်မှာ နှပ် တံတွေးနဲ့ထွေးပြီး ယတြာချေလိုက်ပြန်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲ ဒီနေ့မှာပဲ 
ရှင်ဘုရင်က စိတ်ဆိုးပြေပြီး ပုရောဟိတ်အား ရာထူးပြန်ပေးလိုက်ပါတယ်၊ အတိတ်က ကုသိုလ်ကံ
အကျိုးပေးချိန်ရောက်လာလို့ မိမိရာထူးပြန်ရတာကို အယုတ်တမာ ကျက်သရေမရှိတဲ့ ရသေ့ကို 
နှပ် တံတွေးတွေနဲ့ ထွေးခဲ့လို့ ရာထူးပြန်ရတာလို့ ပုရောဟိတ်ကြီးကလည်း လွဲမှားစွာယူဆယုံကြည် 
သွားပြန်တယ်။

များမကြာမီ အချိန်အတွင်းမှာ ဒဏ္ဍကီမင်းရဲ့ နယ်စပ်ဒေသမှာ ဆူပူသောင်းကျန်းမှုတစ်ခု ဖြစ်ပေါ်
လာပါတယ်။ စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ ရှင်ဘုရင်ကို အကြံပေးပုဂ္ဂိုလ် ပုရောဟိတ်ဆရာကြီးက အောင်ပွဲ
ရချင်ရင် ပြည့်တန်ဆာမနဲ့ သူနဲ့ ယတြာချေတဲ့ နည်းအတိုင်း ယတြာချေပြီးမှ စစ်တိုက်ထွက်သင့်
ပါကြောင်း ရှင်ဘုရင်အား အကြံဥာဏ်ပေး လိုက်ပါတယ်။
ရှင်ဘုရင်ကလည်း ပုရောဟိတ် အကြံပေးတဲ့အတိုင်း လုပ်တာပေါ့။ ရှင်ဘုရင်က စလုပ် ပြီဆိုမှတော့ 
နောက်လိုက်နောက်ပါ စစ်သည် ဗိုလ်ပါတွေရော စစ်ထွက်ခါနီး လိုက်ပါ ပို့ဆောင်ပေးကြတဲ့ မိဖုရားတွေ 
မောင်းမမိဿံတွေရော တိုင်းသူပြည်သားတွေကပါ အကုန်လုံး လိုက်လုပ်ကြတာပေါ့။

ဣဿရာနု၀တ္တကော ဟိ လောကော သတ္တလောက - လူသားအားလုံးဟာ အစိုးရသူ အရှင်သခင်ဘုရင်၊ 
သမ္မတ တို့ရဲ့ နောက်လိုက်တွေပဲ မဟုတ်လား။
အဲဒီတော့ ကိသဝစ္ဆရသေ့လေးရဲ့ကိုယ်ပေါ်မှ နှပ်တံတွေးတွေ သွားကြားထိုးတံ တွေ က မြင်မကောင်း 
ရှုမကောင်းပါပဲ၊ တံတွေးခွက်ထဲက ရသေ့ဖြစ်သွားတာပေါ့။ 
အဲ့ဒါကို ကြည့်ပြီး ရသေ့လေးကို ကြည်ညိုတဲ့ စစ်သူကြီးဟာ စိတ်မကောင်းဖြစ်ပေမယ့် 
အား မတန်လို့မာန်လျှော့ပြီး အများနဲ့တစ်ယောက် မပြောရဲလို့နေခဲ့ ရပေမယ့် အားလုံးပြီး သွားတဲ့အခါ 
ရသေ့လေးကိုယ်ပေါ် က နှပ်တံတွေးတွေ သွားကြားထိုးတံတွေကို ဖယ်ရှား သုတ်သင်၊ သန့်စင်သော နံ့သာရည်
တို့ဖြင့် ရေချိုးပေးပြီး "အရှင်ရသေ့ လူတွေဟာ မလုပ်သင့်တာကို လုပ်မိကြပြီ၊ ဘာတွေဖြစ်လာမလဲဆိုတာ 
မသိတော့ပါဘူး" လို့ စိုးရိမ်တကြီး ညည်းတွား လျှောက်ထားသတဲ့။

