Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Friday, August 31, 2018

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၂၀ (သာဝတ္ထိ)

သာဝတ္ထိမြို့(Sravasti) သည် အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်(Uttar-Pradesh) ပြည်နယ်အတွင်း၌
တည်ရှိသည်။ သာဝတ္ထိမြို့ကို ဟိန္ဒိဘာသာဖြင့် "သျှရဗစတီ" (Sharavasti) ဟု ခေါ်သည်။
သာဝတ္ထိမြို့သည် ဗုဒ္ဓမပွင့်ခင် အချိန်ကာလက ဓမ္မပဋတ၊ ဓမ္မပူရိ ဟု အမည်တွင်၍ ဗုဒ္ဓပွင့်ထွန်းပေါ်
ပေါက်လာသော အချိန်တွင် သာဝတ္ထိ (Sravasti)၊ (၁၁) ရာစုတွင် အစဉ်အတိုင်း စမ္ပကပူရီ၊ စန္ဒရိက
ပူရီ၊ ထို့နောက် မဟက်သ်(Maheth) အမည်ဖြစ်လာပေသည်။

မြတ်စွာဘုရားရှင်လက်ထက် (623-543 B.C) သာဝတ္ထိမြို့၌ မဟာကောသလမင်း၊ ပသေနဒီ
ကောသလမင်း၊ ဝိဋဋူဘမင်းနှင့် အဇာတသတ်မင်းတို့ အုပ်ချုပ်ခဲ့သောမြို့ဖြစ်သည်။ သာဝတ္ထိမြို့
ဟူသော အမည်သည် "သဗ္ဗံ ဓနံ အတ္ထီတိ သာဝတ္ထိ၊ သဗ္ဗံ - အလုံးစုံသော၊ ဓနံ - ဥစ္စာသည်၊ အတ္ထိ -
ရှိ၏" ဟူသော စကားအရ ပြည့်စုံချမ်းသာသောမြို့ဟု ဆိုလိုသည်။ ကောသတိုင်းသည် မြတ်စွာဘုရား
လက်ထက်တော်အခါ၌ တိုင်းကြီး ၁၆ တိုင်းတွင် ပါဝင်သည်။ သာဝတ္ထိမြို့သည် ကောသလတိုင်း၏
မြို့တော်ဖြစ်သော်လည်း အရှင်အာနန္ဒာထေရ်မိန့်ဆိုခဲ့သော မဟာနဂရမြို့တော်ကြီး (၇)မြို့တွင်
မပါဝင်ပေ၊ ကောသလတိုင်း၏ အရံမြို့ဖြစ်သော သာကေတမြို့သည် မြို့တော်ကြီးများစားရင်းတွင်
ပါဝင်သည်။

သာကေတမြို့သည် ယခုအခါ အယုဒ္ဓယမြို့(Ayodhya)ဟူသော အမည်ဖြင့် တည်ရှိနေသည်။ သာဝတ္ထိ
နှင့် သာကေတမြို့သည် မိုင်အားဖြင့် (၄၈) မိုင်ကွာဝေးပြီး သာဝတ္ထိ နှင့် ဗာရာဏသီ အသွား အပြန်
လမ်းတွင် တည်ရှိသည်။ အယုဒ္ဓယမြို့ကို ဟိန္ဒူဘာသာဝင်များက သူတို့၏ ကိုးကွယ်ရာ နတ်ဘုရား
ရာမမင်းသား၏ ဖွားရာမြို့ဟု အယူရှိကြ၍ အယုဒ္ဓယမြို့ကို ဟိန္ဒူဘာသာဝင်တို့၏ အထွဋ်မြတ်ထား
ရာမြို့အဖြစ် သတ်မှတ်ကြသည်။ ဟိန္ဒူဘုရားကျောင်း နှင့် မွတ်စလင်ဘုရားကျောင်း မြေနေရာတစ်ခု
အတွက် နှစ်ကာလကာရှည်စွာ အငြင်းပွါးခဲ့ကြပြီး ၂၀၀၂ ခုနှစ်တွင် ရထားပေါ်မှ မတော်တဆအမှုကို
အကြောင်းပြုကာ အိန္ဒိယသမိုင်းတွင် ဟိန္ဒူ နှင့် မွတ်စလင် လူပေါင်းများစွာ အသတ်ခံရပြီး
အကြီးအကျယ် သွေးချောင်းစီး ဘာသာရေး စစ်ပွဲကြီးဖြစ်ပွါးခဲ့ရာမြို့လည်းဖြစ်သည်။

သာကေတမြို့သည် ဝိသာခါ၏ ဖခင် စနဉ္စယသူဌေးကြီး နှင့် မိခင် သုမနဒေဝီတို့ တည်ဆောက်သော
မြို့ဖြစ်၍ ကျောင်းအမကြီး ဝိသာခါ ၁၆ နှစ်သောအရွယ်၌ နေထိုင်ခဲ့သော မြို့လည်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် သာကေတမြို့ ကာဠကာသူဌေး ဆောက်လုပ်လှူဒါန်းထားသော ကာဠကာ
ရာမကျောင်းတော်၌ ရဟန်းတော်များအား နတ် ဗြဟ္မာတို့နှင့် သက်ဆိုင်သော တရားတော်
"ကာဠကာရာမ" သုတ္တန်ကို ဟောကြားတော်မူခဲ့သည်။

မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး ဒုတိယမြောက်ဝါကို ရာဇဂြိုဟ်မြို့၌ ဝါဆိုစဉ်အခါ
အနာထပိဏ်သူဌေးသည် သာဝတ္ထိမြို့မှ ရာဇဂြိဟ်မြို့သို့ ကုန်ကူးသန်းရောင်းဝယ်ရန်အတွက်
ရောက်ရှိနေစဉ် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ခဲ့ရသည်။ ယောက်ဖတော် ရာဇဂြိုလ်သူဌေး၏
ပြောပြချက်အရ ဗုဒ္ဓ ဟူသော အသံကိုကြားရပြီးနောက် (၃) ကြိမ်တိတိ မေ့မျောသွားခဲ့သည်။
ထို့နောက် ဘုရားရှင်သီတင်းသုံးတော်မူရာ သီတဝနတောအုပ်သို့ သွားရောက်၍ ဘုရားရှင်အား
ဖူးမြော်အပြီး ဘုရားရှင်ဟောကြားသော တရားတော်ကို နာကြားအပြီးတွင် သောတာပန်
အရိယာ ဖြစ်သွားခဲ့သည်။ သောတာပန်အရိယာဖြစ်ပြီးနောက် ရာသက်ပန်သရဏဂုံတည်သူ
ဥပါသကာအဖြစ် မှတ်ယူပါရန် လျှောက်ထား၍ ဆွမ်းကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဘုရားရှင်
ကို သာဝတ္ထိမြို့သို့ ကြွရောက်သီတင်းသုံးတော်မူပါရန် လျှောက်ထားတောင်းပန်ရာ ဘုရားရှင်က
မြတ်စွာဘုရားရှင်တို့မည်သည် ဆိတ်ငြိမ်သော ဌါန၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြောင်း
အမိန့်တော်ရှိရာ အနာထပိဏ်သူဌေးက တပည့်တော် သဘောပေါက်တော်မူပါကြောင်း
လျှောက်ထားခဲ့သည်။

ဇေတဝန်ကျောင်းတော်ကြီး ဖြစ်ပေါ်လာပုံ


ထို့နောက် အနာထပိဏ်သူဌေးသည် ရာဇဂြိုလ်မှ သာဝတ္ထိသို့ အသွားအပြန်ခရီးတွင် တစ်ယူဇနာလျှင် နားနေကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးအတွက် စီစဉ်သွားခဲ့သည်။ သာဝတ္ထိ နှင့် ရာဇဂြိုဟ် သည်
၄၅ -  ယူဇနာဝေးကွာ၏။ (တစ်ယူဇနာလျှင် ၈ မိုင်နုန်းနှင် ညီမျှသည်) သာဝတ္ထိသို့ ပြန်ရောက်ပြီးနောက်
မြတ်စွာဘုရားရှင်တို့နှင့် သင့်လျော်မည့် နေရာဌာနကို ရှာဖွေခဲ့ရာ ဇေတမင်းသား၏ ဥယျာဉ်မြေကို
တွေ့ရှိခဲ့သည်။

ဇေတမင်းသား၏ ဥယျဉ်မြေကို အသပြာဒင်္ဂ ါးများဖြင့် ရှစ်ကရီသ(၈ x ၁၁၄ = ၉၁၂) ပေရှိသော
ဥယျဉ်မြေကို အစွန်းချင်းထိအောင်ခင်းကာ ဝယ်ယူခဲ့ရာ (၁၈) ကုဋေ သန်းပေါင်း(၁၈၀) ကုန်ကျ
ခဲ့သည်။ ထိုမျှအကုန်အကျခံ၍ ဝယ်ယူသော်လည်း အနာထပိဏ်သူဌေး၏ မျက်နှာသည် တစ်ချက်မှ
မပျက်ခဲ့ချေ။ ပို၍ပို၍သာ ကြည်လင်ဝမ်း မြောက်၍ နေလေသည်။ ဇေတမင်းသား၏ နာမည်ကို
အစွဲပြု၍ "ဇေတဝန" ဇေတဝန်ကျောင်း ဟု အမည်တွင်ခဲ့လေသည်။

“ဇေတဝန်ကျောင်းတော်ကြီး၏ မုခ်ဦးကုသိုလ်ရှင်”


 ဇေတမင်းသားသည် အနာထပိဏ်သူဌေးကြီး၏ မျက်နှာကို ကြည့်၍ သူဋ္ဌေးကြီးလုပ်သော
ကောင်းမှုသည် မြင့်မြတ်သောကောင်းမှု ဖြစ်ပေလိမ့်မည်။ တစ်ချက်မျှ မျက်နှာပျက်တာကို
မတွေ့မြင်ရချေ။ ငါလည်း သူဋ္ဌေးကြီး ၏ ကောင်းမှု၌ ပါဝင်သင့်သည်ဟု စဉ်းစားလျှက် မုခ်ဦး
တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိသည့်အခါ၌ (သူဋ္ဌေးကြီး) အဲဒီနေရာကိုဆက်မခင်း
ပါနဲ့တော့၊ အကျွနု်ပ်အားပေးပါ။ အဲဒီနေရာမှာ အကျွန်ုပ်၏ ကောင်းမှု ဖြစ်ပါစေဟု ခွင့်တောင်း
ခဲ့သည်။

           အနာထပိဏ်သူဌေးကြီးသည် ဇေတမင်းသားဟာ ထင်ရှားကျော်ကြားလူသိများသော
လူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ သာသနာတော်၌ကြည်ညိုခြင်းသည် အကျိုး
တရားကြီးမားလှပေသည်ဟု စဉ်းစားပြီး တံခါးမုခ်မြေနေရာကို ဇေတမင်းသားအား ကုသိုလ်ပြုရန်
အတွက် ပေးခဲ့လေသည်။ ဇေတမင်းသား သည် ၎င်းမြေနေရာဝယ် ဘုံခုနှစ်ဆင့်ရှိမုခ်ဦးပြဿဒ်ကြီးကို
တည်ဆောက်လှူဒါန်းခဲ့လေသည်။

အနာထပိဏ်သူဌေးကြီးကား ဥယျာဉ်မြေအရပ်၌ ခုတ်သင့်သောသစ်ပင်များကိုခုတ် အရိပ်ရ
သင့်သောသစ်ပင်များကို ချန်ထား၍ ဘုရားရှင်သီတင်းသုံးရန် ဂန္ဓကုဋိကျောင်းတော်နှင့်တကွ
အရံကျောင်းကြီးများ၊ ကျောင်းများ၏ မုခ်ဦး, ပြဿဒ်များ, သံဃာတော်များညီမူ စည်းဝေးရန်
တန်ဆောင်းဝန်းကြီးများ,မီးတင်းကုတ်များ, ပစ္စည်းများကို အပ်စပ်အောင်သိမ်းဆည်းထားရာ
ကပ္ပိယကုဋိကျောင်းများ, ဝစ္စကုဋိများ(အိမ်သာ), စြင်္က ံ လမ်းများ, စြင်္က ံလမ်းများ၏ အမိုး
တန်ဆောင်းများ, ရေတွင်းများအပေါ်၌ အမိုးအဆောက်အဦများ, ရေချိုးဇရုံး
(ရေချိုးရန်နေရာများ), ချွေးဇရုံး(ချွေးထုတ်ရာနေရာများ) လေးထောင့်ရေကန်များ
မဏ္ဍပ်များတို့ကို သူ့နေရာနှင့် သူ လိုလေသေးမရှိအောင် တည်ဆောက်ခဲ့သည်။
(၁၈) ကုဋေ ကုန်ကျခဲ့သည်ဟု ဆိုသည်။

အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်းတိုက်ကြီးကို ဆောက်လုပ်ပြီးစီးသောအခါ
ကျောင်း အလှူခံရန်အတွက် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်များကို ကြီးစွာသော
အခမ်းအနားဖြင့် ကြိုဆိုပင့်ဆောင်ရန် ပသေနဒီကောသလမင်းကြီးအား အသိပေး
လျှောက်ထား သံတော်ဦးတင်၍ ကြိုဆိုပင့်ဆောင် ပူဇော်ခဲ့သည်။

ပသေနဒီကောသလမင်းကြီးက သမီးတော်သုမနာကို အခြွေအရံမင်းသမီးငါးရာနှင့်တကွ
နံ့သာ ပန်းမာလ် စသည်များကို ကိုင်ဆောင်စေလျက် ကြိုဆိုပူဇော်စေခဲ့သည်။ မြတ်စွာ
ဘုရားရှင် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူမည့်နေ့ လမ်းခရီးအကြားမှာပင်
သုမနာမင်းသမီးနှင့်တကွ အခြံအရံမင်းသမီးငါးရာ အမျိုးသမီးကြီးငါးရာ သတိုးသမီးငါးရာ
ဥပါသကာအမျိုးသားငါးရာ စုစုပေါင်းနှစ်ထောင်တို့သည် တရားတော် များကိုနာကြား၍
သောတာပန်အရိယာ ဖြစ်သွားခဲ့ကြသည်ဟု ကျမ်းဂန်တို့၌ဆိုသည်။

အနာထပိဏ်သူဌေးကြီးသည် ကျောင်းရေစက်ချအောင်ပွဲ သဘင်ကြီးကို (၁၈) ကုဋေကုန် စွန့်လွှတ်
လှူဒါန်းကာ ကိုးလတိတိကျင်းပပူဇော်ခဲ့လေသည်။ အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်း
တော်နှင့် စပ်၍ စုစုပေါင်း (၅၄) ကုဋေ အကုန်အကျခံကာ လှူဒါန်းခဲ့ခြင်း ဖြစ်ပေသည်။

မြတ်စွာဘုရားရှင်သည် အနာထပိဏ်သူဌေး လှူဒါန်းသော ဇေတဝန်ကျောင်း နှင့် ဝိသာခါ လှူဒါန်းသော
ပုဗ္ဗာရုံကျောင်းတွင် တလှည့်စီ သီတင်းသုံး၍ သာဝတ္ထိမြို့၌ ၂၅ ဝါ ဝါဆိုတော်မူခဲ့သည်။ ထို့ကြောင့်
ပိဋကတ်စာပေတို့တွင် တရားတော်များ သုတ္တန်များ အများစုသည် ဤသာဝတ္ထိမြို့တွင် ဟောကြားခဲ့
သည်ကို တွေ့မြင်နိုင်မည် ဖြစ်ပေသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိမြို့၌ ဝါဆိုတော်မူစဉ် နေ့စဉ်
သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွလေ့ရှိသည်။ အကယ်၍ အရှေ့တံခါးမှ ထွက်လျှင် ပုဗ္ဗာရုံကျောင်းသို့
ကြွသွားတော်မူသည်။ အကယ်၍ တောင်တံခါးမှထွက်လျှင် ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်
မူသည်။ အကယ်၍ မြောက်တံခါမှထွက်လျှင် အခြားတစ်နေရာသို့ ခရီးကြွချီသွားပြီဟု မြို့သူ မြို့သား
များ သိရှိကြပေသည်။

“ယနေ့ တွေ့မြင်ရသော ဇေတဝန်ကျောင်းတော်ရာ”


ဘုရားရှင်လက်ထက်က ခမ်းနာကြီးကျယ်စွာ ဆောက်လုပ်ခဲ့သော ဇေတဝန်ကျောင်းတော် ကြီးကား
သမိုင်းမှတ်တမ်းများအရ ဆီမီးတိုင်၊ အမွှေးတိုင်များကို ပူဇော်ကြရာ ကြွက်များ ချီ၍ လောင်ကျွမ်းသော
မီးဘေး၊ ထို့နောက် ဘာသာခြားတို့၏ ဖျက်ဆီးမှုဘေး၊ သဘာဝဘေးအမျိုးမျိုးတို့ကြောင့် ပျက်စီး၍
သွားခဲ့သည်ဟု ဆိုသည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး နှစ်ပေါင်း (၂၅၀) တွင် သိရီဓမ္မာသောက
မင်းကြီးက ကျောင်းဆောင်များကို ပြန်လည်ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။ ထိုကျောင်းဆောင်များ
ပျက်စီးသွားသောအခါ အေဒီ (၅) ရာစု၊ ၆၊ ၉၊ ၁၂၊ ၁၅ ရာစုအလိုက် (၅) ကြိမ် ပြန်လည်ဆောက်လုပ်
ခဲ့ရာ ယနေ့တွေ့မြင်ရာသော ကျောင်းဆောင်နေရာများသည် ၁၅ ရာစုတွင် ဆောက်လုပ်ခဲ့သော
ကျောင်းနေရာများ ဖြစ်သည်ဟု ဆိုသည်။ ၁၉ ရာစုတွင် ဗြိတိသျှအစိုးရက တူးဖော်၍ ရှေးဟောင်း
အဆောက်အဦများကို နံပါတ်ရေးထိုးကာ မှတ်တမ်းပြုစုထားခဲ့ကြသည်။ သာသနာနှစ် နှစ်ထောင့်
ငါးရာပြည့် (အေဒီ ၁၉၅၆ ခုနှစ်) မှစ၍ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ သာဝတ္ထိမြို့အတွင်း
နှင့် ဇေတဝန်ကျောင်းနေရာထဲတွင် နေထိုင်ကြသော ဟိန္ဒူ မွတ်စလင် ဘုန်းကြီးများ၊ လူများ၊ ထိုသူ
တို့၏ အဆောက်အဦများကို ဖယ်ရှားကာ ဗြိတိသျှခေတ် တူးဖော်တွေ့ရှိသည့်အတိုင်း ပြန်လည်
ပြုပြင်ကာ ထိန်းသိမ်းပြသထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။

“အဝိဇဟိတ လေးဌာန”


ဇေတဝန်ကျောင်းတော်ကြီး၌ ဘုရားရှင်သီတင်းသုံးသည့် ဂန္ဓကုဋိတိုက် ကုဋင်ညောင်စောင်းတည်
နေရာသည် အဝိဇဟိတ(ဘုရားရှင်တိုင်း မစွန့်လွှတ်အမြဲသုံးသည့်) လေးဌာနတွင် တစ်ဌာန
အဖြစ်ပါဝင်၏။ အဝိဇဟိတလေးဌာန ဟူသည် - “သိ, ဟော, မြဲနေ, ဆင်းနတ်ပြည်(ပြေ),
လေးထွေအဝိဇဟတ” ဟူသည်နှင့် အညီ--------------

၁။ ဘုရားဖြစ်တော်မူရာ မဟာဗောဓိညောင်ပင်ရင်း အပရာဇိတပလ္လင်ဌာန၊
၂။ တရားဦးဟောရာဌာန မိဂဒါဝုန်
၃။ အမြဲသီတင်းသုံးတော်မူရာ ဂန္ဓကုဋိတိုက် ကုဋင်ညောင်စောင်းနေရာ၊
၄။ အဘိဓမ္မာတရား ဟောကြားပြီး၍ တာဝတိ ံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းကြွတော်မူရာ
    သင်္ကဿနဂိုရ်ပြည်တို့ ဖြစ်ကြသည်။