အဲဒီအခါမှာ ရှင်ရသေ့က "ဒကာတော် စစ်သူကြီး ငါကတော့ ဘယ်သူ့အပေါ်မှ စိတ် ဆိုးဒေါသ 
မဖြစ်ပါဘူး သို့သော် ဓမ္မဘက်သား နတ်အများကတော့ အရမ်းစိတ်ဆိုး နေကြပြီ လူတွေကိုအပြစ်ပေးလိမ့်မယ်၊ 
ငါ့ထံမှာ အပြစ်ကို ဝန်ချတောင်းပန်မှု မပြုကြဘူးဆိုရင် ခုနစ်ရက် အတွင်းမှာ ဒဏ္ဍကီတိုင်းပြည်
တစ်ပြည်လုံးကို ပျက်စီးအောင် ဖျက်ဆီးကြလိမ့်မယ်၊ စစ်သူကြီးအနေနဲ့ မိမိရဲ့ ဇနီးမယား သားသမီး
တွေခေါ်ပြီး အိမ်နီးနားချင်း တိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏသွားရောက် ရှောင်ပုန်းနေထိုင်ပါ"
လို့ အမိန့်ရှိလိုက်တယ်။
 စစ်သူကြီးလည်း ရှင်ရသေ့ကအဲဒီလိုအမိန့်ရှိလိုက်တဲ့အခါ ဘုရင်ကြီးကိုအကျိုး အကြောင်း ပြောပြပေမယ့် လက်မခံတဲ့အတွက် စစ်သူကြီးအဖြစ်မှ နှုတ်ထွက်ပြီး ရသေ့လေးအမိန့်ရှိ တဲ့အတိုင်း 
တစ်ခြားတိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏ သွားရောက် ရှောင်ပုန်းနေထိုင် လိုက်တယ်။ 

မကောင်းမှု အကုသိုလ်ကံက အကျိုးမပေးခင်မှာ လူမိုက်တွေဟာ မကောင်းမှု 
အကုသိုလ် လုပ်ရတာကို အရသာရှိတယ် ဇိမ်ကျတယ်လို့မှတ်ထင်ကြတယ်၊ 

ဒဏ္ဍကီ ဘုရင် ဟာလည်း ရသေ့လေးအပေါ်မှာ ပြစ်မှားခဲ့ပေမယ်လို့ အဲဒီအကုသိုလ်ကံက 
အကျိုးမပေးသေးတော့ ရန်သူကို နှိမ်နှင်းပြီး အောင်ပွဲခံပြန်လာနိုင်ခဲ့ပါတယ်။ 
အောင်ပွဲခံပြန်လာတဲ့ ဒဏ္ဍကီဘုရင်ကို မိုးနတ်မင်းက ဆီးကြိုခဲ့ပါတယ်။ ရိုးရိုးမိုး ပန်းမိုး 
အသပြာမိုး ငွေမိုး ရွှေမိုး ရွာသွန်းဖြိုးလို့  ကြိုဆိုခဲ့ကြပါတယ်၊ ဒါကို ဒဏ္ဍကီဘုရင်က 
သူ့ လုပ်ရပ်မှန်တယ်၊ သူ့ယတြာ အစွမ်းထက်တယ်ဆိုပြီး အရမ်းအရမ်းပျော်ရွှင်နေတယ်၊ 
တကယ်တော့ သူ့အတွက် သေပန်းပွင့်နေတယ်ဆိုတာလို့ သူသဘောမပေါက် သေးဘူး၊ 

ဟော မကြာပါဘူး၊(၇)ရက်မြောက်တဲ့နေ့မှာ ဓါးမိုး၊ လှံမိုး၊ မီးကျီးမိုး၊ သဲမိုး တွေ ရွာချပြီး ဒဏ္ဍကီဘုရင်နဲ့တကွ 
အပေါင်းပါအားလုံးကို ဖျက်ဆီးပစ်လိုက်တယ်၊ ဒဏ္ဍကီတိုင်းပြည်ကြီးနဲ့ နန်းတော်ကြီးဟာ တခဏချက်ချင်း ထီးသုဉ်း နန်သုဉ်းအားလုံး ဆိတ်သုဉ်း ပျက်စီးသွားပြီး သဲကန္တာရအတိ  ဖြစ်သွားတယ်။

ဒဏ္ဍကီတိုင်းပြည်ကြီး တခဏချင်း ပျက်စီးသွားတာဟာ သူတော်စင် ကိသ၀စ္ဆ ရှင်ရသေ့ရဲ့ စိတ်တန်ခိုးလို့ခေါ်တဲ့ သီလ၊ သမာဓိ၊ ပညာတန်ခိုး ကိုစော်ကားမိတာ ကြောင့်ပဲဖြစ်ပါတယ်။

#သရဘင်္ဂဇာတ်တော်(၅၂၂)