တရားဟောကြားရာ ပလ္လင်


ဘုရားရှင်လက်ထက်က ဇေတဝန်ကျောင်းတိုက်ကြီးအတွင်း၌ တစ်သိန်းအကုန်အကျခံ၍
ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဆောင် (၄) ဆောင်ရှိခဲ့သည်ဟု ဆိုသည်။ ဂန္ဓကုဋိ၊
ကရေရိကုဋိ၊ ကောသမ္ဗကုဋိ၊ သလဠာဂါရကျောင်းဆောင်တို့ ဖြစ်ကြသည်။ ဂန္ဓကုဋိ၊ ကရေရိ
ကုဋိ၊ ကောသမ္ဗကုဋိ ကျောင်းဆောင် (၃) ဆောင်တို့မှာ အနာထပိဏ်သူဌေးကြီး၏ ကောင်းမှု
ဖြစ်ပြီး သလဠာဂါရ(ထင်းရှူးသားဖြင့် ဆောက်လုပ်သောကျောင်းဆောင်)မှာ ပသေနဒီကောသလ
မင်းကြီး၏ ကောင်းမှုဖြစ်သည်။

ဘုရားရှင် အမြဲသီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက် ညောင်စောင်းနေရာနှင့် ကရေရိကုဋီ
(ခံတက်ပင်) ကျောင်းဆောင်အနီးတွင် တရားဟောကြားရာ အုပ်ပလ္လင်ကို မြင်တွေ့နိုင်သည်။
ဘုရားရှင်သည် နေ့စဉ် ညနေချိန် လူများ၊ ညဉ့်ဦးအချိန် ရဟန်းများကို တရားဟောကြားရာ
ပလ္လင်နေရာဖြစ်သည်ဟု ဆိုသည်။

************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ)ဆရာတော်၏ မဇ္ဈိမဒေသမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

 အရှင်ဝရသာမိ
https://shinsami.blogspot.com

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၉ (ဆန်ချီ)

ဆန်ချီမုခ်ဦးလေးခုတို့မှ ပန်းပုလက်ရာများ

ဆန်ချီမုခ်ဦးကြီးလေးခုတို့ကို အကြမ်းသုံးသပ်ကြည့်သောအခါ မုခ်ဦးတိုင်ကြီးလေးတိုင်တို့တွင်
မြတ်စွာဘုရားပုံတော်များ လုံးဝမပါဘဲ အတုမဲ့ မြတ်စွာဘုရားကို ပုံတူမထုရဲသောကြောင့်
ဘုရား၏ကိုယ်စား အမှတ်လက္ခဏာများကိုသာထား၍ ထုလုပ်ကိုးကွယ်ခဲ့ကြသည်။
တောင်ဘက်မုခ်၌ မြတ်စွာဘုရား ဖြစ်တော်စဉ် ဇာတ်တော်များ . . . 
အရှေ့ဘက်ဂိတ်၌ ဇာတ်တော်အချို့နှင့် ဖွားတော်မူခြင်း၊ ဘုရားဖြစ်ခြင်း၊ မာနတ်ကို အောင်တော်
     မူခြင်း အခန်း . . .
မြောက်ဘက်မုခ်၌ မြတ်စွာဘုရား တရားဦး ဓမ္မစက် ဟောတော်မူခြင်း၊ တာဝတိံသာမှ ဆင်းသက်
    တော်မူခြင်းနှင့် ဇာတ်တော်အချို့ . . .
အနောက်မုခ်၌ ကုသိနာရုံသို့ ကြွတော်မူခြင်း၊ ပရိနိဗ္ဗာန်စံခြင်း၊ ဓာတ်တော်ဝေခြင်း 
စသည်တို့ကို အဓိက ထွင်းထုထားသည် . . .
အနောက်ဘက်မုခ်အတွင်း မျက်နှာပြင် ပထမဆုံးတန်းတွင် ဓာတ်တော်များ ပင့်ဆောင်တော်မူခန်း၊
အလယ်တန်းတွင် ဓာတ်တော်မဝေမီ ကုသိနာရုံမြင်ကွင်း၊ အောက်ဆုံးတန်းတွင် မာနတ်ကို အောင်
တော်မူခန်း၊ ကျောက်တိုင်ကြီး နှစ်တိုင်၏ အတွင်းမျက်နှာပြင်တွင် သုဝဏ္ဏသာမဇာတ်၊ မုစလိန္ဒာအိုင်၌
မြတ်စွာဘုရား သီတင်းသုံးခြင်း၊ မာနတ် နှောင့်ယှက်ခြင်း၊ သာကီဝင်မင်းအပေါင်းတို့ကို တရားဟောခြင်း၊
အနောက်ဘက် ဂိတ်အပြင်ပိုင်း ပထမဆုံးတန်းတွင် မြတ်စွာဘုရားကိုယ်စား ဗောဓိပင်နှင့် စေတီတော်၊
ဒုတိယတန်းတွင် မိဂဒါဝုန်၌ တရားဟောခြင်း၊ ဆဒ္ဒန္တဇာတ်၊ အောက်ခြေတိုင်ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊
မျောက်မင်းဇာတ်၊ သက္ကတိုင်းသို့ ခရီးကြွတော်မူခြင်းတို့ဖြင့် ခမ်းနားစွာ ထုလုပ်ခြယ်မှုန်းထားသည်။
မြောက်ဘက်ဂိတ် ဘားတန်းကြီး သုံးခုတို့ကို ကျောက်တိုင်ကြီးနှစ်တိုင်၏ ထိပ်၌ ဆင်လေးစီးတို့က
ထမ်းဆောင်ထားကြသည်။
တောင်ဘက်ဂိတ်တွင် ခြင်္သေ့လေးစီး အသီးသီး ထမ်းထားကြသည်။
အရှေ့ဂိတ်တွင်လည်း မြောက်ဘက်ဂိတ်နှင့်အလားတူ ဆင်ရုပ်များက ထမ်းထားကြသည်။
အနောက်ဂိတ်တွင်မူ လောကပါလနတ်မင်းကြီး လေးပါးဟု ယူဆရသော လူပုလေး လေးယောက်
တို့က ထမ်းဆောင်၍ ထားကြသည်ကို တွေ့ရသည်။ ဆင်စီးရုပ်၊ မြင်းစီးရုပ်တန်း ကြီးများ၏ အစွန်း၌
ထိုင်နေသော ခြင်္သေ့ရုပ်တို့မှာ အလှူရှင်တစ်ဦးစီ တစ်ဦးစီတို့က အသီးသီး ခေတ်အဆက်ဆက်
တင်လှူပူဇော်ခဲ့ကြခြင်း ဖြစ်သည်။
ထိုဆန်ချီတုရင်တိုင်ကြီးများပေါ်က သဲကျောက်ရုပ်ကြွများကို ထွင်းထုသည့် ပန်းပုဆရာများသည်
သစ်သား၊ သံ၊ ဆင်စွယ်တို့ပေါ်၌ ထုလုပ်နေကြသော ကျွမ်းကျင်သော ဝိဒိသာမြို့သား ပန်းပုဆရာများ
ဖြစ်ကြသည်ဟု Scholar တို့ ခန့်မှန်းကြသည်။

အသောကကျောက်စာတိုင်

ဆန်ချီစေတီတော်၏ တောင်ဘက်မုခ်အနီးတွင် အသောကမင်းကြီး ကျောက်စာတိုင်ရှိပြီး ယခုအခါ
မှာတော့ အငုတ်မျှသာ ကျန်တော့သည်ကို တွေ့ရသည်။ ကျောက်တိုင်အပိုင်းပြတ်နှစ်ခုကိုတော့
အမိုးငယ်တစ်ခုဖြင့် ထားရှိသည်ကို တွေ့ရ၏။ ကျောက်တိုင်၏ ခေါင်းပိုင်းမှာ ခြင်္သေ့ရုပ်လေးရုပ်ဖြစ်ပြီး
ပြတိုက်အတွင်း၌ ပြသထားသည်ကို တွေ့မြင်နိုင်သည်။ ကျောက်တိုင်ကြီး ရှိစဉ်က အမြင့်မှာ (၄၂) ပေ
ရှိသည်ဟု ဆိုသည်။ေ စတီတော်၏ အရှေ့ဘက်၌ (၁၅) ပေအမြင့်ရှိ ကျောက်တိုင်မှာ ဂုတ္တခေတ်
လက်ရာဖြစ်ကြောင်း၊ အောက်ခြေ၌ ရှစ်မြောင့်၊ အပေါ်ပိုင်း၌ ၁၆ မြောင့်ရှိကြောင်း သိရသည်။
မြောက်ဘက် မုခ်ဦးအဝ၌ရှိသော ကျောက်တိုင်မှာ ကိုးပေခန့်ရှိ၍ အောက်ခြေမှာ လေးမြောင့်
ပြုလုပ်ထားသည်ကို တွေ့ရသည်။


ဂုတ္တခေတ်ဆိုသည်မှာ

အသောကမင်းကြီး၏အဖေသည် ဗိန္ဒုသာရ၊ ဗိန္ဒုသာရ၏ အဖေသည် စန္ဒြဂုတ္တ ဖြစ်သည်။
ခေတ်သစ်၊ စနစ်သစ်တစ်ခုကို တည်ထောင်နိုင်ခဲ့သဖြင့် ထိုအသောကမင်း ၏အဘိုး စန္ဒြဂုတ္တမင်းကြီး
တည်ထောင်ခဲ့သော ခေတ်ကို စန္ဒဂုတ်ခေတ် ဂုတ္တခေတ်ဟု ခေါ်ဆိုကြသည်။
အသောကမင်း (ဘီစီ ၂၉၆ -၂၃၂)သည် ၃၇ နှစ် မင်းအဖြစ် စိုးစံခဲ့သည်။သို့သော် ရာဇဝင်ဆရာတို့က
အသောကခေတ်ဟု သီးခြားမသုံးသပ်ဘဲ မောရိယခေတ်ဟုသာ သိမ်းကြုံးခေါ်ဆိုကြသည်။
မောရိယခေတ် စန္ဒြဂုတ္တမင်းဆက် အသောကမင်းဆက်တို့ ခေတ်ကုန်ဆုံးသောအခါ သုင်္ဂမင်းတို့
အုပ်ချုပ်သောခေတ် ဖြစ်ပေါ်လာသည်။ သုင်္ဂမင်းတို့၏ခေတ်ကို ဘီစီ ၁၈၉ မှ ဘီစီ ၇၅ ဟုသမိုင်း
ဆရာတို့က ဆိုကြသည်။ သုင်္ဂဟူသော အမတ်တစ် ယောက်က အသောကမင်း၏မြေးကို သတ်၍
မင်းလုပ်သောခေတ်ကို သုင်္ဂခေတ်ဟု ခေါ်ဆိုပါသည်။ ထိုသုင်္ဂမင်းဆက်တို့သည်လည်း အသောက
မင်းဆက်များကဲ့သို့ပင် ဗုဒ္ဓသာသနာတော်ကို အလွန်ကြည်ညိုသော မင်း ဆက်များ ဖြစ်ကြသည်။


စေတီတော်၏ အရှေ့ဘက်တွင် ကျောက်တိုင် ကျောက်တုံးများဖြင့် ဆောက်လုပ်ကာ ကျောက်ပြား
များဖြင့် မိုးထားသော ကျောင်းဆောင်ပျက်တစ်ခုကိုလည်း တွေ့မြင်နိုင်သည်။
ထိုကျောင်းတော်ထဲတွင် တွေ့ရသော ကြာပလ္လင်ခံ ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကိုလည်း ဖူးမြော်ခဲ့
ကြရသည်။ စေတီတော်၏ တောင်ဘက်ခြမ်း အထက်ပိုင်းတွင် ပျက်စီးနေသော ကျောင်းတော်ရာ
အများအပြားကိုလည်း တွေ့ရ၍ အုပ်ခုံ အုပ်လှေကားများ၊ ကျောက်တိုင် အကျိုးအပဲ့များကိုလည်း
တွေ့ရသည်။
ဗုဒ္ဓသာသနာတော် နှစ်(၁၀၀၀)၏ နောက်ပိုင်းကာလများ၌ မဟာယနဗုဒ္ဓဘာသာဂိုဏ်း၏ ဂိုဏ်းကွဲ ဖြစ်သော ဟေမဝတိကဂိုဏ်းသားရဟန်းများ၊ စေတိယဂိုဏ်းသား ရဟန်းများ
သီတင်းသုံးခဲ့ကြသည်ဟု ဆိုသည်။ တစ်ချိန်သောအခါက ဗုဒ္ဓသာသနာတော်ကို တွင်တွင်ကျယ်ကျယ်
သာသနာပြုခဲ့သော ဌာနကြီး တစ်ခုဖြစ်ခဲ့ကြောင်း အကြွင်းအကျန် အပျက်အစီးများက ငြင်းပယ်မရနိုင်
လောက်အောင် သက်သေထူနေပေသည်။ (၁၂) ရာစု နောက်ပိုင်းတွင် ပျက်စီးသွားသည်ဟု
ခန့်မှန်းကြသည်။
အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်မထေရ်တို့၏ဓာတ်တော်များ ဌာပနာရာစေတီ

ဆန်ချီမူလစေတီတော်ကြီး၏ အရှေ့မြောက်ဘက်တွင် ရှိသည်။ ပထမပစ္စယံကို ကာရံထားပြီး မုခ်ဦး
မှာလည်း တစ်ခုသာရှိသည်ကို တွေ့ရသည်။ လက်ျာတော်ရံ အရှင်သာရိပုတြာ နှင့် လက်ဝဲတော်ရံ
အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များပါသော ဓာတ်တော်ကြုတ်နှစ်ခုကို ကပ္ပတိန် မိုက်ဆေး
ဤစေတီကို တူးဖော်စဉ်က ရရှိခဲ့သည်ဟု ဆိုသည်။


၁၈၅၄ ခုနှစ်တွင် ကျောက်စာဝန် ကာနင်ဟန်က ဆန်ချီစေတီတော်များအကြောင်း ရေးသားထုတ်ဝေ
ခဲ့ရာ ဌာပနာဖောက်လိုသူများအတွက် လမ်းပြသလို ဖြစ်သွားခဲ့သည်ဟုဆိုသည်။ ဆန်ချီစေတီတော်
နှင့် ဘေးပတ်ကျင်ရှိ စေတီတော်တို့သည် ပတ်ဝန်းကျင်သစ်ပင်များ ဖုံးအုပ်နေခြင်း၊ လူသူအရောက်
အပေါက်နည်းပါးခြင်း စသည်တို့ကြောင့် မဂို(မွတ်စလင်)ကျူးကျော်သူများ၏ ဖျက်ဆီးခြင်းမှ လွတ်
ကင်းခဲ့ရသော်လည်း ဌာပနာဖောက်လိုသူ အဖျက်သမားများကြောင့် ပျက်စီးချို့ယွင်းမှုများပြားခဲ့သည်
ဟု ဆိုသည်။
ကိုးတိုင်း ကိုးဌာန သာသနာပြု ရဟန္တာမထေရ်မြတ်တို့၏ဓာတ်တော်များ ဌာပနာရာစေတီ

ဆန်ချီစေတီရှိရာ တောင်ထိပ်မှ အနောက်ဘက် ဂိုက်လေးရာခန့် တောင်အောက်သို့ ဆင်းသွားလျှင်
စေတီတော် အမှတ် (၂) ကို ဖူးမြော်နိုင်သည်။ ထိုစေတီတော်၌ ကိုးတိုင်း ကိုးဌာန သာသနာပြု
ရဟန္တာမထေရ်ကြီးများ၏ ဓာတ်တော်ကြုတ်များကို တွေ့ရှိရ၍ ဓာတ်တော်ကြုတ်များအပေါ်၌
ဟိမဝတတို့၏ ဆရာဖြစ်သော ရဟန္တာ ကဿပဂေါတ္တ၊ ရဟန္တာမဇ္ဈိမ၊ ဟရိတပုတ္တ၊ ဝသီသုဝိဇယတ၊
မဟာဝန၊ အပဂိရကောန္တီပုတ္တ၊ ကောသိကီပုတ္တ၊ ဃောတီပုတ္တ၊ မောဂ္ဂလီပုတ္တ ဟု ဘွဲ့တော် အမည်
များ ရေးထိုးထားကြကြောင်း သိရှိရသည်။


ဆန်ချီမူလစေတီကြီးအပါအဝင် စေတီပေါင်း ၇ ဆူ နှင့် ကျောင်းတော်ရာပေါင်း ၅၁ နေရာရှိကြောင်း
ဆန်ချီသမိုင်းစာအုပ်များနှင့် တိုက်ဆိုင်၍ လေ့လာမှတ်သားခဲ့ရသည်။ ဆန်ချီစေတော်တဝိုက် နေရာစုံ
ကိုလေ့လာပြီးလျှင် တောင်ခြေတွင်ရှိသော ဆန်ချီပြတိုက်တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
ပြတိုက်ထဲတွင်တော့ အသောကခေတ်လက်ရာပေါင်းစုံ နှင့် ဆန်ချီစေတီ ပြုပြင်ခဲ့သော မှတ်တမ်း
များကို စုံလင်စွာတွေ့မြင်နိုင်သည်။
BUDDHIST SATDHARA MONUMENTS

စာရေးသူ ဆန်ချီစေတီတော်သို့ သွားရောက်လေ့လာစဉ်က ဆန်ချီ နှင့် ၂၀ ကီလိုမီတာလောက်ဝေးသော
နေရာတွင် ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးများ ရှိကြောင်းပြောပြ၍ သီရိလင်္ကာ MAHARBODHI SOCIETY
မှ သိရိလင်္ကာကျောင်းထိုင် ဆရာတော်ကိုယ်တိုင် လိုက်ပို့၍ သွားရောက်ဖြစ်ခဲ့ကြသေးသည်။ လူအရောက်ပေါက်နည်းပြီး တောတောင်ထူထပ်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် လမ်းခရီးတော့
အလွန်ကြမ်းသည်ကိုတွေ့ရ၏။ ဗုဒ္ဓဘာသာဆဒ္ဒါရ ဟု အဝင်ဝ ဆိုင်းဘုတ်တွင် တွေ့ရသည်။
အိန္ဒိယ ရှေးဟောင်းသုတေသန ဌာနမှ ထိမ်းသိမ်းစောင့်ရှောက်ထားသည် ဟု ဆိုသည်။
မူလ အမှတ် (၁) စေတီကြီး အပါအဝင် စေတီပေါင်း ၈ ဆူ နှင့် ကျောင်းဆောင်ပျက် ၂ ကျောင်းကို
တွေ့ရှိခဲ့ရ၏။ ဆန်ချီစေတီ တည်ပြီးနောက်ပိုင်း အသောကမင်းကြီးလက်ထက် တည်ဆောက်ခဲ့သော
စေတီနှင့် ကျောင်းများဟု သီရိလင်္ကာ ဆရာတော်မှ ရှင်းပြ၍ သိခဲ့ရသည်။ တိကျတဲ့ သမိုင်းအထောက်
ထားကို မသိခဲ့ရပေ။ တောတောင် ထူထပ်ပြီး လမ်းခရီးကြမ်းသည့်အတွက်ကြောင့် ဤနေရာသို့
လာရောက်လေ့လာသူ နည်းပါးသည်ဟု သိရပြီး ဗီယက်နမ် နှင့် ဂျပန်ဘုရားဖူး အနည်းစုသာ
လာရောက်လေ့ ရှိကြောင်း သိရသည်။ မူလ အမှတ် ၁ စေတီကြီးကတော့ ဆန်ချီစေတီ လောက်
ရှိတာကို တွေ့ခဲ့ရပေ၏။ အခြားသော စေတီ ၇ ကတော့ အောက်ခြေပိုင်းနေရာတို့သာ ကျန်တော့ပြီး
ကျောင်းဟောင်းနှစ်ခုမှာ ပျက်စီးကာ အောက်ခြေပိုင်း နေရာတို့ကိုသာ တွေ့ခဲ့ရသည်။
************************

ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
သီတဂူဆရာတော်ဘုရား၏ ကြီးမြတ်သော ဆန်ချီစေတီတော်၊
SANCHI စေတီတော် သမိုင်းမှတ်တမ်း စာအုပ်များ၊

 အရှင်ဝရသာမိ
https://shinsami.blogspot.com

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၈ (ဆန်ချီ)

သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ၂၇.၁.၂၀၁၃ အချိန်က ဆန်ချီစေတီတော်သို့ သွားရောက်
လေ့လာဖြစ်ခဲ့သည်။ ဆန်ချီစေတီတော် တည်ရှိရာအရပ်သည်ကား အိန္ဒိယတောင်ပိုင်းအရပ်
(Madhya Pradesh)မဒယာ ပရာဒေ့ရှ်ပြည်နယ်၊ (Vidisha) ဗီဒစ်သျှမြို့အနီးနားတွင် ဖြစ်သည်။
ဗုဒ္ဓဂယာ နှင့် ဆန်ချီ ခရီးအကွာအဝေး ၉၈၁ ကီလိုမီတာရှိပြီး၊ နယူးဒေလီ နှင့် ဆန်ချီ ၇၀၇ ကီလို
မီတာခန့်ရှိသည်။ ဗုဒ္ဓဂယာမှ ဖြစ်စေ၊ နယူးဒေလီမှဖြစ်စေ ရထားစီး၍ လွယ်ကူစွာ သွားရောက်နိုင်
ပေသည်။ တစ်ညခရီးခန့် ရထားစီးရပေ၏။ ဤ ဆန်ချီစေတီတော်သို့ သွားရောက်ဖူးမြော်ဖို့
အတွက် တသီးတခြားဖြစ်နေသည့်အတွက်ကြောင့် မြန်မာဘုရားဖူးများအဖို့ ရောက်ဖူးသူ နည်းပါး
ကြပါသည်။ ဗီဒစ်သျှမြို့ငယ်နှင့် ဆန်ချီစေတီတော်မှာ တစ်ဆယ်ကီလိုမီတာခန့်တွင် ရှိပြီး၊
ဘိုပါးမြို့မှ ၄၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ သွားရောက်ဖူးမြော်မည်ဆိုပါက
ဆန်ချီစေတီတော် အနီးတွင်ရှိသော သီရိလင်္ကာ MAHARBODHI SOCIETY ကျောင်း
တွင် အဆင်ပြေစွာ တည်းခိုနိုင်ပါသည်။ ဆန်ချီစေတီတော် တည်ရှိရာဌာနသည်
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ဥဇ္ဇေနီနိုင်ငံတွင်းမှာ ဖြစ်သည်။ ဘုရားရှင်
လက်ထက်က ရှိခဲ့သည့် တိုင်းကြီး ၂၂ တိုင်းတွင် ဥဇ္ဇေနီ သည်  အဝန္တိတိုင်း၌ ပါဝင်၏။

ဘုရားရှင်လက်ထက်က ယင်းဥဇ္ဇေနီနိုင်ငံကို အုပ်ချုပ်သော မင်းမှာ ယာဉ်ငါးမျိုး ပိုင်ဆိုင်သော
စန္ဒပဇ္ဇောတ မင်းဖြစ်သည်၊ ဥဇ္ဇေနီနိုင်ငံသည် အကျဉ်းအားဖြင့်ဟောကြားအပ်သော တရားတော်
ကို အကျယ်ဝေဖန်၍ ဟောနိုင်စွမ်းသောအရာ၌ အမြင့်ဆုံး ဧတဒဂ်ရတော်မူသော အရှင်မဟာ
ကစ္စည်းထေရ်နှင့် ဒုတိယသင်္ဂ ါယနာ ခေါင်းဆောင် ကကဏ္ဍကပုဏ္ဏား၏သားရဟန္တာ အရှင်ယဿ
မဟာထေရ်၊ သီရိဓမ္မာသောကမင်းကြီး၏သားတော် သီဟိုဠ်သာသနာပြု အရှင်မဟိန္ဒမဟာထေရ်၊
သမီးတော် သင်္ဃမိတ္တာထေရီမ စသော သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းရာဒေသကြီး
လည်းဖြစ်သည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာသနာတော်နှစ် ၂၀၀ ကျော်ခန့်တွင် အသောကမင်းကြီးသည်
သာသနာ့အမွှေကို ခံယူလိုသဖြင့် သားတော်မဟိန္ဒမင်းသား၊ သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ
တော်နှင့် (၂၂၅) ခုနှစ်၌ သာသနာ့ဘောင်သို့ သွင်းပေးခဲ့သည်။ သာသနာတော်နှစ် (၂၃၄) ခုနှစ်
နယုန်လမှစ၍ တပိုတွဲလတိုင်အောင် (၉) လတိတိ ရဟန္တာအပါးတစ်ထောင်ပါဝင်၍ တတိယသင်္ဂါယနာ
တင်ပွဲကြီးကို ဆင်နွှဲကျင်းပပြီးနောက် မဇ္ဖျိမဒေသ၌ အနာဂတ်ဗုဒ္ဓသာသနာတော်၏ ဘေးရန်ကို 
မြင်တော်မူကြသဖြင့် ရဟန္တာအရှင်သူမြတ်များကို ကိုးတိုင်း ကိုးဌာနသို့ သာသာနာပြု စေလွတ်တော်
မူခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသို့ သာသနာပြုတော်မူရန် အသောကမင်းကြီးသားတော် အရှင်မဟိန္ဒ
မထေရ်ကို စေလွတ်တော်မူခဲ့ကြသည်။

သီရိလကာၤသို့ သာသနာပြုမကြွမီ အရှင်မဟိန္ဒမထေရ်သည် နောက်ပါ (၆) ပါးနှင့် အတူ သာသနာနှစ်
(၂၃၅) ခုနှစ် တန်ဆောင်မုန်းလတွင် ဥပဇ္ဖျယ်ဆရာတော် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သူမြတ်
နှင့် သံဃာတော်အရှင်သူမြတ်တို့ကိုရှိခိုး၍ ခမည်းတော် ဓမ္မာသောကမင်းကြီးအား ပန်ကြားပြီး မယ်တော်
ကြီး ဝေဒိသကဒေဝီမိဖုရားကြီးနေထိုင်ရာ ဝေဒိသကမြို့သို့ ကြွတော်မူခဲ့သည်။ မယ်တော်မိဘုရားကြီး
သည် ချစ်လှစွာသော သားတော်မထေရ်ကိုမြင်ရ၍ ဝမ်းမြှောက်ရွှင်လန်းစွာ သံဃာတော်တို့အား ဆွမ်း
ဆက်ကပ်လှူဒါန်းပြီးလျှင် မိမိဆောက်လုပ်ထားအပ်သော လွန်စွာတင့်တယ် ကောင်းမြတ်သည့် ဝေဒိ
သက ဂိရိကျောင်းတိုက်ကြီးကို သားတော်အရှင်မဟိန္ဒအား လှူဒါန်းခဲ့သည်။



အသောကမင်းကြီးသည် ဝိဒိသာတောင်ကုန်းပေါ်၌ သဉ္စယ (သို့မဟုတ်) သဉ္စိ (သို့မဟုတ်) ဆန်ချီစေတီ
တော်ကို တည်ဆောက်ရာ၌ မီးဖုတ်ထားသော အုတ်ခဲတို့ကို ထုံး၊ အင်္ဂတေတို့ဖြင့် တည်ဆောက်ခဲ့ခြင်း
ဖြစ်သည်။ ထုတ်ချင်းပေါက် အတိုင်းအတာ အချင်းမှာ ၃၆.၆၀ မီတာ(၁၀၉.၈-ပေ)ခန့်ရှိသည်ဟု
ဆိုသည်။

ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တို့၏ ပေါင်းဆုံစုဝေးရာ၊ ဗုဒ္ဓဘာသာ ဘုရားကျောင်းတို့၏ စုဝေးရာ၊
ဗုဒ္ဓကို ချစ်ခင်ကြည်ညို လေးမြတ်သော စိတ်တို့ စုဝေးရာဟူသော အဓိပ္ပာယ်ဖြင့် သဉ္စယယ -
သဉ္စိ - ဆန်ချီ အဆင့်ဆင့်ပုဒ်ပြောင်း၊ အသံပြောင်း ဖြစ်လာနိုင်သည်ဟု သီတဂူဆရာတော်
မိန့်ဆိုထားသော ဆန်ချီဆောင်းပါးတစ်ခုတွင် တွေ့ရသည်။

ထိုဆန်ချီစေတီတော်ရှိရာ တောင်ကုန်းပေါ်သို့ ကားဖြင့် တက်ရောက်နိုင်ပါသည်။ ခြေလျှင်ခရီးဖြင့်
တက်မည်ဆိုပါကလည်း မိနစ် ၂၀ ခန့်သာ အချိန်ပေးရပါသည်။ ဆန်ချီစေတီတော်သို့ မဝင်မှီ
အဝင်ဝတွင်ရှိသော အရှင်မဟိန္ဒ သီတင်းသုံးခဲ့သည်ဆိုသော ထိုကျောင်းတော်ရာနေရာတွင် ပထမဆုံး
ဝင်ရောက်ဖူးမြော်နိုင်သည်။ ယခုအခါတွင်တော့ သီရိလင်္ကာ မဟာဗောဓိအသင်းပိုင် ကျောင်းပြတိုက်
ဖြစ်နေသည်။ ၁၉၅၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် နေရူး ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့
သည်ဟု ကျောင်းတော်၏ အဝင်ဝဆိုင်းဘုဒ်မှတ်တမ်းတွင် တွေ့မြင်နိုင်သည်။ ပြတိုက်အတွင်း၌
ကျောက်စာဝန် ကာနင်ဟန် တို့၏ သရုပ်ဖော် ဗုဒ္ဓဝင်ပုံများကိုလည်း တွေ့မြင်နိုင်ပေသည်။



မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးသောအခါကလည်း မြတ်စွာဘုရား၏ ဓာတ်တော်တစ်တင်းသားကို
ရှစ်ပုံပုံ၍ ယူသွားကြကုန်သော ရှစ်ပြည်ထောင်မင်းတို့သည်လည်း ရှစ်ပြည်ထောင် ရှစ်ဌာန၌ ထူပါ
ရှစ်ဆူ၊ မောရိယမင်းတို့က မီးသွေးတစ်ဆူ၊ ဒေါန ပုဏ္ဏားကလည်း ပြည်တောင်းထူပါတစ်ဆူ အားလုံး
ထူပါ ၁၀ ဆူတည်ခဲ့ကြောင်းကို ပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ဆိုပါသည်။

အသောကမင်းကြီးသည် ဝိဒိသာတောင်ကုန်းပေါ်၌ သဉ္စယ (သို့မဟုတ်) သဉ္စိ (သို့မဟုတ်)
ဆန်ချီစေတီတော်ကို တည်ဆောက်ရာ၌ မီးဖုတ်ထားသော အုတ်ခဲတို့ကို ထုံး၊ အင်္ဂတေတို့ဖြင့်
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထုတ်ချင်းပေါက် အတိုင်းအတာအချင်းမှာ ၃၆.၆၀ မီတာ
(၁၀၉.၈-ပေ) ခန့်ရှိသည်ဟု သုတေသီတို့က တွက်ချက်ကြသည်။ စေတီတော်ကြီး၏အမြင့်ကို
မြေပြင်မှ ထီး သုံးဆင့်၏ ထိပ်ဖျားထိ ၁၆.၄၉ မီတာ (၄၉.၃၈-ပေ)၊ပေ ၅၀-ခန့်မြင့်သည်ဟု
တွက်ချက်ထားကြသည်။ စေတီတော်ကြီး၏ ထိပ်၌ သဲကျောက်တိုင်ကိုစိုက်၍ သဲကျောက်ဖြင့်
ထုလုပ်ထားသော ကျောက်ထီးသုံးဆင့်ကို တင်လှူခဲ့သည်။ ဤဆန်ချီစေတီ တော်သည် ရိုးရိုး
ရှင်းရှင်းဖြင့် ဘီစီ ၃-ရာစု၌ တည်ဆောက်ထားသော စေတီတော် အပေါင်းတို့တွင် အဦးဆုံး 
အမွန်မြတ်ဆုံးသော စေတီတစ်ဆူ ဖြစ်ခဲ့သည်ဟု ဆိုလေသည်။

ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်များကို ဌာပနာထားသည်ဟု ဆိုသော ထိုဆန်ချီစေတီတော်သည်
မုခ်ဦးလေးဘက်ရှိပြီး စေတီရင်ပြင်နှင့် ပထမပစ္စယာကို ကျောက်လက်ရမ်းဖြင့် ကာရံထားသည်ကို
တွေ့ရသည်။ ပထမပစ္စယာကို အတက်အဆင်းလှေကား ခွဲခြားထား၍ ထိုလှေကားအတိုင်း
တက်ရောက်ခဲ့လျှင် စေတီတော်ကြီးကို လက်ျာရစ်လှည့် ပူဇော်ပြီး ဖြစ်သွားပေသည်။
မုခ်ဦးကျောက်တိုင်များ နှင့် ကျောက်ထုတ်များပေါ်တွင် ဆင်၊ မြင်း၊ ခြင်္သေ့၊ နွား၊ ဒေါင်း၊ ကြိုးကြာ
သတ္တဝါများ၏ ရုပ်ပုံအမျိုးမျိုးကို ထုလုပ်ထားသည်ကို တွေ့ရသည့်အပြင် ဗိမ္ဗိသာရမင်းကြီးက မြတ်စွာ
ဘုရားရှင်အား ကြိုဆိုပုံရုပ်ထုများ၊ အသောက မင်းတရားကြီး ရာမရွာ နှင့် ကုသိနာရုံသို့ ဓာတ်တော်
ပင့်ရန်သွားပုံ၊ မဟာဗောဓိသို့ ဘုရားဖူးထွက်ပုံများကို ထုလုပ်ပူဇော်ထားသည်ကို တွေ့ရသည်။

ဗုဒ္ဓမြတ်စွာ၏ ပုံတော်နေရာ၌ ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ ပလ္လင်ပုံ များကိုသာ ထုလုပ်ထားသည်ကို
တွေ့ရသည်၊ ဗုဒ္ဓပုံတော်ကို မထုလုပ်ခြင်းအကြောင်းမှာ ထိုခေတ် သာသနာနှစ် ( ၂၀၀) ကျော် အချိန်
ကာလက ဗုဒ္ဓဘုရားရှင်သည် အတုလံ - အတုမရှိဟု မိန့်ဆိုထားချက်အရ ဗုဒ္ဓမြတ်စွာ၏ ရုပ်အဆင်း
တော်ကိုမီအောင် ထုလုပ်နိုင်မည်မဟုတ်သဖြင့် မထုလုပ်ကောင်းဟု အယူအဆရှိကြသောကြောင့်
ဖြစ်သည်။ ကျောက်ထွင်းပုံများမှာ လက်ရာမြောက်လှသဖြင့် ထိုခေတ်၏ ကျောက်ဆစ်ပညာရပ်
အဆင့်မြင့်ပုံကို လေ့လာတွေ့ရှိနိုင်ပေ၏။

အိန္ဒိယတွင် ရှိသမျှသော ဘုရားစေတီပုထိုးတို့တွင် ဆန်ချီစေတီသည် အသောကမင်းကြီး၏ 
လက်ရာအစစ်မှန်များကို တွေ့ရှိနိုင်သော တစ်ဆူတည်းသော စေတီဖြစ်ပေသည်။ ယခုအချိန်ထိ
မူရင်းလက်ရာများကို တစုတစ်စည်း တွေ့နိုင်သော စေတီတခု ဖြစ်ပေ၏။ လုံးဝ မပျက်စီးခဲ့တာ
လားဆိုတာတော့ မဟုတ်ပါ။ ဆန်ချီစေတီရှိသော တောင်အောက်မှ ရှေးဟောင်းသုတေသန
ပြတိုက်ထဲတွင် ပျက်စီးယိုယွင်းခဲ့သော စေတီတော်ကို အင်္ဂလိပ်အစိုးရ လက်ထက်တွင်
ပြန်လည်ပြုပြင်ထားမှု မှတ်တမ်းဓာတ်ပုံများကို အဆင့်ဆင့် တွေ့ရပေသည်။ ထို့အပြင် စေတီ
တော်တွင် မတွေ့နိုင်သော အသောကလက်ရာ အစစ်မှန်များ၊ အသောကကျောက်စာတိုင်
အထိမ်းအမှတ်ဖြစ်သော အစစ်အမှန် ကျောက်စာတိုင် ထက်ပိုင်း ပြတ်ကိုလည်း ရှေးဟောင်း
သုတေသန ပြတိုက်တွင် တွေ့ရပေ၏။



ပြတိုက်ထဲ လိုက်ကြည့်မှ အင်္ဂလိပ်အစိုးရကို ကျေးဇူးတင်မိသည်။ အိန္ဒိယကို အင်္ဂလိပ်တို့
မအုပ်စိုးခဲ့လျှင်၊ အင်္ဂလိပ်တို့သာ ဘုရားစေတီပုထိုးများကို သုတေသနပြုကာ ထိန်းသိမ်း
စောင့်ရှောက်မှု့ မပြုခဲ့လျှင်၊ သိဟိုဠ်သား အနာဂါရိက ဓမ္မပါလတို့ ကြိုးစားအားထုတ်မှု မပြုခဲ့လျှင်၊
အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် ဘုရားစေတီ ပုထိုးများ ပျက်စီးပျောက်ကွယ်သွားနိုင်သည်
ဟု စဉ်းစားမိပေ၏။ ဂျိန်း၊ ဟိန္ဒူ၊ မွတ်စလင် တို့၏ အမျိုးမျိုးဖျက်စီးတဲ့ကြားကပင် ကျောက်စာဝန်
ကာနင်ဟန်၊ အနာဂါရိက ဓမ္မပါလ တို့ ကျေးဇူးကြောင့် ယခုထိတိုင် ဗုဒ္ဓဘာသာ၏ သမိုင်းအမွေ
အနှစ်များကို ကောင်းစွာလေ့လာလို့ ရနိုင်ပေ၏။

ပြတိုက်ထဲမှ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသော
အချက်လက်များအရ စေတီတော်၏ ဘေးလေးဘက်လေးတန်တွင် ရှိသော မုခ်ဦးများမှာ
မပျက်မစီးဘဲ မူရင်းအတိုင်း ရှိကြောင်းတွေ့ရပေသည်။



စေတီတော်တည်ရှိစဉ်က ဗုဒ္ဓရုပ်ပွါးတော်ကို ထုလုပ်ကိုးကွယ်ထားခြင်း မရှိဟု ဆိုသော်လည်း
ယခုအခါ စေတီတော်၏ အဝင်မုခ်ဦးနေရာအထဲတွင် ဗုဒ္ဓရုပ်ပွါးတော်များကို တွေ့ရှိရပေ၏။
သမိုင်းစာအုပ်၏ အဆိုအရ AD 400 တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ရုပ်ပွါး
တော်တစ်ဆူမှာတော့ ဦးခေါင်းတော် မတွေ့ရတော့ချေ၊ အခြားတဘက်မုခ်ဦး အဝင်မှ ရုပ်ပွါး
တော်မှာ ရှိသေးသော်လည်း အနည်းငယ်ပျက်စီးနေ၏။

ဘုရားဒါယကာ အသောကမင်းကြီး နှင့် ကျောင်းအမ ဝိဒိသာ ရဟန္တာမောင်နှမနှစ်ပါးတို့၏
မိဘနှစ်ပါးတို့သည် ဝိဒိသာကုန်းတော်ပေါ်နှင့် ကုန်းတော်ပတ်ဝန်းကျင်၌ ဘုရားစေတီ၊
ကျောင်းအဆောက်အဦပေါင်း ၅၀ ကျော်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်ဟု ဆိုသည်။
အသောကမင်းကြီး ကွယ်လွန်ပြီးနောက် မင်းကြီး၏ သားတော်၊ မြေးတော်တို့ခေတ်၌
သူတလူ ငါတစ်မင်း အာဏာလု စစ်ခင်းကြရာ အဖေအဖိုးတို့ တည်ဆောက်ခဲ့သော ကျောင်း
ကန်ဘုရားတို့ကို သားမြေးတို့ မထိန်းနိုင်၊ မပြင်နိုင် ရှိခဲ့လေသည်။ နှစ်ပေါင်း ၅၀ နီးပါး ပြုပြင်
စောင့်ရှောက် ထောက်ပံ့မည့်သူ မရှိသဖြင့် ထူပါပေါင်းများစွာ၊ ဝိဟာရပေါင်းများစွာ ပျက်စီးခဲ့
ရသည်ဟု ဆိုသည်။