သီတဂူဆရာတော်ဘုရား၏
လူမိုက်တို့၏သွားရာလမ်း တရားတော်မှ ကောက်နှုတ်ချက်

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား

မိစ္ဆာဝါဒီတို့ အကြောက်ဆုံးတရား၊ အကြောက်ဆုံးဒေသနာ (ဝါ) အကြောက်ဆုံး ပိဋကတ်မှာ အဘိဓမ္မာပိဋကတ် ဖြစ်၏။ သူတို့ဝါဒ သူတို့ ပြောဆိုရေးသားသမျှကို အဘိဓမ္မာနှင့် ညှိလိုက်သည့်အခါတိုင်း သူတို့၏ အမှားသည် ကွက်ကွက်ကွင်းကွင်း မငြင်းနိုင်အောင် ဖြစ်လေ့ရှိ၏။ ထို့ကြောင့် အဘိဓမ္မာပိဋကတ်သည် မိစ္ဆာဝါဒီတို့အဖို့ အမုန်းဆုံး အကြောက်ဆုံး တရား ဖြစ်၏။ ဤတွင် ထိုမိစ္ဆာဝါဒီတို့ အကြောက်ဆုံး အမုန်းဆုံးဖြစ်သော အဘိဓမ္မာပိဋကတ်ကို ဘုရားဟောဟု လက်ခံကာ သင်ယူခြင်းကြောင့် ရရှိအပ်သော အကျိုးတရားများနှင့် အဘိဓမ္မာ ပိဋကတ်ကို ဘုရားမဟောဟု ပစ်ပယ်ခြင်းကြောင့် ရရှိနိုင်သော အပြစ်တို့ကို ပြဆိုပါမည်။ အဘိဓမ္မာတတ်သူ အဘိဓမ္မာဆောင်သူကို (တရားဟောဟော မဟောဟော) ဓမ္မကထိက-အစစ်ဟု ခေါ်ပါသည်။ အဘိဓမ္မာ မတတ်သူများကိုကား တရားပင်ဟောနေစေကာမူ ဓမ္မကထိက အစစ်ဟု မခေါ်ပါ။ (အာဘိဓမ္မိကဘိက္ခူယေ၀ ကိရ ဓမ္မကထိကာ နာမ၊ အဝသေသာ ဓမ္မကထံ ကထေန္တာပိ န ဓမ္မကထိကာ။ အဘိ၊ဋ္ဌ၊၁၊၃၀) အကြောင်းကား အဘိဓမ္မာ မတတ်သူများသည် တရားဟောရာ (စာရေးရာ) တွင် (၁) ကမ္မန္တရ အာလောဠန - ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောမွှေ၍ (၂) ဝိပါကန္တရ အာလောဠန - ဝိပါက်တစ်ပါးကို အခြားဝိပါက်တစ်ပါးဖြင့် ရောမွှေ၍ (၃) ရူပါရူပ ပရိစ္ဆေဒ အာလောဠန - ရုပ်နာမ် အပိုင်းအခြားကို ရောမွှေ၍ ၊ (၄) ဓမ္မန္တရ အာလောဠန - ရုပ်တရားကို နာမ်တရားဖြင့် နာမ်တရားကို ရုပ်တရားဖြင့် ရေမွှေ၍လည်း ဟောပြောရေးသားတတ်၏။ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပါဦးမည်။ (၁) အဘိဓမ္မာ မတတ်သူများသည် ကာမဝစရကံကိုလည်း ရူပါဝစရကံ စသည်ဖြင့်လည်းကောင်း၊ ကာမာဝစရကံ အချင်းချင်းတွင်လည်း မည်းညစ်သော အကျိုးရှိသော အကုသိုလ်ကံကို ဖြူစင်သော အကျိုးရှိသော ကုသိုလ်ကံဟုလည်းကောင်း ရောထွေးပြောဆို တတ်ကြ၏။ ဥပမာ - တရားအားထုတ်၍ ကာမာဝစရ ဝိပဿနာ ဉာဏ် အတော်အတန် ထက်သန်လာသောအခါ လောကုတ္တရာ မဂ်ဉာဏ်ဟု သူတစ်ပါးအား ပြောဆိုခြင်းမျိုး၊ ဝိပဿနုပက္ကိလေသ- ဟု ခေါ်သော နိကန္တိတဏှာ (အကုသိုလ်) ကိုလည်း မဂ်ကုသိုလ်ကံ ထင်မှားကာ သူတစ်ပါးအား မဂ်ဖိုလ် ရကြောင်း ပြောဆိုခြင်းမျိုး၊ မိမိချစ်သူ (မိဘ၊သားသမီး)၏ သေခါနီး၌ ဝေဒနာအပြင်းအထန် ခံစားရသဖြင့် ပင်ပန်းနေသည်ကို သနားလှသဖြင့် မြန်မြန်သေအောင်ပြုမှု [mercy killing-] (အကုသိုလ်)ကို ကုသိုလ်ထူးဟု ထင်မှား ပြောဆိုခြင်းများသည် ကံတစ်ခုကို အခြားကံတစ်ခုဖြင့် ရောသမမွှေခြင်း- ကမ္မန္တရ အာလောဠန- မည်၏။ (၂) တရားအားထုတ်သောအခါ ဝိပဿနာဉာဏ်၏ ထက်သန်မှုကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှင့် သုခ ပီတိ- တို့ဖြစ်၍ လောကကြီးကို မေ့သကဲ့သို့ ပျော်မွေ့မှုဖြစ်ခြင်းကို ဖလသမာပတ်ဟု ထင်မှတ်ပြောဆိုခြင်း၊ တိရစ္ဆာန် ပြိတ္တာတို့ ငတ်ပြတ်နေချိန် ဆာလောင်မွတ်သိပ်ချိန်တွင် မစင်-ခွေးသေကောင်ပုပ် စသည်ကို ရရာ၌ အကုသိုလ်ကံ၏ အကျိုး အာနိသင်ဖြစ်ပါလျက် ကုသိုလ်ကံ၏ အကျိုးဟု ထင်မှတ်ပြောဆို ကြခြင်း၊ အကုသိုလ်ဖြင့် အသက်မွေးသူ၏ ကောင်းကျိုးရနေခြင်း ကြီးပွားချမ်းသာနေခြင်းသည် ရှေးကုသိုလ်ကံ၏ အကျိုး ဖြစ်ပါလျက် အကုသိုလ်ကံ၏ အကျိုးဟု ထင်မှား၍ ပြောဆို ချီးမွမ်းခြင်း၊ ကောင်းသောအမှုဖြင့် အသက်မွေးနေပါလျက် ဆင်းရဲဒုက္ခရောက်နေသူကို ကုသိုလ်ကံက မကောင်းကျိုး ပေးသည်ဟု ထင်မှားပြောဆိုခြင်း၊ ဗြဟ္မာ့ပြည်၌ လှပသော ရူပါရုံကို မြင်ရ၊ ကောင်းသော သဒ္ဒါရုံကို ကြားရသောအခါ ကာမာဝစရကံ၏ အကျိုးဖြစ်ပါလျက် ရူပကံ၏ အကျိုးဟု ထင်မှတ် ပြောဆိုကြခြင်းမျိုးသည် အကျိုးတစ်ပါးကို အကျိုး တစ်ပါးဖြင့် ရောသမမွှေခြင်း- ဝိပါကန္တရ အာလောဠန- မည်၏။ (၃) ရုပ်တရား နာမ်တရားသည် အဘိဓမ္မာကျွမ်းကျင်သူများ အတွက် ကွဲပြားခြားနားပြီး ဖြစ်၏။ အဘိဓမ္မာမကျွမ်းသူတို့ အိပ်ပျော်နေချိန် ဘဝင်စိတ်အစဉ် ဖြစ်နေခြင်းကို နာမ်တရားမဟုတ် ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်း၊ အိပ်ချင်၍ မိဒ္ဓ-ဖြစ်ခြင်းကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြ ခြင်း၊ ဝေဒနာကို ရုပ်တရားဟု ထင်မှားပြောဆိုတတ်ကြခြင်းမျိုး သည် ရူပါရူပ ပရိစ္ဆေဒ အာလောဠန- မည်၏။ (၄) နာမ်တရားအချင်းချင်း ရောသမမွှေမှု၊ ဥပမာ- သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်း အသေးစိတ်ကြံစည်မှု ၊ ဖျက်အားပြင်း လက်နက်ဆန်းများ တီထွင်ရန်ကြံစည်မှု-စသော အကုသလ ဝိတက်ကို ဉာဏ်ဟုလည်းကောင်း၊ မကြည်ညိုသင့်သူကို ကြည်ညိုမိခြင်း မိစ္ဆာဓိမောက္ခ- သို့မဟုတ် မောဟ-ကို သဒ္ဓါ-ဟု လည်းကောင်း၊ သားချစ်မယားချစ် ချစ်ခြင်းဟူသော တဏှာ (လောဘ)ကို မေတ္တာ-ဟုလည်းကောင်း၊ ချစ်သူဒုက္ခရောက်၍ ဝမ်းနည်းခြင်း သောက-ကို ကရုဏာ-ဟုလည်းကောင်း၊ မိမိချစ်သူ အောင်မြင်ကြီးပွား၍ ဝမ်းမြောက်မှု သောမနဿနှင့် ယှဉ်သော လောဘ-ကို မုဒိတာ- ဟုလည်းကောင်း၊ မိစ္ဆာဝါဒီများက သာသနာတော်ကို ဆန့်ကျင်ဘက်ပြုကာ စော်ကားနေသည်ကို တွေ့မြင်နေပါလျက် အမှားအမှန်မသိမှု မောဟ၊ သို့မဟုတ် တာဝန်မယူလို ရှောင်ရှားလိုခြင်းဟူသော ပျင်းရိမှု ကောသဇ္ဇ-ဖြစ်သည်ကို ဥပေက္ခာ-ဟုလည်းကောင်း ထင်မှားပြောဆိုခြင်းများသည် ဓမ္မန္တရ အာလောဠန-မည်၏။ အဘိဓမ္မာတတ်သူတု့ိကား ထိုသို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ရောထွေးခြင်းမျိုး မဖြစ်၊ မရှိ။ ကံသဘော၊ အကျိုးသဘော တို့ကိုလည်း ခွဲခွဲခြားခြားသိ၏။ ရုပ်နာမ်ဓမ္မတို့၏ သဘာဝအမှန်ကို လည်း တိတိကျကျသိ၏။ ထို့ကြောင့် အဘိဓမ္မာတတ်သူသည် တရားပင် မဟောစေကာမူ ပြဿနာတစ်ရပ်ကို အဖြေရှာရာတွင် မှန်မှန်ကန်ကန် တိတိကျကျ ဖြေရှင်းပြနိုင်သောကြောင့် ဓမ္မကထိက အစစ်ဟူ၍ ဆိုခြင်းဖြစ်၏။ ဤသို့ ရုပ်နာမ်သဘာဝကို တိတိကျကျသိခြင်း၊ မည်သူက မည်မျှပင် လှည့်ပတ်၍ ပြောဆိုရေးသားစေကာမူ ဤကား မိစ္ဆာ၊ ဤကား သမ္မာ-ဟု ရှင်းရှင်းလင်းလင်း သိခြင်းသည်ကား အဘိဓမ္မာ ကို သင်ယူရခြင်း၏- အကျိုးတည်း။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်း၏ အပြစ်တို့ကို ဗုဒ္ဓ၏ ဗုဒ္ဓဝါဒ-စာအုပ်တွင် စာရေးသူ ရေးဖူးပါသည်။ ယခု ထိုစာအုပ်မှပင် ထုတ်ပြပါမည်။ အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ပစ်ပယ်ခြင်းသည်။ (၁) ဘုရားရှင်၏ ဓမ္မစက်ကို ရိုက်ချိုးဖျက်ဆီးရာ ရောက်၏။ (၂) ထိုသို့ ဖျက်ဆီးသောအားဖြင့် ဤမျှလေးနက်တိကျသော၊ ရှေ့နောက်ညီညွတ်သော ၊ အကြောင်းအကျိုး ခိုင်လုံသော တရားမျိုးကို ဘုရားရှင် မဟောနိုင်ရာ-ဟု ဆိုရာရောက်ရကား သဗ္ဗညုတဉာဏ်တော်ကိုလည်း တားမြစ်ရာရောက်၏။ (၃) သဗ္ဗညုတဉာဏ်တော်ကို တားမြစ်ရာရောက်သဖြင့် `အန္တရာယ၊ နိယျာနနှင့်၊ ဗုဒ္ဓ-အာသဝက်၊ ဤလေးချက်၌၊ ဟန့်ဖျက်မသမာ၊ ကန့်ကွက်လာသော်၊ လွန်စွာရဲတင်း၊ ဖြေရှင်းနိုင်သော ဝေသာရဇ္ဇ ဉာဏ်တော်ကို ဆုတ်နစ်စေရာလည်း ရောက်၏။ (၄) အဘိဓမ္မာကို နာယူလို၊ သင်ယူလိုသူတို့ကို မနာယူချင်၊ မသင်ယူချင်အောင် ပိတ်ပင်ရာလည်း