************************

ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊
သီတဂူဆရာတော်ဘုရား၏ ကြီးမြတ်သော ဆန်ချီစေတီတော်၊
SANCHI စေတီတော် သမိုင်းမှတ်တမ်း စာအုပ်များ၊


အရှင်ဝရသာမိ
https://shinsami.blogspot.com


မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၇ (နယူးဒလေီ)

မဟာသတိပဌာန်သုတ် ဟောကြားတော်မူရာဌာန

မြတ်စွာဘုရားရှင်သည် မဟာသတိပဌာန်သုတ်တော်ကို ကုရုတိုင်း ကမ္မာသဓမ္မနိဂုံးတွင်
ဟောကြားတော်မူခဲ့သည်။ ယခုအခေါ် အိန္ဒိယ၏ မြို့တော်ကြီးတစ်ခုဖြစ်သော နယူး
ဒေလီမြို့တွင် ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် ဤကမ္မာသဓမ္မမြို့၌ မဟာနိဒါန သုတ္တန်၊
မဟာသတိပဌာန်သုတ္တန်၊ အာနေဉ္စသပ္ပါယ သုတ္တန်၊ သာရောပမသုတ္တန်၊ မာဂဏ္ဍိယ သုတ္တန်
စသော တရားတော်များကို ဟောကြားတော်မူခဲ့သည်။ ထိုတရားတော်များထဲမှ မဟာသတိ
ပဌာန်သုတ် ဟောကြားရာဌာနဖြစ်သော ဤနေရာကို ရှေးဟောင်းသုတေသနဌာနမှ အုတ်
တံတိုင်းများဖြင့် ကာရံ၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။


မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကုရုတိုင်းသားတို့သည် ငါးပါးသီလ မြဲကြသည်။
ကုရုတိုင်းသည် ရာသီဥတုကောင်းပြီး၊ အစားအသောက်၊ ပစ္စည်ဥစ္စာများ ပေါကြွယ်ဝသော
နေရာဒေသလည်း ဖြစ်သည်။ ရာသီဥတုလည်းကောင်း၊ အစားအသောက်ကောင်းများကို
လည်း သုံးဆောင်မှီဝဲရသဖြင့် ကုရုတိုင်းတွင်ရှိကြကုန်သော လူအပေါင်းတို့သည် ကျန်းမာ
သန်စွမ်းကြသည်။ ထို့အတူ နက်နက်နဲနဲဟောကြားသည့် တရားတော်များကိုလည်း နာယူ
နိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် နက်နဲသော မဟာသတိပဌာန်သုတ္တန်ကို ဤဒေသ၌ ဟော
ကြားတော်မူခဲ့၏။
မဟာသတိပဌာန် တရားတော်တို့သည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း
ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို
ရရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေသည်ဟု
မြတ်စွာဘုရားရှင်က ဟောကြားထားပေသည်၊၊ ထို ခရီးလမ်းသည်ကား ဤ သတိပဌာန်
လေးပါးတို့ ဖြစ်သည်။
ထိုလေးပါးတို့မှာ 
၁။ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်
ရှိသည်ဖြစ်၍ (အောက်မေ့ခြင်း)သတိ ရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ(လိုချင်တပ်မက်ခြင်း)
ဒေါမနဿ(နှလုံးမသာယာခြင်း) ကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်
ရှုလေ့ရှိခြင်း၊
၂။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍၊ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်
ရှုလေ့ရှိခြင်း၊
၃။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍၊ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍၊
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိခြင်း၊
၄။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍၊ သတိရှိသည်ဖြစ်၍
လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို
အကြိမ်ကြိမ်ရှုလေ့ ရှိခြင်း၊
ဤကား အကျဉ်းမျှသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အကျယ်ကို (ဒီဃနိကာယ် ၂၊ ၁၇၅ ၊ ၂၃၁) 
(မဇ္ဈိမနိကာယ် ၁ ၊ ၇၀) (၂ ၊ ၂၀၃) (သံယုတ္တနိကာယ် ၃ ၊ ၁၂၃) တို့တွင် ကြည့်ရှူနိုင်ပါသည်။
မဟာသတိပဌာန်ကို မြတ်စွာဘုရားရှင် ညွန်ပြသည့်အတိုင်း (၇) နှစ် ပွားများလျှင် တရားထူး
ရနိုင်င်ကြောင်း၊ အချို့ဆိုလျှင် (၆) နှစ်၊ အချို့ဆိုလျှင် (၅) နှစ်၊ (၄)နှစ်၊ (၃)နှစ်၊ (၂) နှစ်၊
(၁) နှစ်စသည်၊ အချို့ဆိုလျှင် (၁၅) ရက်၊ နောက်ဆုံး (၇) ရက်ပွားများလျှင် တရားထူး
ရနိုင်ကြောင်း၊ ဉာဏ်ပညာထက်မြက်သူဆိုလျှင် မနက်ပိုင်းပွားများလျှင် ညနေပိုင်းတွင်
တရားထူးရရှိနိုင်ကြောင်း အာမခံချက်ပေး၍ မြတ်စွာဘုရားရှင်က ဟောကြားထားပေသည်။
နယူးဒေလီမြို့တွင် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော လေ့လာစရာနေရာဆို၍ ဤ မဟာသတိ
ပဌာန်သုတ် ဟောကြားရာနေရာတစ်ခုသာ ရှိပါသည်။
အာရှာဓမ် (Akshardham) ဟိန္ဒူဘုရားကျောင်း

နယူဒေလီမြို့သည် အိန္ဒိယ၏ မြို့တော်ကြီးဖြစ်သည့်အလျောက် လေ့လာမှတ်သားစရာ
နေရာများလည်း မြောက်များစွာရှိပါသည်။ ထိုအထဲတွင် ထူးခြားဆန်းပြားသော နေရာ
တစ်ခုမှာ Akshardham ဟိန္ဒူဘုရားကျောင်း ဖြစ်သည်။ ဟိန္ဒူဘာသာဝင်တို့အတွက်
ကမ္ဘာတွင် အကြီးဆုံးသော ဘုရားကျောင်းကြီးဖြစ်သည်ဟု ဆိုသည်။ ဤဘုရားကျောင်း
ကြီးအတွင်းသို့ ဝင်ရောက်လေ့လာမယ်ဆိုရင်တော့ စိတ်ရှည်သည်းခံရသည်။ အထဲကို
ရောက်ဖို့အတွက် ဂိတ်လေးဂိတ်ဖြတ်ရသည်။ ကင်မရာ၊ ဖုန်း၊ ဘောပင်၊ အစားအသောက်
မုန့်စသည်က အစ မည်သည့် ပစ္စည်းကိုမျှ အထဲသို့ ယူဆောင်ခွင့် မပြုပါ။ တစ်ဂိတ်ပြီး
တစ်ဂိတ် အထပ်ထပ် စစ်ဆေးသည်။ သူတို့၏ အနုပညာလက်ရာများ ဓာတ်ပုံ ဗီဒီယို
ရိုက်ကူးမည်စိုးသောကြောင့် ထင်သည် မျက်မှန်၊ ခါးပတ်ကစ အစောင့်ပေါင်းမြောက်များ
စွာမှ အထပ်ထပ် စစ်ဆေးကြသည်။ ဘုရားဖူးသူ၊ လေ့လာသူများ နည်းပါးလျှင်ပင်
အထဲကိုရောက်ဖို့ တစ်နာရီခန့် အချိန်ပေးရ၏။ စနေ၊ တနင်္ဂနွေ နှင့် သူတို့၏ နေ့ထူး
နေ့မြတ်ရက်များဆိုလျှင်ကာ ထို့ထက်မကကြာနိုင်ပါသည်။


ဘုရားကျောင်းအတွင်းသို့ ရောက်သွားလျှင် စိတ်ရှည်သည်းခံရသည်ထက်မက တန်ပါ
သည်။ အထဲသို့ရောက်သည်နှင့် မြင်တွေ့နိုင်တဲ့ မြင်ကွင်းအစုံက လေ့လာသူအဖို့ အံ့သြ
မှင်တက်ဖွယ်ကောင်းလောက်အောင် ဆန်းကျယ်လှပသည်ကို တွေ့မြင်နိုင်ပါသည်။
ဓာတ်ပုံ၊ ဗီဒီယို သာရိုက်ခွင့်ပြုမည်ဆိုရင် ထိုကျောင်းတော်ကြီးအတွင်းမှ တော်တော်နှင့်
ပြန်ထွက်ချင်မည် မထင်ပေ။ အိန္ဒိယ၏ ယဉ်ကျေးမှုများ၊ ဗိသုကာ အနုပညာလက်ရာများ၊
ပန်းချီ၊ ပန်းပု လက်ရာများက အနုစိတ်နိုင်လှပြီး လေ့လာသူများကို အလွန်ပဲ စွဲဆောင်နိုင်
သည်။ မနက် ၉ နာရီခွဲတွင် ဖွင့်လစ်ပြီး ညနေ ၆ နာရီခွဲတွင် ပိတ်ပါသည်။ နယူးဒေလီသို့
ရောက်ဖူးသူတိုင်း ဤနေရာကို သွားရောက်လေ့လာသင့်သည်ဟု ဆိုချင်မိပါသည်။


ထိုဘုရားကျောင်းကြီး ဧရိယာအကျယ်ဝန်းသည် အလွန်ကျယ်ဝန်းပြီး အလယ်၌ရှိသော
အဓိကကျောင်းဆောင်ကြီးသည် ၄၃ မီတာ အမြင့်ရှိပြီး အကျယ်အားဖြင့် ၉၆ မီတာကျယ်
ဝန်းသည်၊ အရှည်အားဖြင့် ၁၀၉ မီတာရှိသည်။ ဘေးပတ်ပတ်လည်တို့တွင်လည်း အလွန်
လှပသော ကျောင်းဆောင်များ၊ ဥယျာဉ်များဖြင့် ဝန်းရံထားသည်ကို တွေ့ရ၏။ အထဲတွင်
ပြတိုက်များ၊ သမိုင်းကြောင်း နှင့် သူတို့ဘာသာ၏ ကိုးကွယ်သူ ဘုန်းတော်ကြီးအကြောင်း
စသည်တို့ ပြသထားသော ရုပ်ရှင်ခန်းမဆောင်လည်း ရှိပါသည်။
( ထိုဟိန္ဒူကျောင်းကြီး၏ အပြည့်အစုံကို
http://en.wikipedia.org/wiki/Akshardham_(Delhi) နှင့်
http://www.akshardham.com/ တွင့် လေ့လာနိုင်ပါသည်)
Qutub Minar (ကုတွတ်မီနာ မျှော်စင် နှင့် နန်းတော်)

Qutub Minar မျှော်စင်ကြီးသည်လည်း နယူးဒေလီမြို့တွင် လေ့လာသူ နိုင်ငံခြားသား
ဧည့်သည်များဖြင့် ပြည့်နှက်နေသော ထူးခြားသော နေရာတစ်ခု ဖြစ်ပေသည်။ အိန္ဒိယ
တွင် မွတ်ဆလင်မင်းများ အုပ်စိုးစဉ်က တည်ဆောက်ခဲ့သော နန်းတော်ရာဟောင်း
ရှေးဟောင်းအဆောက်အဦ ဖြစ်သည်ဟု ဆိုသည်။ အဆောက်အဦကို အင်္ဂတေ မြေညှက်
တို့ကို မသုံးဘဲ အနီရောင်သဲကျောက် နှင့် စကျင်ကျောက်များဖြင့် ထပ်ကာ တည်ဆောက်
ထားသည် ဟုဆိုသည်။ အထဲတွင် တွေ့ရသော မျှော်စင်မှာ အိန္ဒိယတွင် အမြင့်ဆုံးသော
မျှော်စင်တစ်ခုဖြစ်ပြီး 72. 5 မီတာအမြင့်ရှိကာ ၁၁၉၂ ခုနှစ်တွင်  Qutub-ud-din Aibak
ဆိုသော မွတ်ဆလင်ဘုရင်မှ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။


(Qutub Minar အကြောင်းအပြည့်အစုံကို
http://en.wikipedia.org/wiki/Qutub_Minar ဤနေရာသို့ သွားရောက်ဖတ်ရှူနိုင်ပါသည်)

ထို Qutub-ud-din Aibak ဘုရင်၏ နန်းတော်နေရာသို့ ဝင်ရောက်လိုပါက ဝင်ကြေး
ရူပီး ၂၅၀ ပေးရသည်။ အထဲတွင် မျှော်စင်နှင့် တကွ အဆောက်ဦပျက်များ၊ သမိုင်း
ပန်းချီကားများ စသည်တို့ကို တွေ့မြင်နိုင်ပါသည်။
ဤနေရာများအပြင် အိန္ဒိယ၏ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓိ ၏
နေအိမ်၊ အိန္ဒိယ၏ ပထမဆုံး ဝန်ကြီးချုပ်၏ နေအိမ် သမိုင်းပြတိုက်များ၊ သူတို့၏
အာဇာနည်ဗိမာန် နေရာ၊ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အင်ဒရာဂန္ဓီ ၏ နေအိမ်
သမိုင်းပြတိုက်၊ အိန္ဒိယဂိတ် စသည့် ထင်ရှားသည့် နေရာများကို နယူးဒေလီမြို့တွင်
လေ့လာနိုင်ပါသေးသည်။
************************

ဆက်လက်ဖော်ပြပါမည်.......................
ကိုးကား............
ဒီဃနိကာယ် မဟာဝဂ် ပါဠိတော် (မြန်မာပြန်)
wikipedia

အရှင်ဝရသာမိ
https://shinsami.blogspot.com


Monday, September 30, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၆ (ကောသမ္ဗီ ပြည်)

ဝါသုလဒတ္တာ မိဖုရား

ဥတေနမင်းကြီး၏ မိဖုရား ၃ ဦးအနက် ကျန်တစ်ဦးမှာ ဝါသုလဒတ္တာမိဖုရားဖြစ်သည်။ ဝါသုလ
ဒတ္တာသည် ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတာမင်း၏ သမီးဖြစ်သည်။ ဘဂ္ဂတိုင်း၊ သုသုမာရဂီရိမြို့၌
နေထိုင်သော ဗောဓိမင်းသားသည် ဥတေနမင်းနှင့် ဝါသုလဒတ္တာမိဖုရားတို့၏ သားတော်
တစ်ပါးဖြစ်သည်။ ဝါသုလဒတ္တာမိဖုရား၏ ဖခင် စန္ဒပဇ္ဇောတာမင်းသည် ယာဉ်မျိုးငါးပါးကို
ပိုင်ဆိုင်သော မင်းတစ်ပါးဖြစ်သည်။ ၎င်းတို့မှာ --
၁။ ဘဒ္ဒဝတီဆင်မ - တစ်နေ့လျှင် ယူဇနာငါးဆယ် သွားနိုင်သည်။
၂။ ဘီလူးနှင့်စပ်၍ မွေးလာသော ကာကာကျွန် - တစ်နေ့လျှင် ယူဇနာခြောက်ဆယ်
    သွားနိုင်သည်။
၃။ စေလကဋ္ဌိကမြင်း နှင့်
၄။ မုဉ္စကေသီ မြင်းနှစ်ကောင် - တစ်နေ့လျှင် ယူဇနာတစ်ရာ သွားနိုင်သည်။
၅။ နာဠာဂီရိဆင် - တစ်နေ့လျှင် ယူဇနာတစ်ရာ့နှစ်ဆယ် သွားနိုင်သည်။
စန္ဒပဇ္ဇောတာမင်းသည် ကောသမ္ဗီပြည် ဥတေနမင်းမှာ ဆင်ချစ်စောင်း၊ ဆင်ချစ်မန္တာန်ရှိ၍
ဆင်ယာဉ်နှင့် သူမတူအောင် ပြည့်စုံကြောင်း ကြားသိရသောအခါ ဆင်ချစ်မန္တာန်ကို
ရယူလိုသဖြင့် နည်းပရိယာယ်သုံးကာ ဥတေနမင်းကို ဖမ်းယူခဲ့ပြီးနောက် ဆင်ချစ်မန္တာန်
ကို သူ့အားသင်ပေးဖို့ တောင်းဆိုခဲ့သည်။ ဥတေနမင်းက ငါ့အား ရှိခိုး၍ သင်ယူပါက
သင်ပေးမည်ဖြစ်ကြောင်း ပြောဆိုသောအခါ စန္ဒပဇ္ဇောတာမင်းက ရှိမခိုးနိုင်သဖြင့်
သမီးဖြစ်သူ ဝါသုလဒတ္တာအား သင်ယူစေခဲ့သည်။ စန္ဒပဇ္ဇောတာမင်းသည် သမီးတော်
နှင့် ဥတေနမင်းတို့ ချစ်ကျွမ်းဝင်သွားမည်ကို စိုးသောကြောင့် ကြားတွင် ကန့်လန့်ကာ
ခြား၍ သင်ယူစေခဲ့သည်။ ဝါသုလဒတ္တာသည် မန္တာန်ကို ပီပြင်စွာ မရွတ်ဆိုနိုင်သော
ကြောင့် ဥတေနမင်းမှ ကန့်လန့်ကာကို ပင့်၍ကြည့်ရာ တစ်ဦးကိုတစ်ဦး မြင်လျှင်
မြင်ချင်း ချစ်မိသွားကြသည်။ ထို့နောက် ဥတေနမင်းမှ ငါ့အသက်ကို ကယ်ပါက
အခြွေအရံအမျိုးသမီးငါးရာပေးပြီး အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး အရာဌာနကို ပေးမည်
ဟုပြောကြားရာ ဝါသုလဒတ္တာ မိဖုရားက ဖခင်စန္ဒပဇ္ဇောတာမင်း ဥယျာဉ်ကစားထွက်သည့်
အချိန်တွင် ကယ်ထုတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကောသမ္ဗီပြည်သို့
ရောက်သောအခါ ဝါသုလဒတ္တာကို အခြွေအရံငါးရားနှင့်တကွ အဂ္ဂမဟေသီ မိဖုရား
ခေါင်ကြီးအဖြစ် ချီးမြင့်မြှောက်စားခဲ့လေသည်။

ဃောသိတာရုံကျောင်းတော်ရာ

ဘုရားရှင် သီတင်းသုံးတော်မူခဲ့သော ဃောသိတာရုံကျောင်းတော်ရာသည် အသောက
ကျောက်စာတိုင်ရှိသော ကျောင်းတော်ရာနှင့် တစ်ကီလိုမီတာခန့် အကွာတွင်ရှိသည်။
တရုတ်ရဟန်းတော် ဖာဟီယန် ကောသမ္ဗီသို့ ကြွရောက်သောအခါ ဃောသိတာရုံကျောင်း
တိုက်၌ သီတင်းသုံးနေသော ရဟန်းတော်များ တွေ့ရသေးသည်ဟု ဆိုသည်။ ရဟန်းတော်
ဟူယင်ဆန်ခေတ်၌မူ ဃောသိတာရုံကျောင်းသည် စွန့်ပစ်ခံထားရပြီး အပျက်အစီးများသာ
တွေ့ရတော့သည်ဟု ဆိုသည်။ ထိုဃောသိတာရုံ ကျောင်းတော်ရာကို ၁၉၅၁ ခုနှစ်တွင်
ကောသမ္ဗီ၌ စတင်ခဲ့သည့် တူးဖော်မှုများအတွင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ထိုအနား၌
တရုတ်ရဟန်းတော် ဟူယင်ဆန်က အသောကဘုရင်တည်ဆောက်ခဲ့သော ၆၁ မီတာ
မြင့်သော စေတီတော်ကြီးတစ်ဆူကိုလည်း တွေ့ရှိခဲ့ရသေးသည်ဟု ဆိုသည်။ ယနေ့အချိန်
မှာတော့ မတွေ့မြင်ရတော့ပါ။ ဤ ဃောသိတာရုံကျောင်းတိုက်သည် ကောသမ္ဗီမြို့ရိုးအတွင်း
ဘက် အရှေ့ဘက်ဂိတ်အနီးတွင် တည်ရှိသည်။