ရောက်၏။ (၅) (ထိုသို့ မနာယူရသဖြင့် ရုပ်နာမ်တရားတို့ကို ပိုင်းခြား၍ မသိနိုင်ရကား ) အရိယာမဂ်ကို ပိတ်ပင်ဆီးတားရာလည်း ရောက်၏။ (၆) (သံဃာကွဲပြားခြင်း၏ အကြောင်း ၁၈-မျိုးတွင် ဘုရားဟောကို ဘုရားဟောမဟုတ်-ဟု ပြောဆိုခြင်းလည်း ပါသဖြင့်) သံဃာကွဲပြားဖို့ရာ အကြောင်းတစ်ပါးကို ကျူးလွန်ရာလည်း ရောက်၏။ (၇) ဗုဒ္ဓဘာသိတ အဘိဓမ္မာကို ဗုဒ္ဓဘာသိတ (ဘုရားဟော) မဟုတ်ဟု ငြင်းခုံခြင်းသည် ဝိဝါဒ-မည်၏။ အဘိဓမ္မာ၏ အပြစ်ကို ပြောခြင်းသည် ဓမ္မအဝဏ္ဏဘာသန- မည်၏။ ထိုသို့သော (ရဟန်း) ပုဂ္ဂိုလ်ကို ဥက္ခေပနီယ (နှင်ထုတ်) ကံလည်း ပြုထိုက်၏။ တဇ္ဇနီယ (ခြိမ်းခြောက်) ကံလည်း ပြုထိုက်၏။ (လူဖြစ်လျှင် ပတ္တနိကုဇ္ဇန- သပိတ်မှောက်ကံ ပြုထိုက်၏။) (အဘိ၊ဋ္ဌ၊၁၊ ၃၀) အထက်ပါ အကျိုးအပြစ်များသည် ပထမဆုံးသော အဘိဓမ္မာ အဋ္ဌကထာကြီးမှ ဖော်ပြချက်များ ဖြစ်၏။ `ဥပါလိတ္ထေရအပဒါန်မှ အရှင်ဥပါလိမထေရ်၏ မိန့်ဆိုချက်တို့ကို လည်း ဖော်ပြချင်ပါသေးသည်။ `သာသနာတော်သည် အချို့သော သူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သော သူတို့အား ဝမ်းလျှောဆေး ဖြစ်၏။ အချို့သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သော သူတို့အား နတ်ဆေးဖြစ်၏။ သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာကို အန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ဝမ်းလျှောဆေး ဖြစ်၏။ အကျိုးကို လိုလားကုန်သော ကောင်းမှုကို ရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။ သာသနာတော်နှင့် ဆန့်ကျင်သော သူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ (ဖြစ်၏ဟူ၍) ဟောကြားတော်မူ၏။ မျက်စောင်းရိပ်ကာမျှဖြင့် လျှင်စွာ သေစေတတ်သော အဆိပ်ရှိသော မြွေဆိုးသည် ထိုလူကို လောင်စေသကဲ့သို့ ထိုအတူ သာသနာတော်နှင့် ဆန့်ကျင်သောသူကို လောင်စေ၏။  တကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တကြိမ်သာ ဖြတ်တတ်၏။ ထိုသူသည် သာသနာတော်နှင့် ဆန့်ကျင်ဘက် ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဉ်းဆဲခြင်း ဖြင့်လည်းကောင်း ၊ မေတ္တာစိတ်ရှိခြင်းဖြင့် လည်းကောင်း၊ နတ်နှင့်တကွသော လောကကို ကယ်တင်တော် မူ၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ လာဘ်ရမှု မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရားရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏။ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။ မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းဆဲတတ်သော ဒေဝဒတ်၌ လည်းကောင်း ၊ အင်္ဂုလိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာ သားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်းကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား တူမျှသော စိတ်ထားရှိတော်မူ၏။ ထိုဆန့်ကျင်သော သူတို့အား အမျက်ထားခြင်း မရှိ။ ဤမဆန့်ကျင်သော သူတို့အား တပ်နှစ်သက်မှု မရှိ၊ သတ်ဖြတ် ညှဉ်းဆဲတတ်သော သူအားလည်းကောင်း၊ ရင်သွေးသားမြတ် အားလည်းကောင်း၊ ဤသတ္တဝါအလုံးစုံတို့အား မြတ်စွာဘုရား သည် တူမျှသော စိတ်ထားရှိတော်မူ၏။ (ဂါထာ- ၅၇၉-မှ ၅၈၆) ဗုဒ္ဓဘုရားရှင်နှင့် သာသနာတော်အား စော်ကားပြစ်မှားကြသူ အပေါင်းအား ဘုရားရှင်ထုံး နှလုံးမူ၍ အမျက်မထား ဒေါသမပွားပဲ အမှန်တရားဘက် ဘုရားရှင်ဘက်မှ ရပ်တည်ကာ သာသနာတော်ကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။ ။ 