ဤ ကောသမ္ဗီမြို့မှာ တူးဖော်တွေ့ရှိခဲ့သော ရှေးဟောင်းအုပ်ခွက်များပါဝင်သော ဗုဒ္ဓဘာသာ
ဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့် အသောကကျောက်စာတိုင် ထိပ်ပိုင်းအောက်ခံကို ယနေ့
အချိန်တွင် (Allahabad) အလာဟဘတ်မြို့ ပြတိုက်၌ တွေ့မြင်နိုင်သည်ဟု ဆိုသည်။
ရှေးဟောင်းသမိုင်းဋ္ဌာနနှင့် အလာဟဘတ်တက္ကသိုလ်ပြတိုက်တွင်မူ  တံဆိပ်များ၊ ကျောက်
စာများ၊ ပန်းပုလက်ရာများနှင့် ဃောသိတာရုံကျောင်းတော်ရာကို တူးဖော်စဉ်က ရရှိထားသည့်
အခြားသော ရှေးဟောင်းပစ္စည်းများကို ပြသထားသည်ဟု ဆိုသည်။
သာသနာ့သမိုင်းတွင် ပထမဆုံး သံဃာဂိုဏ်းကွဲမှုကြီးဖြစ်ပေါ်ရာဋ္ဌာန

မြတ်စွာဘုရားရှင် ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ်
သံဃာအချင်းချင်း ငြင်းခုံခိုက်ရန်ဖြစ်ပွါးမှု့ သံဃဝိဝါဒါဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့သည်။
ဖြစ်ပေါ်လာပုံမှာ ဝိနည်းဆောင်ရဟန်းနှင့် သုတ္တန်ဆောင်ရဟန်းတို့သည် တစ်ကျောင်း
ထဲ၌ နေထိုင်ခဲ့ရာ တနေ့သောအခါ သုတ္တန်ဆောင်ရဟန်းသည် ကုဋီ(အိမ်သာ) ဝင်ပြီး
သန့်သက်ရေခွက်ထဲ၌ ရေကြွင်းရေကျန်ထားပြီး အမှတ်တမဲ့ ထွက်သွားခဲ့သည်။ ဝိနည်း
ဆောင်ရဟန်းသည် ကုဋီသို့ဝင်သောအခါ ခွက်ထဲ၌ ရေကျန်များကို တွေ့မြင်ရ၍ ကုဋီမှ
ထွက်ပြီးလျှင် သုတ္တန်ဆောင်ရဟန်းကို "ငါ့ရှင် ဤသန့်သက်ရေကျန်ကို သင်ထားခဲ့
သလော"ဟု မေးလေ၏။ သုတ္တန်ဆောင်ရဟန်းက "ဟုတ်ပါသည် ငါ့ရှင်"ဟု ရိုးသားစွာ
ဝန်ခံသောအခါ "ငါ့ရှင် ရေကြွင်းရေကျန်ကို ထားခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်သည်ကို
မသိဘူးလား"ဟု မေးမြန်းရာ "မသိပါ ငါ့ရှင်" ဟု သုတ္တန်ဆောင်ရဟန်းက ဆိုလေရာ
ဝိနည်းဆောင် ရဟန်းက "ငါ့ရှင် ဤသန့်သက်ရေကြွင်းကို ခွက်အတွင်း၌ ထားခဲ့ရာ၌
အာပတ်သင့်သည်" ဟု ပြောဆိုလေ၏။ "အာပတ်သင့်လျှင် ဒေသနာကြားပါမည်"ဟု
သုတ္တန်ဆောင်ရဟန်းက ဆိုလေရာ ဝိနည်းဆောင်ရဟန်းက "အကယ်၍ သင်သည်
စေတနာမရှိပဲ မေ့လျော့သဖြင့် ပြုမိခဲ့လျင် အာပတ်မသင့်ပါ" ဟု ပြောဆိုလေသည်။
(စင်စစ်မူ စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်သက်ရေကြွင်းရေကျန် ထား
ရှိခဲ့လျှင် ဒုက္ကာဋ်အာပတ် သင့်သည် ဖြစ်၏)။
နောင်သောအခါ ဝိနည်းဆောင်ရဟန်းက မိမိ၏ တပည့်များကို "သုတ္တန်ဆောင်
ရဟန်းသည် အားပတ်သင့်ပါလျက် ဘာမှမသိ"ဟု ရှုတ်ချစကားပြောဆို၏။ ဝိနည်း
ဆောင်ရဟန်း၏ တပည့်တို့က သုတ္တန်ဆောင်ရဟန်း၏ တပည့်များကို တွေ့မြင်လျှင်
"သင်တို့၏ ဥပဇ္ဈယ်ဆရာဟာ အာပတ်သင့်လို့ သင့်မှန်းပင် မသိ"ဟု ကဲ့ရဲ့ရှုတ်ချ
စကားပြောကြားကြရာ သုတ္တန်ဆောင် ရဟန်း၏ တပည့်များက မိမိတို့ဆရာထံ
သွားရောက်၍ လျှောက်ထားကြသည်။
သုတ္တန်ဆောင် ရဟန်းသည် "ဒီဝိနည်းဆောင်ရဟန်းဟာ ရှေးတုန်းကတော့ အာပတ်
မသင့်ဘူးပြောပြီး ယခုအာပတ်သင့်တယ်လို့ ပြောပြန်သည်၊ ဒီဝိနည်းဆောင်ရဟန်းဟာ
မုသားပြောကြားသူပဲ"ဟု ပြောဆိုခဲ့သည်။ သုတ္တန်ဆောင်ရဟန်း၏ တပည့်များသည်
ဝိနည်းဆောင်ရဟန်း၏ တပည့်များထံ သွားရောက်၍ "သင်တို့ရဲ့ ဥပဇ္ဈယ်ဆရာ ဝိနည်း
ဆောင်ရဟန်းဟာ မုသားစကားပြောကြားသူပဲ"ဟု ပြောဆိုကြရာ အချင်းချင်း ငြင်းခုံ
စကားတိုးပွါးလာခဲ့ကြသည်။ ထိုဘာမှမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြု၍ တစ်ဦး
ကိုတစ်ဦး မာန တွေရှေ့တန်းတင်လျက် အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ မာနသည်
သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။ နိမ့်သူ ကိုလည်း ယှဉ်သည်။
မာန၏ အလှည့်အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ စိတ်ထားသည်ကား
ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။ ထိုရဟန်းတို့သည်
မာနတွေ ရှေ့တန်းတင်လျက် တဖက်နှင့် တဖက် ငြင်းခုန်ကြရင် ကြီးစွာသော အဓိကရုဏ်း
ကြီးတစ်ခု ဖြစ်၍လာသည်။
မြတ်စွာဘုရားသည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင်
ကြွရောက်၍ ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ
မာန်မာနတို့ ကြီးကျယ်ခမ်းနား လာသောအခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို
တရားဟု မမြင်တော့။ အမှားကိုလည်း အမှားဟု မမြင်ကြတော့။ မြို့တွင်း ဆွမ်းစားဇရပ်
စသည်၌ ငြင်းခုံခိုက်ရန်ပြုကြသည်။ လက်ရောက်ကျူးလွန်မှု့များကိုလည်း ပြုလုပ်ကြသည်။
ဝိနည်းဆောင် သံဃာများကလည်း မိမိတို့ ပြောသည့် စကားသာလျင် မှန်သည် အခြား
ပုဂ္ဂိုလ်များ ပြောသောစကားများမှာ မမှန်ဟု ထင်ကြသည်။ သုတ္တန်ဆောင် သံဃာများ
ကလည်း မိမိတို့ ပြောဆိုသော စကားများကသာ မှန်သည်၊ အခြားပုဂ္ဂိုလ်များ ပြောသော
စကားများမှာ မမှန်ဟု ထင်ကြပြန်သည်။ နောက်ဆုံး တဖက် နှင့် တဖက် ဂိုဏ်းကွဲသည့်
အနေအထားသို့ ရောက်ကုန်တော့၏။
မြတ်စွာဘုရားရှင်က ပြန်လည် သင့်မြတ်စေဖို့ရန် အမျိုးမျိုး ညီညွတ်ရေးတရားဟောကြား
သော်လည်း သံဃာများ၏ ငြင်းခုန်မှု မရပ်သောအခါ "မဂ်ဖိုလ်ကိစ္စမပြီး အချည်းနှီးအလကား
ဤယောကျာ်းတို့သည် ဆုံးမ၍ မရတော့ကုန်၊ အသိတရားရဖို့ရန် မလွယ်ကူ" ဟု နှလုံးသွင်း
လျက် ပါလိလေယျက တောအုပ်သို့ တစ်ပါးတည်း ကြွသွားတော်မူ၏။ ဆိုဆုံးမ ခက်သော
ပုဂ္ဂိုလ်များအတွက် ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်သည်။
မြတ်စွာဘုရားရှင် ပါလိလေယျက တော၌ ဆယ်ဝါမြောက် ဝါဆိုတော်မူခဲ့သည်။
(မြတ်စွာဘုရားရှင် ပါလိလေယျကတော၌ ၁၀ မြောက်ဝါဆိုစဉ်အတွင်း ပါလိလေယျက
ဆင်မှ ဘုရားရှင်အား လုပ်ကျွေးပြုစုပုံ၊ မျောက်မှ လုပ်ကျွေးပြုစုပုံ အကျယ်ကို မဟာ
ဗုဒ္ဓဝင် စတုတ္ထတွဲ၊ အခန်း ၂၈ တွင် ကြည့်ရှူကြပါကုန်)

မြတ်စွာဘုရား ပါလိလေယျကတောသို့ ကြွသွားပြီး ရက်အတန် ကြာသောအခါ ကောသမ္ဗီ
ပြည်၌ ဃောသကသူဌေး အမှူးပြုသည့် ဒါယကာတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်
ကြရသဖြင့် ဤရဟန်းများသည် ဘုရားရှင်အထံတော်၌ ရဟန်းပြုကြပြီး ဘုရားရှင်၏ ဆိုဆုံးမ
မှုကို နားမထောင်ကြချေ၊ ဤရဟန်းများကို အကြောင်းပြုပြီး ငါတို့မှာ မြတ်စွာဘုရားရှင်ကို
ဖူးမြော်ခွင့် မရကြပေ။ ဒီရဟန်းများကို နေရာထိုင်ခင်း မပေးကြစတမ်း၊ ဆွမ်းမလောင်းကြ
စတမ်း၊ ရှိခိုးခြင်းစသည် မပြုကြစတမ်းဟု ကတိကဝတ် ပြုကြလေသည်။ ထိုအခါမှ စ၍
ခိုက်ရန်ငြင်းခုံဖြစ်ကြသော ရဟန်းတို့သည် ဆွမ်းကွမ်း အခက်အခဲနှင့် စတင် ကြုံတွေ့
ရတော့သည်။ ဒီရဟန်းတွေကြောင့် ငါတို့ အားကိုးစရာ မေးလျှောက်စရာ မြတ်စွာဘုရား
တောသို့ ကြွသွားတော်မူသည်ဟု ဆိုကာ ဘုရားရှင်အား မဖူးတွေ့ရတော့သောကြောင့်
ရဟန်းများကိုလည်း မည်သူမျှ ဆွမ်းမလောင်းကြတော့။
ဆွမ်းကွမ်း အခက်အခဲ ဖြစ်လာသောအခါမှ သံဃာတော်များလည်း မာနကို လျှော့လာ
လာကြသည်။ မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။
ပြဿနာကို ယထာဘူတကျစွာ မြင်လာတော့သည်။ အချင်းချင်း အပြစ်ကိုပြောကြားကာ
တောင်းပန်ဝန်ချ ကန်တော့ကြပြီး ပြန်လည်ညီညွတ်သွားကြသည်။ ဒါယကာတို့ကိုလည်း
မိမိတို့ ညီညွတ်ပြီဖြစ်ကြောင်း ရှေးယခင်ကကဲ့သို့ ပြုစုကြပါကုန်လော့ ဟု ပြောဆိုကြသော
အခါ ဒါယကာတို့က "မြတ်စွာဘုရားရှင်ကို ကန်တော့ပြီးပါပြီလား" ဟု မေးမြန်းကြသည်။
"မကန်တော့ရသေးပါ" ဟု ဖြေဆိုကြသောအခါ "ထိုသို့ဆိုလျှင် မြတ်စွာဘုရားရှင်ကို ကန်
တော့ကြပါ၊ ကန်တော့ပြီးသောအခါ ရှေးယခင်ကကဲ့သို့ ပြုစုကြပါမည်"ဟု ဒါယကာတို့က
လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်ထံသို့ သွားရောက် ကန်တော့ဖို့ရန်မှာလည်း ဝါတွင်း
ကာလဖြစ်နေသောကြောင့် မသွားဝံ့ကြဘဲ ကောသမ္ဗီရဟန်းတို့သည် ဆင်းဆင်းရဲရဲ ပင်ပင်
ပန်းပန်းဖြင့် ဝါတွင်းသုံးလကုန်အောင် စောင့်ဆိုင်းကြရတော့သည်။
မြတ်စွာဘုရားရှင် ဝါကျွတ်သောအခါ ပါလိလေယျက တောအုပ်မှ သာဝတ္ထိပြည် ဇေတဝန်
ကျောင်းသို့ ကြွရောက်တော်မူခဲ့သည်။ ကောသမ္ဗိရဟန်းတို့သည် သာဝတ္ထိပြည်သို့ လိုက်၍
မြတ်စွာဘုရားရှင်အား ဝန်ချတောင်းပန်ကြသောအခါ ကောသမ္ဗီ ရဟန်းများကို မြတ်စွာ
ဘုရားရှင်က ဤသို့ ဆုံးမတော်မူ၏။
"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင်
ထိုအဆွေခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော
အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။
သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"
တရားအဆုံး၌ ခန္ဓာဉာဏ်စိုက်၍ တရားနာနေသော ကောသမ္ဗီ ရဟန်းငါးရာသည်
ရဟန္တာများ ဖြစ်သွားတော်မူ၏။
************************
ဆက်လက်ဖော်ပြပါမည်.......................


ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ
https://shinsami.blogspot.com


မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၅ (ကောသမ္ဗီ ပြည်)

မာဂဏ္ဍီ မိဖုရား၏ ရန်ငြိုးဖွဲ့ ရန်တိုက်မှု့များ

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ သူဌေးသုံးဦးတို့၏ ပင့်ဖိတ်လျှောက်ထားချက်အရ သံဃာတော်အပေါင်း ခြံရံတော်မူလျက် ကောသမ္ဗီမြို့သို့ ကြွရောက်တော်မူသောအခါ
မာဂဏ္ဍီ မိဖုရားသည် ဘုရားရှင်အပေါ်၌ ရှေးကရန်ငြိုးဖွဲ့မှု့ကို တုန့်ပြန်လက်စားချေရန်
ရတနာသုံးပါးကို မကြည်ညိုသော သေသောက်ကြူးတို့ကို ခေါ်ကာ တံစိုးလက်ဆောင်များ
ပေး၍ "သင်တို့သည် ရဟန်းဂေါတမကို ဤပုံ ဤနည်း" ဖြင့် ဆဲရေးကြလော့ဟု သင်ပေးကာ
ဆဲရေးခိုင်းခဲ့သည်။
သေသောက်ကြူးတို့သည် မာဂဏ္ဍီ၏ ခိုင်းစေချက်အတိုင်း ဘုရားရှင်ကြွလာသည့်အခါ မကြားဝံ့
မနာသာ ဆဲနည်းအမျိုးမျိုးဖြင့် ဆဲရေးကြကုန်၏။ အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို
"ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤအရပ်ဒေသမှ လူများသည် အလွန်ပဲ ရိုင်းစိုင်းလှပါသည်
ဤသို့သဘောရှိသောမြို့၌ မနေကြပါနှင့်၊ အခြားမြို့သို့ ကြွကြပါစို့" ဟု လျှောက်ထားလေသော်
မြတ်စွာဘုရားရှင်က "ချစ်သား အာနန္ဒာ၊ ဒီအရပ်က ဆဲရေးလို့ တခြားအရပ်သို့ သွားလျှင်၊ ထိုအရပ်
က လူတွေကကော ဆဲရေးကြလျှင် ဘယ်အရပ်သို့သွားမည်နည်း" ဟု မေးမြန်းလေ၏။ ထိုအရပ်က
ဆဲရေးပြန်လျှင်လည်း ဘယ်အရပ်သို့ သွားမည်နည်းဟု ဆက်တိုက်မေးမြန်းကာ "ချစ်သား အာနန္ဒာ
ဒီနေရာက ဆဲရေးလို့ တခြားအရပ်သို့ ပြောင်းရွှေ့သွားဖို့ရန် မလိုပေ၊ ဒီနေရာမှာဖြစ်တဲ့ ကိစ္စကို
ဒီနေရာမှာပဲ ရှင်းပြီး အဓိကရုဏ်းငြိမ်းမှ တခြားအရပ်သို့ သွားသင့်သည်၊ ချစ်သားအာနန္ဒာ စိုးရိမ်
တော် မမူလင့်၊ အကျင့်ပျက်သူများ မကောင်းသည့်စကား ပြောဆိုနေမှု့ကို ကြံ့ကြံ့ခံနိုင်ဖို့လို
အပ်သည်၊ ဆဲရေးတိုင်းထွားနေသူများသည် ခုနှစ်ရက်မျှသာ ဆဲရေးတိုင်းထွာနိုင်ကြလိမ့်မည်
ခုနှစ်ရက်လွန်သောအခါ မော၍ ရပ်သွားကြလိမ့်မည်" ဟု မိန့်တော်မူ၏။

သာမာဝတီ မိဖုရားအပေါ် ပထမအကြိမ် ရန်တိုက်ခြင်း

မာဂဏ္ဍီမိဖုရားသည် ဘုရားရှင်ကို ထွက်ပြေးအောင် မလုပ်ဆောင်နိုင်သဖြင့် ဘုရားရှင်အား
ထောက်ပံ့လှူဒါန်းနေသော သာမာဝတီဦးဆောင်သော အခြွေရံငါးရာတို့ကို ပျက်ဆီးအောင်
ကြံစည်ပြန်သည်။ သာမာဝတီမိဖုရား နှင့် အခြွေရံ ၅၀၀ တို့သည် သောတာပန်အရိယာများ
ဖြစ်ပြီးကြသော်လည်း ဥတေနမင်းမှာ သာသနာကို မကြည်ညိုသေးသူဖြစ်၍ ဘုရားရှင်ထံသို့
အမြဲသွားရောက်၍ ဘုရားဖူးခွင့် မရကြပေ။ ထို့ကြောင့် မြတ်စွာဘုရားရှင် ကောသမ္ဗီမြို့တွင်း
သို့ ဆွမ်းခံကြွစဉ် မိမိတို့၏ အိမ်ခန်းနံရံများကို အပေါက်ဖောက်၍ ထိုအပေါက်များမှ မြတ်စွာ
ဘုရားရှင်ကို ဖူးမြော်ကြည့်ရှူကြသည်။ မာဂဏ္ဍီမိဖုရားသည် ထိုအကြောင်းအရာကိုသိရှိသွားပြီး
ယခုအခါ ရဟန်းကြီး ဂေါတမအပေါ်၌  ငါပြုရမည့် ရန်ငြိုးကို ပြုရမည်။ ဤမိန်းမတို့သည်လည်း
ရဟန်းဂေါတမ၏ တပည့်မများဖြစ်ကြသည် ဤမိန်းမတို့အပေါ်၌ ငါပြုရမည့် အမှုကို ပြုရမည်ဟု
ကြံစည်လျှက် ဥတေနမင်းကြီးအား သာမာဝတီ နှင့် အခြွေရံ ၅၀၀ တို့သည် အရှင်မင်းကြီးမှ
တစ်ပါး ပြင်ပ၌ လိုလားတောင့်တသူရှိနေကြောင်း၊ အရှင်မင်းကြီး၏ အသက်ကိုပင် လုပ်ကြံ
သတ်ဖြတ်ဖို့ ကြံစည်နေကြာင်း စသည်တို့ကို သုံးကြိမ်တိုင်တိုင် ဂုန်းတိုက်စကား ပြောကြား
လေသည်။ ဥတေနမင်းကြီးသည် မာဂဏ္ဍီ ပြောစကားကို မယုံကြည် လက်မခံချေ။ မာဂဏ္ဍီ
မိဖုရားမှ အရှင်မင်းကြီး မယုံကြည်ပါက ကိုယ်တိုင်သွားရောက် ကြည့်ရှူပါရန် ပြောကြားသဖြင့်
ဥတေနမင်းကြီးက ကိုယ်တိုင်သွားရောက်ကြည့်ရှူ့ရာ အပေါက်များဖေါက်ထားသည်ကို
တွေ့ရ၍ အကြောင်းစုံကို မေးမြန်းရာ အခြွေရံ ၅၀၀ တို့ကလည်း ဘုရားရှင်ကို ဖူးမြော်ရန်
အပေါက်များ ဖေါက်ထားကြောင်း ပြောကြားရာ ဥတေနမင်းကြီးသည် အမျက်မထွက်သည့်
အပြင် အပေါက်များကို ပိတ်စေပြီး နံရံအထက်၌ လေသာပြတင်းပေါက်များကို ပြုလုပ်စေခဲ့သည်။
ဒုတိယအကြိမ် ရန်တိုက်ခြင်း

မာဂဏ္ဍီ မိဖုရားသည် သာမာဝတီ နှင့် အခြွေရံအပေါင်းတို့အား ဒုက္ခရောက်စေရန် လုပ်ကြံမှု
မအောင်မြင်သောအခါ နောက်တစ်မျိုးကြံစည်ပြန်သည်။ "သာမာဝတီ အမှူးပြုသည့် မောင်းမ
ငါးရာတို့သည် အရှင်မင်းကြီးအပေါ် ချစ်ခင်မှု ရှိ/မရှိ စုံစမ်းကြပါစို့၊ ကြက်အရှင် ၈ ကောင်ကို
သူတို့ဆီပို့၍ အရှင်မင်းကြီးအတွက် ချက်ခိုင်းတော်မူပါလော့" ဟု ပြောဆိုလေ၏။ မင်းကြီး
သည် မာဂဏ္ဍီ ဆိုသည့်အတိုင်း ကြက်အရှင် ၈ ကောင်ကို ချက်၍ဆက်ကပ်ရန် သာမာဝတီတို့
အထံသို့ ပို့စေ၏။ သောတာပန် အရိယာဖြစ်ပြီးသူ သာမာဝတီတို့သည် ငါတို့သည် သူများ
အသက်ကို မသတ်ကြပါ၊ ထိုကြက်အရှင် ၈ ကောင်ကို လက်ဖျားဖြင့်ပင် မတို့ထိနိုင်ပါကြောင်း
ငြင်းပယ်ခဲ့ကြသည်။ ထိုအခါ မာဂဏ္ဍီက "ရှိပါစေ အရှင်မင်းကြီး၊ ထိုကြက်တို့ကို ရဟန်းဂေါတမ
အတွက် ချက်ပေးရန် ပို့စေတော်မူပါ"ဟု ပြောဆိုလေ၏။ ဥတေနမင်းသည် မာဂဏ္ဍီပြောဆိုသည့်
အတိုင်းပြုလေ၏။ မာဂဏ္ဍီမိဖုရားသည် လမ်းခရီးအကြား၌ ကြက်တို့ကို သတ်စေ၍ "ဤ ကြက်
တို့ကို ချက်၍ ရဟန်းဂေါတမအား လှူဒါန်းကြပါ" ဟု ပြောဆိုသောအခါ သာမာဝတီ အမှုးပြု
သော မိဖုရားတို့သည် ကြက်သေများဖြစ်သည်ကြောင့် ချက်ပြုတ်၍ ဘုရားရှင်အား လှူဒါန်း
ဆက်ကပ်ကြလေ၏။
မာဂဏ္ဍီမိဖုရားက "အရှင်မင်းကြီး ကြည့်တော်မူပါ အရှင်မင်းကြီးအတွက်ဆို ငြင်းပယ်၍ ရဟန်း
ဂေါတမအတွက်ဆို ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်နေကြပါတယ်"ဟု စသည်ဖြင့် ဂုန်းတိုက်
စကားများ ပြောကြားပြန်၏။ ဥတေနမင်းကြီးသည် အမျက်ထွက်တော်မမူပဲ ဆိတ်ဆိတ်သာ
လျှင် နေခဲ့လေသည်။
တတိယအကြိမ် ရန်တိုက်ခြင်း

ဥတေနမင်းကြီးသည် မင်းဖုရားသုံးဦးတို့၏ နန်းဆောင်များ၌ (၇) ရက်ဆီ လှည့်လည်၍
နေလေ့ရှိသည်။ ဥတေနမင်းကြီးသည် မည်သည့်နေရာသွားသွား ဆင်ချစ်သော စောင်းကို
ယူသွားလေ့ရှိ၏။ တနေ့သော သာမာဝတီမိဖုရား၏ နန်းဆောင်သို့သွားခါနီးအချိန်တွင်
မာဂဏ္ဍီမိဖုရားသည် မင်းကြီးမသိအောင် ထိုစောင်းအတွင်း၌ မြွေဟောက်တစ်ကောင်ကို
မသိအောင်ထည့်ထားပေး၍ စောင်းအပေါက်ကို ပိတ်ထားစေ၏။ ထို့နောက် မင်းကြီးကို
"အရှင်မင်းကြီး သာမာဝတီမိဖုရားသည် ရဟန်းဂေါတမ၏ အသင်းအပင်းဖြစ်သည်၊ အရှင်
မင်းကြီး၏ အပြစ်ကိုသာလျှင် ကြံစည်နေသူဖြစ်သည် သတိနှင့် နေတော်မူပါ" ဟု ပြောဆို
လိုက်လေ၏။ ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား၏ နန်းဆောင်၌ (၇) ရက်ကုန်လွန်
စေပြီး၍ တဖန် ခုနှစ်ရက်၌ မာဂဏ္ဍီမိဖုရား၏ နန်းဆောင်သို့ လှည့်လည်ပြန်၏။ မာဂဏ္ဍီ
မီးဖုရားသည် မင်းကြီးလာလျင်ပင် မင်းကြီး၏ လက်မှ စောင်းကိုယူကာ လှုပ်ပြီးလျှင်
"အရှင်မင်းကြီး၊ ဤစောင်းအတွင်း၌ အကောင်တစ်ကောင်ရှိနေသည်"ဟု ဆို၍ မိမိပြုလုပ်
ထားသော မြွေထွက်ရန်အပေါက်ကို ဖယ်ရှားလိုက်လေသည်။ မြွေထွက်လာသောအခါ
စောင်းအတွင်းမှာ မြွေကြီးဟု ဆိုကာ စောင်းကိုပစ်၍ ထွက်ပြေးလေသည်။ မာဂဏ္ဍီမိဖုရား၏
ရန်တိုက်ခြင်း အောင်မြင်သွားလေသည်။ ဥတေနမင်းကြီးသည် ပြင်းစွာအမျက်ထွက်၍
သာမာဝတီ အမှူးပြုသော မိဖုရားတို့ကို ခေါ်စေတော်မူသည်။

သာမာဝတီမိဖုရား၏ မေတ္တာအစွမ်း

သာမာဝတီ မိဖုရားသည် မင်းကြီးအမျက်ထွက်သည်ကို သိ၍ တပည့်ဖြစ်သော အခြွေရံတို့အား
"မင်းကြီးသည် သင်တို့ကို သတ်လို၍ ခေါ်၏။ မင်းကြီးအပေါ်၌ အမျက်မထွက်ကြဘဲ သြဒိဿက
မေတ္တာဖြင့် မင်းကြီးကို မေတ္တာပို့ကြပါ"ဟု တရားသတိပေးလေ၏။ ဥတေနမင်းသည် သာမာဝတီ
မိဖုရားနှင့် မောင်းမငါးရာတို့ကို အစဉ်အလိုက်တန်းစီစေပြီး လေးကြီးကို စွဲတင်၍ အဆိပ်လှူများ
ကို တတ်ပြီးလျှင် ပစ်ဖို့ရန် ချိန်ရွယ်လေသည်။ သာမာဝတီမိဖုရားနှင့် မောင်းမငါးရာတို့သည်လည်း
မင်းကြီးအား စူးစိုက်၍ သြဒိဿကမေတ္တာပို့လွတ်ကြလေသည်။ မင်းကြီးသည် မြှားကို ပစ်ရန်
လည်းမစွမ်းနိုင်၊ ဖယ်ရှားရန်လည်း မစွမ်းနိုင်သဖြင့် ချွေးသီး ချွေးပေါက်များ ကျလျက် တစ်ကိုယ်
လုံး တုန်လှုပ်၍ နေလေ၏။
ထိုအခါ သာမာဝတီမိဖုရားက "အရှင်မင်းကြီး ပင်ပန်းတော်မူနေပါ၏လော"ဟု မေးလျှင်
"ဟုတ်ပေသည် မိဖုရား၊ ငါသည် သူတော်ကောင်းဖြစ်သော သင့်အား ပြစ်မှားမိပေသည်၊
ငါ့အား သက်သာရာရစေပါလော့" ဟု ပြောဆိုသောအခါ "ကောင်းပါပြီ မင်းကြီး မြှားကို
မြေကြီး၌  ပစ်ပါလော့" ဟု ပြောဆိုလေ၏။ မင်းကြီးသည် မိဖုရားဆိုသည့်အတိုင်း ပြုလေ၏။
သာမာဝတီမိဖုရားသည် မင်းကြီး၏ မြားသည် လွတ်စေသတည်းဟု အဓိဌာန်လိုက်သော
အခါ ထိုခဏမှာပင် မြှားသည် မင်းကြီး၏ လက်မှ လွတ်ထွက်သွားလေသည်။
ထို့နောက် ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား၏ ရှေ့၌ ဒူးတုတ်လျက် "ရှင်မိဖုရား၊
ငါ့အား သည်းခံပါလော့၊ ငါသည် ကုန်းချောသူ မာဂဏ္ဍီ၏ စကားကို မစူးစမ်း မဆင်ခြင်ပဲ
ယုံမှတ်ပြီး ဤအမှုကို ပြုမိပေသည်" ဟု တောင်းပန်ဝန်ချလေ၏။ သာမာဝတီ မိဖုရား
ကလည်း "သည်းခံပါသည် အရှင်မင်းကြီး" ဟု ခွင့်လွတ်စကား ပြောကြားသောအခါ
ဥတေနမင်းကြီးသည် ကောင်းပါပြီ ရှင်မိဖုရား ငါသည်လည်း ယနေ့မှစ၍ ရှင်မိဖုရားတို့၏
အလိုအတိုင်း မြတ်စွာဘုရားအား အလှူဒါနကို ပေးလှူကြပါလော့၊ ကျောင်းတော်သို့
သွား၍ တရားနာကြပါလော့၊ ယနေ့မှ စ၍ သင်တို့အား အစောင့်အရှောက်ကို ငါပေးအံ့"
ဟု ပြောဆိုလေ၏။

သာမာဝတီမိဖုရားနှင့် အခြွေအရံများ မီးတိုက်၍ အသတ်ခံရခြင်း

မာဂဏ္ဍီမိဖုရားသည် အမျိုးမျိုးသော ကုန်းတိုက်မှုများ မအောင်မြင်သောအခါ တနေ့သ၌
ဥတေနမင်းကြီး ဥယျာဉ်သို့ အပျော်အပါးသွားသောအချိန်တွင် ဦးလေးဖြစ်သူ စူဠမာဂဏ္ဍီ
အား သာမာဝတီတို့ နေထိုင်သည့် နန်းဆောင်ကို မီးတိုက်ခိုင်းခဲ့သည်။ သာမာဝတီမိဖုရား
နှင့် မောင်းမငါးရာတို့သည် တချိန်တည်းမှာ မီးလောင်၍ သေဆုံးကြကုန်သည်။ မီးလောင်
နေစဉ်အတွင်း ဝေဒနာကမ္မဌာန်းကို နှလုံးသွင်းကြရာ တချို့မှာ သကဒါဂါမ်၊ တချို့မှာ
အနာဂမ်အရိယာများ ဖြစ်သွားခဲ့ကြပြီး သေလွန်သွားသောအခါ ဗြဟ္မပြည်၊ နတ်ပြည်
အသီးသီးသို့ ရောက်ရှိသွားကြသည်။

သာမာဝတီမိဖုရား၏ ရှေးအကုသိုလ်ကံ

သာမာဝတီမိဖုရားလောင်း နှင့် အခြွေအရံအမျိုးသမီးငါးရာတို့သည် ဘုရားပွင့်တော်မမူမီ
တစ်ခုသော ဘဝ၌ ထိုမိန်းမတို့နှင့် ဂင်္ဂ ါမြစ်အတွင်း၌ ရေချိုးကြရာ ရေချိုး၍အပြီး ကမ်းပေါ်
တက်သောအခါ လွန်စွာချမ်းအေး၍ အနီးနားတွင် ရှိသော ပစ္စေကဗုဒ္ဓါသီတင်းသုံးနေသော
သစ်ရွက်မိုးသောကျောင်းကို မြင်ရ၍ အထဲတွင် ပစ္စေကဗုဒ္ဓါရှိ/မရှိကို မစူးစမ်းမဆင်ခြင်ဘဲ
ပြင်ပမှ မီးတိုက်၍ မီးလှုံကြသည်။ သစ်ရွက်များ မီးလောင်ပြာကျသွားသောအခါ ပစ္စေက
ဗုဒ္ဓအရှင်မြတ်ကို တွေ့သွားပြီး ဤပစ္စေကဗုဒ္ဓအရှင်မြတ်သည် ငါတို့မင်းကြီး ကိုးကွယ်
လှူဒါန်းနေသော အရှင်ဖြစ်သည်၊ ဤပစ္စေကဗုဒ္ဓါ ပျံလွန်တော်မူသည်ကို မြင်လျှင် မင်းကြီး
သည် ငါတို့ကို ပြင်းစွာအမျက်ထွက်လိမ့်မည်၊ ယခုအခါ မင်းကြီးမသိသေးမီ အစပျောက်
အောင် မီးသဂြို ၤလ်မှ ဖြစ်ပေမည်ဟု ဆိုကာ ထင်းများကို ရှာလျှက် မီးတိုက်ကြလေသည်။
ထိုထင်းများ ကုန်သွားသောအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် နိရောဓသမာပတ်ထတော်
မူပြီး ထိုမိန်းမများ၏ ရှေ့၌ပင် သင်္ကန်းကိုခါလျက် ကောင်းကင်သို့ ပျံတက်သွားလေသည်။
အစ ပထမ မီးရှို့မှုတွင် စေတနာမပါသဖြင့် ကံမထိုက်သော်လည်း ဒုတိယအကြိမ်တွင်
စေတနာဖြင့် ပြုလုပ်ခြင်းကြောင့် ကံထိုက်ကာ ထိုမကောင်းမှု အကုသိုလ်ကံကြောင့်ပင်
ငရဲ၌ ကျရောက်ကျပြီးလျှင် ယခုဘဝတွင် ဝိပါက်အကြွင်းအကျန်အနေဖြင့် မီးလောင်တိုက်
သွင်းခံရကာ သေဆုံးခြင်းသို့ ရောက်ရခြင်းဖြစ်သည်။
နောင်သောအခါ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ်
ဥပါသိကာအမျိုးသမီးတို့ကို ဧတဒဂ်ရာထူး အပ်နှင်းရာတွင် ဘုရားရှင်၏ တပည့်မတို့တွင်
သာမာဝတီ သည် မေတ္တာဈာန်ဖြင့် နေလေ့ရှိသောသူတို့တွင် အသာဆုံး အမြတ်ဆုံး
ဧတဒဂ်ရာထူးကို အပ်နှင်းခံရလေသည်။

မာဂဏ္ဍီ ၏ နိဂုံး

ဥတေနမင်းကြီးသည် အဘယ်သူသည် သာမာဝတီ မိဖုရားကို မီးတိုက်၍ သတ်သနည်းဟု
တရားခံကို ရှာသောအခါ မာဂဏ္ဍီမိဖုရား ပြုလုပ်သည်ကို သိရှိရ၍ မာဂဏ္ဍီအား ရှေ့တော်
မှောက်သို့ ခေါ်စေပြီး "မာဂဏ္ဍီမိဖုရား ငါပြုလုပ်ရမည့် အမှုကို သင်သည်ပြုလုပ်အပ်ပေပြီ၊
ငါ့အားအမျိုးမျိုးသတ်ဖို့ ကြံစည်အားထုတ်နေသော သာမာဝတီ ကို သင်က သတ်ပေးလေ
သည်၊ သင့်အပေါ်၌ ငါသည် အလွန်ကြည်ညိုလှပေသည်။ သင့်အား ဆုလာဒ်စည်းစိမ်
ကို ငါပေးလိုသည် သင်၏ဆွေတော်မျိုးတော်များကိုလည်း ခေါ်တော်မူပါလော့" ဟု
ပရိယာယ်ဖြင့် ပြောဆိုလေ၏။
မာဂဏ္ဍီမိဖုရားသည် ဥတေနမင်းကြီး၏ စကားကို ကြားရပြီး အလွန်ဝမ်းမြောက်ဝမ်းသာ
ဖြစ်လျက် ဆုလာဒ်ရမည်ဆိုသည့်အတွက်ကြောင့် ဆွေမျိုးမဟုတ်သူများကိုလည်း ဆွေမျိုး
ပြုလုပ်ကာ ခေါ်စေ၏။ မာဂဏ္ဍီ နှင့် သူ၏ဆွေမျိုးများ အားလုံးစုံလင်သောအခါ နန်းရင်
ပြင်၌ တွင်းများကို တူးစေပြီး ထိုတွင်းများ၌ ဦးခေါင်းတို့ကို ချန်ပြီး မြေမြှုတ်ကာ ဦးခေါင်း
တို့ကို ရိုက်ခွဲလျက် သံထွန်ယက်တို့ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်လေ၏။ မာဂဏ္ဍီ
မိဖုရားကိုလည်း အရှင်လတ်လတ် အသားများကို လှီးဖြတ်စေ၍ မုန့်ကြော်သောအိုး၌
ကြော်စေပြီး မာဂဏ္ဍီ မိဖုရားကို စားခိုင်းစေသည်။ ထို့နောက် အပိုင်းပိုင်း ခုတ်ဖြတ်၍
သတ်ဖြတ်စေ၏။ မာဂဏ္ဍီ၏ မကောင်းမှုအကုသိုလ်ကံသည် ဘဝမကူးပဲ မျက်မှောက်
ဘဝမှာပင် ရက်ရက်စက်စက် သတ်ဖြတ်ခံရကာ ဘဝနိဂုံးအဆုံးသတ်သွားလေသည်။
ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
ဦးသြဘာသ(သာဝတ္ထိ) ၏ မဇ္ဈိမဒေသမှ သမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ၊
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ
https://shinsami.blogspot.com


မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၄ (ကောသမ္ဗီ ပြည်)