(သာသနာတော်ကို ကာကွယ်စောင့်ရှောက်၍ မိစ္ဆာတို့ကို ဖြိုးခွင်းရန် စည်းလုံးပေါင်းစုကြသော အသင်းအဖွဲ့များအား ဂုဏ်ပြုကြိုဆိုလျက်။) 

အရှင်ကောဝိဒ (ယော) 

ဗုဒ္ဓသာသနာကို ဘယ်သူတွေ ဖျက်စီးနိုင်သလဲ

ကျတော်တို့ ဗုဒ္ဓဘာသာကို အခြားဘာသာခြားတွေအနေနဲ့ ဖျက်စီးလို့မရပါဘူး။ ကျတော်တို့ဗုဒ္ဓဘာသာကို ကျတော်တို့ထဲက စုံးပြူးဗုဒ္ဓဘာသာဝင်တွေကပဲဖျက်စီးလို့ရပါတယ်။ တစ်ခြားဘာသာခြားတွေကအနေနဲ့ကတော့ ဖျက်ချင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ စေတီပုထိုးတွေ ကျောင်းကန်တွေ ကိုပဲဖျက်လို့ရချင်ရမယ်။ ကျတော်တို့ ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ရတနာသုံးပါကိုကြည်ညိုတဲ့စိတ်ကိုတော့ သရဏဂုံပျက်လောက်အောင်တော့ သူတို့တွေမဖျက်စီးနိုင်ကြပါဘူး။ ကျတော်တို့ကိုသတ်လို့ကျတော်တို့ရဲ့အသက်တွေသေရင်သေသွားပါစေ။ ကျတော့်တို့ရဲ့ရတနာသုံးပါး အပေါ်မှာယုံကြည်မြတ်နိုးတဲ့စိတ်ကတော့သေသွားမှာမဟုတ်ပါဘူး။ စေတီပုထိုးကျောင်းကန်ဆိုတာလည်း ဘာသာခြားတွေ မဖျက်ဆီးလည်းတစ်နေ့တော့သင်္ခါရသဘောတရားအရပျက်စီးမှာမလွဲမသွေပါ။ ဒီတော့သိစေချင်တာကတော့ဗျာ။ ကျတော်တို့ရဲ့ နှလုံးသားမှာတည်နေတဲ့သရဏဂုံကိုတော့ ကျတော်တို့ထဲကဗုဒ္ဓဘသာအမည်ခံတွေကသာဖျက်စီးနိုင်တာပါ။ ဥပမာတစ်ခုပြောရရင်တော့ဗျာ။ ဇမ္ဓူရာဇ်ရွှေစင်ကို ကျောက်သံပတ္တမြားက ဖျက်ဆီးလို့မရနိုင်သလို အဲဒီကျောက်သံပတ္တမြားကိုလည်း ဇမ္ဓူရာစ်ရွှေစင်ကဖျက်စီးလို့မရနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမျိုးမတူတဲ့အတွက်ကြောင့်ပါ။ ဇမ္ဓူရာစ်ရွှေစင်အစစ်ကိုတော့ အဲဒီရွှေနဲ့တူတဲ့ ဇမ္ဓူရာစ်ရွှေအတုကပဲဖျက်လို့ရသလို ။ ကျောက်သံပတ္တမြားအစစ်ကို လည်း ကျောက်သံပတ္တမြားအတုကပဲ ဖျက်စီးလို့ရပါတယ်။ အတုဆိုတာမျိုးကတော့ အစစ်နဲ့ခွဲခြားလို့တော်တော်နဲ့မရကောင်းဘူးလေ။ အဲဒီတော့ ကိုယ့်ရဲ့ဗုဒ္ဓဘာသာအစစ်ကို ဗုဒ္ဓဘာသာအတုအယောင်တွေက (အယောင်ဆောင်တွေက)မှတ်ပုံတင်ထဲကဗုဒ္ဓဘာသာအမည်ခံတွေကပဲ ဖျက်စီးနေကြတာပါ။ ဒီဥပမာကိုကျတော်ပေးတာမဟုတ်ပါဘူး။ လောကရဲ့ တုနှိုင်းမဲ့ဖြစ်တဲ့ ဗုဒ္ဓလို့ခေါ်ဆိုတော်မူထိုက်တဲ့ မဟာသတ္ထာဘုရားရှင်ကပေးခဲ့တဲ့ဥပမာပါ။ သူတော်ကောင်းများစဉ်းစားကြည့်ပါ။ အခြားဘာသာတွေလည်းဒီအတိုင်းပါပဲ။ သူတို့ရဲ့ ဘာသာတူတွေကပဲ သူတို့ရဲ့ဘာသာကို အခြားဘာသာတွေကအထင်မြင်သေးလာအောင် ဖန်တီးပြီးဖျက်စီးနေကြတာပါ။ အဲဒီတော့ ကျတော်ပြောချင်တာက။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခြားဘာသာဝင်တွေကိုမုန်းတီးနေမယ့်အစား တိုက်ခိုက်နေမယ့်အစား ကိုယ့်ဘာသာထဲကစုံးပြူးတွေကို အရင်ဆုံးသုတ်သင်စေချင်တယ်။ သူတို့မကျေနပ်လို့အခြားဘာသာထဲကူးပြောင်းသွားရင်လည်း နှမြောစရာကြောင်းမရှိပါဘူး။ ဒီလိုမျိုးတွေကျတော်တို့ဘာသာထဲမှာရှိနေရင်လည်း ကျတော်တို့ဗုဒ္ဓဘာသာအတွက် သာသနမလဝိသောဓနီ ဖြစ်မှာမဟုတ်ပါဘူး။အန္တာရယ်ကြီးမားလှတဲ့ဆူးငြောင့်ခလုပ်ပဲဖြစ်မှာပါ။ သူ့ဘာသာသူဘာကြီးပဲဖြစ်နေဖြစ်နေ။ ဘယ်လောက်နာမည်ပဲကြီးနေကြီးနေ။ ဗုဒ္ဓသာသနာအတွက် ကျတော်တို့ ခင်များတို့အတွက် သရဏဂုံပျက်လောက်တဲ့ အထိဖြစ်လာမယ်ဆိုရင်တော့ သုတ်သင်ရမှာပါပဲ။ သုတ်သင်တယ်ဆိုတာသူ့ကိုသတ်ဖို့ ညင်းပန်းနှိပ်စက်ဖို့ဆိုလို တာမဟုတ်ပါဘူး။သာသနာတော်သန့်ရှင်း တည်တံ့ရေးအတွက်တစ်မျိုးမျိုး တော့စဉ်းစားရမှာပါပဲ။ အဲဒီတော့ ခင်များတို့ကျတော်တို့ပဲကိုယ်တတ်နိင်တဲ့ အားနဲ့ အွန်လိုင်းမှာဖော်ဝပ်မေးတွေပို့ရင်းသာသနာပြုကြရတာပေါ့ဗျာ။သာသနာပြုတယ်ဆိုရာမှာလည်း သူ့အသက်ကိုလည်းထိခိုက်စေ သူ့စည်းစိမ်ဥစ္စာကိုလည်းပျက်စီးစေ ဆိုတဲ့ အဖြစ်မျိုးကတော့မကောင်းဘူးဗျာ့။ အဲလိုမျိုးဖြစ်ပြီးမှသာသနာတည်တံ့တယ်ဆိုတာ ၊ သာသနာပြုတယ်ဆိုတာဘုရားရှှုင်နှစ်သက်တော်မူတဲ့ ခွင့်ပြုတော်မူတဲ့ သာနာတည်တံ့ခြင်းမျိုး၊သာသနာပြုခြင်းမျိုးမဟုတ်ဘူးဗျာ့။ အဲဒီတော့ နှလုံးသားဝယ်ဘုရားတည် ဆိုတဲ့ ယောဆရာတော်ရဲ့ နှုတ်ခွန်းတော်အတိုင်းခင်များတို့ကျတော်တို့ရဲ့ နှလုံးသားမှာ သရဏဂုံမပျက်သရွေ့ ဘုရားတည်ပြီးသားပါဗျာ။ သရဏဂုံမပျက်စီးအောင်လည်း ဗုဒ္ဓဿအဝဏ္ဏံဘာသတိ ။ ဓမ္မဿအဝဏ္ဏံဘာသတိ။ သံဃဿအဝဏ္ဏံဘာသတိဆိုတဲ့အတိုင်းရတနာသုံးပါးရဲ့ ဂုဏ်ကို ကျေးဇူးမဲ့ ကဲ့ရဲ့တဲ့စကား လှောင်ပြောင်တဲ့စကား ပေါ့ပေါ့တန်တန်ဂရုဂါရဝမထားတဲ့စကားအပြုအမူတွေကိုရှောင်ရှားကြရင်းနဲ့ ရတနာသုံးပါးကိုစော်ကားလာသူတိုင်းကိုလည်း ရဲဝံ့ပြတ်သားစွာနဲ့ ဆန့်ကျင်ပြီး ပြောဆိုဆုံးမကြရအောင်လားအွန်လိုင်းမှသူတော်ကောင်းတို့။ အနုပညာရှင်ဖြစ်ရင်လည်း အားမပေးဖို့ သူတို့ရဲ့ ထွက်သမျှခွေကိုဆန့်ကျင်ဖို့နဲ့ နောင်အခါရှောင်ကျဉ်လာအောင် လုပ်သင့်ပါတယ်လို့ကျတော်ပြောပြချင်ပါတယ်။ ဘာသာရေးအသိစိတ်ဓါတ်မရှိတဲ့သူကို အသိစိတ်ဓါတ်တွေရှိလာအောင် ချစ်မြတ်နိုးတတ်လာအောင် ယဉ်ကျေးသိမ်မွေ့လာအောင် ကျတော်တို့ကြိုးစားကြရအောင်လားဗျာ။ 