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူခြင်း

ကောသမ္ဗီပြည်တွင် ဃောသကသူဌေး၊ ကုက္ကုဋသူဌေး၊ ပါဝါရိကသူဌေး ဟူ၍ သူငယ်ချင်း
သူဌေးသုံးယောက်ရှိကြသည်။ ထိုသူငယ်ချင်းသူဌေးသုံးတို့သည် ဟိမဝန္တာတောင်မှ
ကြွချီလာသော ရသေ့ ၅၀၀ တို့ကို ကိုးကွယ်ဆည်းကပ်ကြသည်။ ရသေ့ ၅၀၀ တို့သည်
နှစ်စဉ် မိုးဥကာလရောက်လျှင် ကောသမ္ဗီမြို့သို့ ကြွရောက်သီတင်းသုံးကြရာ သူဌေးကြီး
သုံးဦးတို့က အလှည့်ကြဆွမ်းလှူဒါန်းကပ်လှူကြသည်။
တနှစ်သောအခါ မိုးရာသီရောက်လတ်သော် ဟိမဝန္တာတောင်မှ ကောသမ္ဘီပြည်သို့ကြွ
လာကြရာ ခရီးပမ်းလာသဖြင့် တောအုပ်တစ်ခုဝယ် အရိပ်အာဝါသကောင်းသော ပညောင်
ပင်ကြီးအောက်သို့ ဝင်နားခဲ့ကြသည်။ အကြီးဆုံးရသေ့ကြီးက "ဤ ပညောင်ပင်၏
အခြေအနေကို တွေ့မြင်ရသည်မှာ ကြီးမားလှသည်၊ ဤပညောင်ပင်ကြီး၌ တန်းခိုးကြီးမား
သော ရုက္ခစိုးနတ်ရှိလိမ့်မည်။ ထိုညောင်စောင့်နတ်မင်းသည် ငါတို့အား သောက်ရေပေးလှူ
လျှင် ကောင်းလေစွ" ဟု အကြံဖြစ်မိသည်။ ညောင်စောင့် နတ်မင်းသည် ရသေ့တို့၏ အလို
အကြံကိုသိ၍ သောက်သုံးရေများကို ဖန်ဆင်းပေးသည်။ ရသေ့တို့သည် ရေသုံးဆောင်ပြီး
သောအခါ "ညောင်ပင်စောင့်နတ်သည် ငါတို့အား ရေကို ပေးလှူအပ်ပြီ၊ ဤအရပ်ကား
ရွာနှင့်မနီး တောကြီးဖြစ်၍ ငါတို့အား အစာအဟာရပေးလှူပါမူ ကောင်းလေစွ" ဟူ၍
ကြံစည်ကြလေသည်။ ညောင်စောင့်နတ်သည် ရသေ့တို့အလိုအတိုင်း အစာအာဟာရကို
ဖန်ဆင်း၍ လှူဒါန်းဆက်ကပ်လေသည်။
တစ်ဖန် ရသေ့တို့သည် "ဤညောင်စောင့်နတ်သည် ငါတို့ကြံစည်သမျှ ပေးလှူဒါန်းအပ်လေပြီ၊
ငါတို့အား ညောင်စောင့်နတ်သည် ကိုယ်ထင်ရှားပြလျှင် ကောင်းလေစွ" အကြံဖြစ်တော်မူရာ
ညောင်ပင်စောင့်နတ်ကလည်း ရသေ့တို့အလိုအတိုင်း ကိုယ်ထင်ရှားပြသောအခါ ရသေ့များက
" အရှင်နတ်မင်း သင်၏ စည်းစိမ်ကား ကြီးကျယ်လှ၏။ အဘယ်မည်သော ကောင်းမှုကိုပြု၍
ဤစည်းစိမ်ကို ရတော်မူပါသလော" ဟု မေးကြရာ ညောင်ပင်စောင့်နတ်က " မကြီးမကျယ်
အနည်းငယ်မျှသော ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရအပ်ပါသည်" ဟု ဖြေကြားလေ၏။
နေ့တဝက် ဥပုသ်စောင့်ခြင်း အကျိုး

ရသေ့တို့က အဘယ်မည်သော ကောင်းမှုနည်းဟု ဆက်လက်မေးကြရာ အတိတ်ဘဝက
သာဝတ္ထိမြို့ အနာထပိဏ်သူဌေးကြီး အိမ်၌ အလုပ်သမားတစ်ယောက်ဖြစ်ခဲ့သည်။ သူဌေး
ကြီးအိမ်၌ ဥပုသ်နေ့များတွင် အလုပ်သမားများမှအစ အိမ်ရှိလူအားလုံး ဥပုသ်စောင့်ကြသည်။
ဤအလုပ်သမားသည် အနာထပိဏ်သူဌေးကြီးအိမ်သို့ ရောက်သည်မှာ မကြာသေးပဲ အိမ်ရှိ
အစဉ်အလာကို မသိဘဲ တစ်ခုသော ဥပုသ်နေ့၌ တစ်ယောက်ထဲ စောစောထ၍ အလုပ်လုပ်ရာ
တောသို့ သွားရောက်လုပ်ကိုင်လေ၏။
အနာထပိဏ်သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်မှ ပြန်ရောက်သောအခါ ထိုအလုပ်သမားကို
ယနေ့ ဥပုသ်နေ့ဖြစ်ကြောင်းကို မည်သူမှ မပြောကြဘူးလားဟု မေးမြန်းရာ အလုပ်သမားတို့က
မပြောမိပါဟု ဖြေဆိုကြသည်။ ထိုသို့ဆိုလျှင် သူ့အတွက် တစ်ယောက်စာ ညစာထမင်းချက်ထား
လိုက်ကြဟု မှာကြားထားလေသည်။ ထမင်းချက် ကျွန်မသည် ထိုအလုပ်သမား တောမှ ပြန်လာ
သောအခါ ထမင်းခူး၍ ပေးလေ၏။ အလုပ်သမားက " အခြားနေ့များတွင် ဤထမင်းစားချိန်မှာ
တစ်အိမ်လုံး ဆူညံလျက်ရှိ၏။ ယနေ့ အဘယ်ကြောင့် တိတ်ဆိတ်နေသလဲ" ဟု ကျွန်မအား
မေးမြန်းရာ "ယနေ့ အိမ်ရှိလူအားလုံး ဥပုသ်စောင့်ကြသည် အမောင်တစ်ယောက်သာ ဥပုသ်
မစောင့်ဖြစ်သဖြင့် ထမင်းချက်ကြွေးသည်" ဟု ပြောဆိုသောအခါ အလုပ်သမားသည် " ဤယခု
ညချမ်းအခါ၌ ကျွနု်ပ်လည်း ဥပုသ်စောင့်ချင်ပါသည်၊ ဥပုသ်စောင့်၍ ရမရ သူဌေးကြီးကို မေးပေးပါ"
ဟု တောင်းဆိုသောကြောင့် အလုပ်သမားတို့က သူဌေးကြီးကို မေးပေးကြသည်။
အနာထပိဏ်သူဋ္ဌေးကြီးက"တစ်ရက်လုံး ဥပုသ်ကျင့်သုံးဖို့တော့ မဖြစ်နိုင်တော့၊ နေ့တစ်ဝက် ကျင့်သုံး
ဖို့တော့ ဖြစ်နိုင်ပါ၏" ဟု ဖြေကြားသောအခါ အလုပ်သမားသည် ထမင်းမစားတော့ဘဲ နေ့တစ်ဝက်
ဥပုသ်ဆောက်တည်လေသည်။ အလုပ်သမား၏ ခန္ဓာကိုယ်မှာ အစာအဟာရလုံးဝ မရှိသောကြောင့်
ညဉ့်သန်းခေါင်ယံအခါတွင် ပြင်းထန်တဲ့ဝေဒနာခံစားရပြီး နံနက်မိုးလင်းသောအခါ သေဆုံးခဲ့လေသည်။
"ထိုသို့ နေ့တစ်ဝက် ဆောက်တည်ခဲ့သော ဥပုသ်ကုသိုလ်ကောင်းမှုကြောင့် ဤကဲ့သို့သော နတ်စည်းစိမ်
ချမ်းသာကို ခံစားရပါသည်" ဟု ရသေ့တို့အား ရှင်းပြလေ၏။
ညောင်ပင်စောင့် နတ်မင်းက ထိုသို့ရှင်းပြပြီးသောအခါ ရသေ့များက "သင်ပြောသော စကားများ
ထဲတွင် ဘုရား၊ တရား၊ သံဃာ ဟူသော ရှေးကမကြားဘူးသော စကားများကို ကြားရသည်၊
လောက၌ မြတ်စွာဘုရားရှင် ပေါ်ထွန်းနေပြီလော" ဟု မေးမြန်းကြရာ ညောင်ပင်စောင့်နတ်က
မြတ်စွာဘုရား ပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ ယခုအခါ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်း၌ သီတင်း
သုံးနေလျက်ရှိကြောင်း ပြောပြလေသည်။ ရသေ့တို့သည် ထိုစကားကို ကြားရပြီးသောအခါ
ရွှင်လန်းဝမ်းမြောက်စွာဖြင့် ကောသမ္ဗီပြည်သို့ ခရီးဆက် ကြလေသည်။ ကောသမ္ဗီသို့ ရောက်သော
အခါ သူဌေးကြီးသုံးဦး ကပ်လှူသော ဆွမ်းကို ဘုဉ်းပေးသုံးဆောင်အပြီး သာဝတ္ထိပြည်သို့
ခရီးဆက်ဖို့ ပြင်ဆင်ကြလေ၏။ ထိုအခါ သူဌေးတို့က အရင်က မိုးတွင်းလေးလပတ်လုံး
ကောသမ္ဗီမှာ သီတင်းသုံးကြသည်၊ ယခု အဘယ်ကြောင့် အဆောတလျင် အခြားအရပ်သို့
ကြွတော်မူပါမည်နည်းဟု လျှောက်ထားသောအခါ ရသေ့တို့က "လောက၌ မြတ်စွာဘုရားရှင်
ပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန်အတွက် သာဝတ္ထိပြည်သို့
သွားရောက်ကြမည်ဖြစ်ကြောင်း" ပြောကြားလေ၏။ ထိုအခါ သူဌေးသုံးဦးတို့က မြတ်စွာဘုရားရှင်
ပေါ်ထွန်းနေသည်ဆိုပါက အကျွနု်ပ်တို့လည်း ဖူးမြော်လိုပါသည်၊ အတူတကွ ကြွကြမည်ဖြစ်ကြောင်း
ပြောဆိုသောအခါ ရသေ့တို့ သင်တို့လူများ အဖို့ အလုပ်ကိစ္စ အလွန်ရှုပ်ထွေးလှသည်၊ နောက်ကနေ
လိုက်ခဲ့ကြဟု ပြောဆိုကာ ဘုရားရှင်အား ဖူးမြော်ရန်အတွက် ရှေ့မှ ထွက်ခွါသွားကြလေ၏။
ကောသမ္ဗီမြို့၌ ကျောင်းကြီး(၃)ကျောင်းပေါ်ပေါက်လာခြင်း

ရသေ့အပေါင်းတို့သည် ဘုရားရှင်အထံသို့ ရောက်ပြီးသောအခါ ရှင်ရဟန်းပြု၍ ဘုရားရှင်ဟောသော
တရားကို နာကြားရ၍ ရသေ့အားလုံး ရဟန္တာဖြစ်သွားကြလေသည်။ သူဌေးကြီး သုံးဦးတို့သည်လည်း
လှူဖွယ်ဝတ္ထုများကိုပြင်ဆင်ကာ နောက်မှ လှည်းအစီး ၅၀၀ ဖြင့် လိုက်ခဲ့ကြကုန်၏။ မြတ်စွာဘုရားရှင်
အထံသို့ ရောက်သောအခါ ဘုရားရှင်ဟာကြားသော တရားတော်များကို နားကြားပြီးအဆုံး၌
သောတာပန် အရိယာများ ဖြစ်သွားခဲ့သည်။ နောက်တစ်နေ့၌ ဘုရားရှင်နှင့် သံဃာတော်တို့အား
ကြီးစွာသော အလှူကြီးပေးလှူအပြီး မြတ်စွာ ဘုရားရှင်အား ကောသမ္ဗီပြည်သို့ ကြွရောက် ချီးမြင့်တော်မူပါရန် တောင်းပန်လျှောက်ထားကြသောအခါ မြတ်စွာဘုရားရှင်က "ဒါယကာတို့
မြတ်စွာဘုရားရှင်တို့သည် စိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော် မူကြကုန်သည်" ဟု မိန့်တော်မူလေသည်။
သူဌေးသုံးဦးကလည်း သိပါပြီ မြတ်စွာဘုရားဟု လျှောက်ထား၍ "အရှင်မြတ်တို့သည် တပည့်တော်များ
သတင်းစကားပို့၍ ပင့်ဖိတ်သောအခါ ကြွရောက်ချီးမြင့်တော်မူပါဘုရား" ဟု လျှောက်ထား၍ မြတ်စွာ
ဘုရားရှင်အား ရှိခိုးဦးချပြီး ကောသမ္ဗီပြည်သို့ ပြန်ခဲ့ကြလေသည်။
ကောသမ္ဗီပြည်သို့ ပြန်ရောက်သောအခါ သူဌေးကြီးသုံးတို့သည် မိမိတို့၏ ဥယျာဉ်အသီးသီး၌
ကျောင်းတိုက်ကြီးများ တည်ဆောက်ကြလေသည်။ ထိုကျောင်းတိုက်သုံးတိုက်တို့အနက်
ဃောသိတာရုံ သူဌေး ဆောက်လုပ်သောကျောင်းတိုက်ကြီးသည် "ဃောသိတာရုံ" ကျောင်းတိုက်ဟု
အမည်တွင်သည်။ ကုက္ကုဋသူဌေး ဆောက်လုပ်သော ကျောင်းတိုက်ကြီးသည် "ကုက္ကုဋာရုံ"
ကျောင်းတိုက်ဟု အမည်တွင်ပြီး ပါဝါရိကသူဌေး ဆောက်လုပ်သော ကျောင်းတိုက်သည်
"ပါဝါရိကာရုံ" ကျောင်းတိုက်ဟု အမည်တွင်လေသည်။ ကျောင်းတိုက်များ ဆောက်လုပ်ပြီး
သောအခါ မြတ်စွာဘုရားရှင်အား ကောသမ္ဗီပြည်သို့ ကြွရောက်ချီးမြောက်တော်မူပါရန်
တမန်တော်စေလွတ်၍ ပင့်ကြလေသည်။ မြတ်စွာဘုရားရှင်သည် သံဃာတော်အပေါင်းခြံရံ၍
ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူ၏။
မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့အား တရားဟောတော်မူခြင်း

မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွရောက်စဉ် လမ်းခရီးအကြား၌ မာဂဏ္ဍီပုဏ္ဏားကြီး
ဇနှီးမောင်နှံတို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှုကိုမြင်တော်သဖြင့် သွားမြဲသောခရီးစဉ်မှ
သွေဖယ်၍ ကုရုတိုင်းသို့ ကြွတော်မူ၏။ လမ်းခရီးအကြား၌ မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာ
ဘုရားရှင်ကို တွေ့သောအခါ ဤယောကျာ်းသည် ရုပ်ရည်အဆင်း တင့်တယ်ခြင်း ရှိလှပေသည်။
ငါ့သမီး (မာဂဏ္ဍီ) နှင့် ထိုက်တန်သောသူဖြစ်ပေသည် ဟု ကြံစည်ပြီး အိမ်သို့ အလျင်အမြန်ပြန်
ခဲ့လေသည်။ အိမ်ရောက်သောအခါ ဇနီးနှင့် သမီးကို ခေါ်ပြီး ဘုရားရှင်နောက်သို့ လိုက်ခဲ့ကြသည်။
ဘုရားရှင်သည် ခြေတော်ရာကို ချထားခဲ့၍ မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူ၏။ မာဂဏ္ဍီပုဏ္ဏားကြီး
သည် ဘုရားရှင်နှင့် တွေ့ဆုံသောနေ့ရာသို့ ရောက်သောအခါ ဘုရားရှင်ကို မမြင်ရသောအခါ
မြတ်စွာဘုရားရှင် ကြွတော်မူရာ အရပ်သို့ ကြည့်ရှူစဉ် ခြေတော်ရာကို မြင်ရ၍ "ရှင်မ ဤခြေရာ
သည် ငါတွေ့ခဲ့သော ယောကျာ်း၏ ခြေရာတို့တည်း" ဟု ပြောဆိုလေ၏။
ထိုအခါ ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားရှင်၏ ခြေရာကိုတွေ့ရ၍ "ပုဏ္ဏားကြီး သင်ဟာအလွန်
မိုက်မဲတဲ့သူပဲ ဒီခြေရာဟာ ကာမဂုဏ် ခံစားတဲ့သူရဲ့ ခြေရာမဟုတ်ဘူး၊ ကိလေသာကုန်ပြီးသူ
ဘုရားရှင်၏ ခြေရာ ဖြစ်မှာပဲ"ဟု ပြောဆိုလေ၏။ ပုဏ္ဏားကြီး ဤခြေရာကို သေချာကြည့်လော့
"ရာဂများသူ၏ ခြေရာသည် အလယ်က မထိဘဲ ရှိတတ်၏။  ဒေါသများသူ၏ ခြေရာသည်
ဖနောင့်တွင်းရာ နက်နေတတ်၏။ မောဟ များသူ၏ ခြေရာသည် ဒရွတ်တိုက် ဆွဲသကဲ့သို့
ရှိတတ်သည်။ ယခုတွေ့မြင်ရသော ခြေရာသည်ကား ကိလေသာ ကုန်ပြီးသူ သဗ္ဗညုဘုရားရှင်၏
ခြေရာသာ ဖြစ်၏ ဟု ပြောဆိုလေသည်။ ထိုသို့ ပုဏ္ဏားကြီးနှင့် အခြေအတင် ပြောဆို
ကြရင်း ဟိုဟိုဒီဒီ ရှာကြသောအခါ ဆွမ်းခံရာမှ ပြန်ကြွလာသော မြတ်စွာဘုရားရှင်ကို
တွေ့ကြလေသည်။

မာဂဏ္ဍီ မိဖုရား

မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို တွေ့သောအခါ အနားသို့ ချဉ်းကပ်၍
" ဤကမ္ဘာလောက၌ ငါ့သမီးနှင့် ရုပ်ရည်အဆင်းတူညီသော ငါ့သမီးနှင့်ထိုက်တန်သောသူသည်
မရှိ၊ သင်၏ ရုပ်ရည်အဆင်းသည် ချောမောလှပ လှပေသည်။ ငါ့သမီးကို သင့်အား လုပ်ကျွေး
ပြုစုရန် ပေးလိုပါသည်" ဟု ပြောကြားလေသည်။
ထိုအခါ မြတ်စွာဘုရားက မိန့်တော်မူသည်မှာ…
ဒိသွာန တဏှံ အရတိ ံ ရဂဉ္စ။
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိ ံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ နဣစေ ္ဆ။ (ခု၊ ၁၊ ၄၀၉) 
တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်မင်း၏ သမီးတော်သုံးယောက်ကို မြင်ရ၍သော်လည်း
မေထုန်အမှု၌ လိုလားတပ်မက်မှုဆန္ဒ မဖြစ်ခဲ့ပေ။ ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ပြည့်နေသော
ဤသူငယ်မ၏ ရုပ်အဆင်းကို မြင်ရရုံမျှဖြင့် လိုလားတပ်မက်မှု အဘယ်မှာ ဖြစ်နိုင်လိမ့်မည်နည်း။
သင်တို့သမီး မာဂဏ္ဍီ ကို ခြေဖြင့် ထိရုံမျှပင် ငါအလိုမရှိ ဟု မိန့်တော်၏။
(ခု၊ ၁၊ မြန်မာပြန် - ၃၈၅ - ၃၈၆)
ထိုကဲ့သို့ မိန့်ကြားမှု့၏ အဆုံးမှာ မာဂဏ္ဍီ၏ မိဘနှစ်ပါးဖြစ်သည့် ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည်
အနာဂမ်အရိယာများ ဖြစ်သွားခဲ့ကြသည်။ မာဂဏ္ဍီ ရန်ငြိုးဖွဲ့မည်ကို ဘုရားရှင်က သိသော်လည်း
မိဘဖြစ်သူ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီး တို့၏ မဂ်တရား ဖိုလ်တရား ရမည်ကို သိတော်မူကြောင့် ထိုသို့
မိန့်ကြားခဲ့ခြင်း ဖြစ်လေသည်။ သမီးချော မာဂဏ္ဍီကို ညီဖြစ်သူ စူဠမာဂဏ္ဍီ ထံအပ်နှံ၍ ရဟန်းပြုခဲ့ကြရာ
နောက်ဆုံး ရဟန္တာများ ဖြစ်သွားခဲ့ကြသည်။
အလှဒေဝီ မာဂဏ္ဍီ လေးကတော့ " ငါ့ကို မလိုချင်ရင် မလိုချင်ဘူးပြောပေါ့၊ အခုတော့ ငါ့ကို
ကျင်ကြီး ကျင်ငယ်တွေနဲ့ပြည့်နေတဲ့သူ၊ ခြေဖျားဖြင့်တောင် မထိလိုဟု မညှာမတာပြောရက်တယ်၊
ဒါ ငါ့ကို ပရိသတ်အလယ်မှာ သက်သက်အရှက်ခွဲတာပဲ။ နေနှင့်အုံးပေါ့ ငါရဲ့ အမျိုးဇာတ်၊ အနွယ်
စည်းစိမ် နှင့် အရွယ်တို့၏ပြည်စုံမှု့ကို အကြောင်းပြုပြီး သင့်တော်တဲ့ ယောကျာ်းကို ရအောင်ရှာပြီး
ရဟန်းကြီး ဂေါတမကို လက်စားချေမယ် " ဟု ဆိုကာ ဘုရားရှင်အား ရန်ငြိုးဖွဲ့ခဲ့လေသည်။
နောင်သောအခါ ဦးလေးဖြစ်သူ စူဠမာဂဏ္ဍီသည် တူမချော မာဂဏ္ဍီ ကို ဥတေနမင်းကြီးထံသို့
ဆက်သရာ ဥတေနမင်းက အခြွေအရံအမျိုးသမီး ၅၀၀ ကိုပေးပြီး အဂ္ဂမဟေသီမိဖုရားအဖြစ်
ချီးမြောက်ခဲ့သည်။
ကောသမ္ဗီပြည်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို အလှူခံတော်မူခြင်း