“ဗုဒ္ဓသာသနံစိရံတိဌတု" သုခိအတ္တာနံပရိဟန္တု 

ဓမ္မမိတ်ဆွေ မစိုးရိမ်ကျောင်းသားဟောင်း စိုင်းသိင်္ခ ( တောင်ကြီး ) 

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

Monday, October 12, 2009

Buddhist Religion-သည် ဘာသာအားလုံးတို့ရဲ့ဘာသာ

၁. အလွန်လေးနက်သောဘဝအမြင်ကို ကောင်းစွာသင်ပြပေးသော ဘာသာတခုဖြစ်ပါတယ် 
၂. ထိုလေးနက်သော ဘဝအမြင်ကို အခြေခံပြီး ဘဝလွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစား အားထုတ်ဖို့ လမ်ညွန်ပေးသော ဘာသာတခုလည်းဖြစ်ပါတယ် 
၃. ကိုယ်တိုင် ကိုယ်ပိုင်ညဏ်ဖြင့် အားထုတ်သည့် အလျောက် အသိညဏ်များ တောက်ပြောင် ပွင့်လင်း လာအောင် သင်ပြပေးသော ဘာသာတခုလည်း ဖြစ်ပါတယ် 
၄. လူသားတို့၏ တန်ခိုးထက်လှစွာသော စိတ်- စေတသိတ် ကို စနစ်တကျ အသုံးချခွင့်ပေးသော ဘာသာတခုလည်း ဖြစ်ပါတယ် 
၅. ဘဝနှင့် သေမင်းကို ရင်မဆိုင်ရဲသော သတ္တဝါ တို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ဘ၀ နှင့် သေခြင်း ကို ရင်ဆိုင်ရဲအောင် သင်ပြပေးသော ဘာသာတခုလည်း ဖြစ်ပါတယ် 

နိဂုံး အနေနဲ့ ပြောရရင် Buddha ဝါဒသည် ဘဝဒုက္ခ အားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့ ဘဝဒုက္ခ မှ လွတ်မြောက်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်တကျ ကျင့်စဉ် တမျိုးဖြစ်ပါတယ် 

ဒါကြောင့် Buddha ဝါဒ ကို Religion လို့ဆိုရင်တော့ ဘာသာအားလုံးတို့ရဲ့ ဘာသာ (Religion of all Religion) လို့ဆိုချင်ပါတယ်။ 

ကိုးကား--ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ(သီတဂူ ဆရာတော်) Buddhist in Neutral(ဘိက္ခု နာဒရ)

အရှင်ဝရသာမိ
https://shintharmi.blogspot.com