မြတ်စွာဘုရားရှင် မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံကို ချေချွတ်တော်မူပြီးနောက် ဆက်လက်၍
ခရီးဒေသစာရီ ကြွတော်မူခဲ့ရာ များစွာသော ရဟန်းအပေါင်းခြံရံလျှက် ကောသမ္ဗီပြည်သို့
ရောက်တော်မူလေ၏။ သူဌေးသုံးဦးတို့သည် မြတ်စွာဘုရားရှင် ကြွတော်မူလာသည်ကို
သတင်းစကားကြားရသောအခါ ခမ်းနားကြီးကျယ်စွာ ကြိုဆိုကြပြီး ကျောင်းတိုက်သို့ အရောက်
ပို့ဆောင်ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားရှင်အား ကျောင်းတိုက်ကြီး သုံးခုကို လှူဒါန်းကြ
လေသည်။ ဘုရားရှင်သည် သူဌေးကြီးသုံးဦး လှူဒါန်းသော ကျောင်းတိုက်ကြီး သုံးတိုက်ကို
အလှူခံတော်မူပြီး တစ်ကျောင်းတလှည့်စီ သီတင်းသုံးကာ ကောသမ္ဗီပြည်၌ ၉ ဝါမြှောက် ဝါဆို
တော်မူလေသည်။



မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်ရာဟောင်း နေရာများကိုတော့ ယနေ့
အချိန်တွင် မြင်တွေ့နိုင်သည်။ ဥတေနမင်း နန်းတော်ရာဟောင်းနေရာနှင့် ခန့်မှန်း ၃ ကီလိုမီတာ
အကွာဝေးလောက်တွင် တည်ရှိသည်။ ထိုကျောင်းတော်ရာ အနီးတွင်တော့ အသောက ကျောက်စာ
တိုင်ကိုပါ ပူးတွဲတွေ့ရသည်။ ဘုရားရှင် ဝါဆိုတော်မူရာ နေရာဒေသတိုင်းတွင် အသိအမှတ်ပြုသည့်
အနေဖြင့် အသောကမင်းကြီးမှ ကျောက်စာတိုင်များ စိုက်ထူထားခဲ့ပါသည်။ ကျောက်စာတိုင်
အနီးတွင် ရှိသော ကျောင်းတော်ရာသည် ကုက္ကုဋာရုံကျောင်းတော်ရာလော ပါဝါရိကာရုံကျောင်း
တော်ရာလောဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါ။ သမိုင်းပညာရှင်များသာ တိတိကျကျ
သိနိုင်ကြပေလိမ့်မည်။
တရုတ်ဘုန်းတော်ကြီး ဟူယင်ဆန် ဝံသတိုင်း ကောသမ္ဗီပြည်သို့ ရောက်ခဲ့စဉ်ကပင် ကျောင်းတိုက်ကြီး
သုံးခုမှာ ပျက်စီးနေကြပြီး ထိုဝန်းကျင်တဝိုက်၌ ဟိန္ဒူဘာသာများ လွမ်းမိုးနေခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း ထိုနေရာ၌ ဗုဒ္ဓဘာသာ ရဟန်းတော် ၃၀၀ ခန့်ကိုလည်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
တရုတ်ဘုန်းတော်ကြီး ဖာဟီယန်ကလည်း ကောသမ္ဗီ၌ စန္ဒကူးသား ဗုဒ္ဓဆင်းတုတော်တစ်ဆူ
ကိန်းဝပ်ရာ ၁၈ မီတာ နီပါးမြင့်သော ဘုရားကျောင်းကြီးတစ်ခုလည်း တွေ့မြင်ခဲ့သည်ဟု ဆိုသည်။
ယနေ့အချိန်တွင်တော့ ထိုဘုရားကျောင်းကြီးကို မတွေ့မြင်ရတော့ပါ အားလုံးဖျက်ဆီးခံလိုက်ရပေပြီ။
************************
ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊

အရှင်ဝရသာမိ
https://shinsami.blogspot.com


Wednesday, September 25, 2013

မဇ္ဈိမဒေသမှ လေ့လာစရာ နေရာဒေသများ - ၁၃ (ကောသမ္ဗီ ပြည်)

မြတ်စွာဘုရားရှင် ၉ ဝါမြောက်ဝါဆိုတော်မူခဲ့သော ကောသမ္ဗီသည် တိုင်းကြီး ၁၆ တိုင်းတွင်
ဝံသတိုင်း၌ ပါဝင်သည်။ မြတ်စွာဘုရားလက်ထက်တော်၌ ကောသမ္ဗီသည် မြို့တော်ကြီး
(၆) မြို့တွင် တခုအပါအဝင်ဖြစ်သည်။ ကောသမ္ဗီမြို့သည် ကောသလတိုင်း နှင့် မဂဓတိုင်း
တို့မှ ဝင်ရောက်လာသည့် လူနှင့်ကုန်ပစ္စည်းများ သိုလှောင်ရာဌာနကြီးဖြစ်သည်။ မဇ္ဈိမဒေသ
အဝင်အထွက် ကုန်သွယ်ရေးလမ်းပေါ်၌ တည်ရှိသည့် အခြေအနေကြောင့် ကောသမ္ဗီသည်
ကြွယ်ဝချမ်းသာသောမြို့ ဖြစ်ခဲ့သည်။ တစ်ချိန်က အလွန်ကြီးကျယ်ခန်းနားခဲ့သော မြို့ကြီး
ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ရွာငယ်လေး တစ်ခုအဖြစ်သာ တွေ့မြင်နိုင်ပါတော့သည်။
ကောသမ္ဗီတွင် ရှိခဲ့ဘူးသော စေတီနှင့် ကျောင်းဆောင်တို့သည် အမှတ်အသားအဖြစ်
သိနိုင်ရုံသာ ကြွင်းကျန်ခဲ့သည်။ ကောသမ္ဗီမြို့သည် မွတ်စလင် မူဂိုလ်(Mughal)ဘုရင်များ
ဝင်ရောက်လာပြီးနောက် ရှာ၍မရနိုင်လောက်အောင် (သုညမြို့တော်အဖြစ်) ဖျက်ဆီးခံခဲ့
ရသည်ဟု ဆိုသည်။

ဤကောသမ္ဗီသည်လည်း ဘုရားဖူးခရီးသွားများ ရောက်နိုင်ခဲသော နေရာတစ်ခုဖြစ်သော
ကြောင့် အများစုသော ဘုရားဖူးခရီသွားများ ရောက်ဖူးသူမရှိသလောက် နည်းပါးပါသည်။
ဗုဒ္ဓဘာသာ၏ သမိုင်းဝင်ဌာနများထဲမှ ဤကောသမ္ဗီသည်လည်း သွားရောက်လေ့လာသင့်
သောနေရာတစ်ခု ဖြစ်ပေသည်။

ဤဒေသသို့ 24.9.2012 ရက်နေ့အချိန်က သူငယ်ချင်းများနှင့်အတူ စာရေးသူ သွားရောက်
လေ့လာဖြစ်ခဲ့ပါသည်။ ဗာရာဏသီမြို့မှ မနက် ၅ နာရီထိုးတွင် ကားဖြင့်စတင်ထွက်ဖြစ်ခဲ့
ကြပြီး ၁၂ နာရီခန့်တွင် ကောသမ္ဗီသို့ ရောက်ရှိခဲ့ပါသည်။ ရှေးအခါက ကောသမ္ဗီကို ယနေ့
အခေါ်အားဖြင့် ကောဆမ်(Kosam)ဟု ခေါ်ကြသည်။ ယနေ့အချိန်ခါတွင် ဥတ္တရာပရာ
ဒေ့ရှ်ပြည်နယ်၊ အာလာဘတ်(Allahabad)မြို့နယ်အတွင်း၌ တည်ရှိသည်။ ဗာရာဏသီမြို့မှ
(Allahabad) အာလာဘတ်မြို့ထိ (၁၂၂) ကီလိုမီတာရှိ၍၊ အာလာဘတ်မြို့မှ ကောသမ္ဗီမြို့
ဟောင်းထိ (၅၁) ကီလိုမီတာ ကွာဝေးပါသည်။

ကောသမ္ဗီမြို့မှ သာ့သနာ ဂုဏ်ဆောင် ၃ ဦး


ဗုဒ္ဓဘုရားရှင်လက်ထက်က သာဝက, သာဝိကာ၊ ဥပါသကာအမျိုးသား၊ ဥပါသကာ
အမျိုးသမီးတို့အနက် ပညာအရာ၌ ထူးချွန်သူ၊ တန်းခိုးအရာ၌ ထူးချွန်သူ၊ တရားဟော
သည့်အရာ၌ ထူးချွန်သူ၊ ပိဋကတ်သုံးပုံဆောင်သည့်အရာ၌ ထူးချွန်သူ စသည်ဖြင့်
ထူးချွန်သူတို့အား ဧတဒဂ်ဂုဏ်ထူး(ရာထူး)များ အပ်နှင်းတော်မူခဲ့သည်။

ရဟန်းတော်များထဲမှ ဧတဒဂ်ရာထူးရရှိသော ရဟန္တာပေါင်း (၄၁) ပါးရှိခဲ့၍ ရဟန်းမ
များထဲမှ ဧတဒဂ်ရာထူးရရှိသော ရဟန္တာမပေါင်း (၁၃) ဦး ရှိခဲ့သည်။ ဥပါသကာ
အမျိုးသားများထဲမှ ဧတဒဂ်ရာထူးရရှိသော ဥပါသကာပေါင်း ၁၀ ဦးရှိခဲ့၍ ဥပါသိကာ
အမျိုးသမီးပေါင်းမှာလည်း ၁၀ ဦးရှိခဲ့သည်။

ဧတဒဂ်ရာထူးရ ရဟန္တာ(၄၁) ပါးနှင့် ဥပါသိကာအမျိုးသမီး (၁၀) ဦးအနက် ကောသမ္ဗီမြို့
မှ (၃) ဦးပါဝင်ခဲ့သည်။ တစ်ဦးမှာ ကောသမ္ဗီသူဌေးကြီး၏သား အရှင်ဗာကုလရဟန္တာ
ဖြစ်၍ အနာရောဂါကင်းရှင်းသည့်အရာဝယ် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရာထူး
အပ်နှင်းခြင်း ခံရသည်။ သက်တော် (၁၆၀) ရှည်တော်မူသည်။ နောက်တစ်ဦးမှာ
ဥတေနမင်း၏ မိဖုရားတစ်ဦးဖြစ်သော သာမာဝတီမိဖုရားဖြစ်သည်။ နောက်တစ်ဦးမှာ
သာမာဝတီမိဖုရား၏ အလုပ်အကျွေး အမျိုးသမီးတို့၏ ဂုဏ်ဆောင်ဖြစ်သော တိပိဋကဓရ
(ပိဋကတ်သုံးပုံဆောင်) ခုဇ္ဇုတ္တရာ အမျိုးသမီးဖြစ်သည်။

ဤကောသမ္ဗီပြည်သည် ပရန ္တပမင်း၊ ဥတေနမင်းတို့၏ ဖွားရာ ဇာတိဖြစ်သလို
သာသနာ့သမိုင်းတွင် ပထမဆုံး သံဃာ့ဂိုဏ်းကွဲမှုကြီး စတင်ပေါ်ပေါက်ခဲ့ရာ
နေရာလည်းဖြစ်သည်။

ဥတေနမင်း၏ နန်းတော်ရာ


ယနေ့ အချိန်အခါတွင် ကောသမ္ဗီမြို့ရိုးနေရာနှင်အတူ ဥတေနမင်း၏ နန်းတော်ရာဟောင်း
နေရာကိုလည်း တွေ့မြင်နိုင်ပါသည်။

တစ်ချိန်က ဤနန်းတော်ရာသည် တော်တော်ကျယ်ဝန်းမည့် နေရာဖြစ်နိုင်ဖွယ်ရှိသည်။
ယခုအခါမှာတော့ မြစ်ကမ်းဘေးတွင် ရှိသော ဘေးတဖက်မှတံတိုင်းနံရံတို့မှာ ယမုံနာမြစ်၏
ရေတိုက်စားမှုကြောင့် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိရ၏။ အခြားသောဖက်မှ နန်းမြို့ရိုး
နေရာများကို မြေအောက်မှ ပြန်လည်တူးဖော်ဆဲ ရှိသေးတာကို တွေ့ခဲ့ရသည်။ အလယ်ပိုင်း
နေရာများတွင်တော့ လယ်ယာများ ဖြစ်၍နေသည်ကို တွေ့မြင်နိုင်ပါသည်။

ကောသမ္ဗီပြည်ကို အုပ်ချုပ်သော ပရန ္တပမင်း နတ်ရွာစံသောပြီးသောအခါ သားဖြစ်သူ ဥတေန
မင်းက ကောသမ္ဗီကို ဆက်လက် အုပ်ချုပ်ခဲ့သည်။ ဥတေနမင်းတွင် သာမာဝတီ၊ မာဂဏ္ဍီ နှင့်
ဝါသုလဒတ္တာဟူသော မိဖုရား ၃ ယောက်ရှိသည်။သာမာဝတီသည် မဂဓတိုင်း၊ ဘဒ္ဒိယမြို့၊ ဘဒ္ဒ
ဝတီသူဌေးကြီး၏ သမီးဖြစ်၍ ကောသမ္ဗီပြည် ဃောသကသူဌေးကြီး၏ မွေးစားသမီးလည်း
ဖြစ်သည်။ မာဂဏ္ဍီမိဖုရားသည် မာဂဏ္ဍိယ ပုဏ္ဏားကြီး၏ သမီးဖြစ်သည်။ ဝါသုလဒတ္တာ
သည် ဥဇ္ဇေနီပြည် စန္ဒပဇ္ဇောတာမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ သမီးဖြစ်သည်။

သာမာဝတီ မိဖုရား


ဘဒ္ဒဝတီသူဌေးကြီးနှင့် ကောသမ္ဗီမြို့ ဃောသကသူဌေးကြီးတို့သည် တစ်ဦးနှင့်တစ်ဦး
မမြင်ဘူးကြသော်လည်း သူငယ်ချင်းမိတ်ဆွေများဖြစ်နေကြသည်။ တစ်ချိန်သောအခါ
ဘဒ္ဒိယမြို့၌ မြွေဆိပ်နှင့်တူသောလေနာရောဂါကပ်ဆိုးကြီး ကျရောက်သောကြောင့်
သားအမိ၊ သားအဖ သုံးဦးလုံး ကောသမ္ဗီမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ကောသမ္ဗီမြို့သော ရောက်သောအခါ ဘဒ္ဒဝတီသူဌေးကြီးသည် ခရီးပန်းလာသဖြင့်
ဃောသကသူဌေးနှင့် ချက်ချင်းမတွေ့နိုင်သေးပဲ နှစ်ရက်သုံးရက်နေပြီးမှ တွေ့မည်ဟု
ပြောဆိုကာ အများသူငှါ တည်းခိုသည့်ဇရပ်၌ တည်းခိုခဲ့ကြသည်။

ဃောသကသူဌေးကြီးက လူဆင်းရဲတို့အား နေ့စဉ်စွန့်ကြဲနေသော ထမင်းထုပ်များကို
သမီးလေးသာမာဝတီအား တောင်းခိုင်း၍ စားသောက်သုံးဆောင်ခဲ့ရာ ခရီးပမ်းသည့်
ဒဏ်၊ အစာကြမ်းကို အများကြီးစားမိ၍ အစာမကြေသည့်ရောဂါဒဏ်တို့ကြောင့် သူဌေး
ကြီးခမျာ ကွယ်လွန်ခဲ့ရရှာသည်။ မိခင်သူဌေးကတော်ကြီးသည် သောက ပရိဒေဝ
ဆင့်ကာ ထိုနည်းအတူပင် ကွယ်လွန်လေသည်။ ဃောသကသဌေးကြီး၏ အလှူတို့၌
စီမံအားထုတ်နေသော မိတ္တသူကြွယ်က သူဌေးသမီး သာမာဝတီကို မှတ်မိ၍ မေးမြန်း
စုံစမ်းရာ ဘဒ္ဒဝတီသူဌေးကြီး၏ သမီးဖြစ်ကြောင်း သိရှိပြီးနောက် သူ၏သမီးကြီးအဖြစ်
မွေးစားခဲ့သည်။ နောက်ပိုင်းတွင် သာမာဝတီ၏ဖြစ်စဉ်ကို ဃောသကသူဌေးကြီး သိ
သွားပြီး ငါ့မိတ်ဆွေသူငယ်ချင်းရဲ့သမီးဟာ ငါ့သမီးပါပဲဟု ပြောဆိုကာ အခြွေအရံ
အမျိုးသမီး (၅၀၀) ကိုပေး၍ သမီးကြီးအဖြစ် မွေးစားခဲ့သည်။

သာမာဝတီ နှင့် အခြွေအရံအမျိုးသမီး (၅၀၀) တို့သည် နန်းတော်ရင်ပြင်ရှေ့မှ ဖြတ်
သန်းကာ ယမုနာမြစ်သို့သွားရောက်၍ ရေချိုးကြသောအခါ ဥတေနမင်းက မြင်လျှင်
မြင်ချင်း ချစ်မိသွားကာ သူဌေးကြီးထံမှ တောင်းယူ၍ သာမာဝတီကို မိဖုရားကြီးအဖြစ်
မြှောက်စားခဲ့သည်။

ခုဇ္ဇုတ္တရာ အမျိုးသမီး


ခုဇ္ဇုတ္တရာ၏ နာမည်အရင်းမှာ ဥတ္တရာဖြစ်ပြီး ခါးကုန်းသောကြောင့် ခုဇ္ဇုတ္တရာ ဟုခေါ်ဆို
ကြခြင်းဖြစ်သည်။ (ခုဇ္ဇ - ကုန်းသောကိုယ်ရှိသော၊ ဥတ္တရာ - ဥတ္တရာမည်သောသူငယ်မ)
ခုဇ္ဇုတ္တရာသည် သာမာဝတီမိဖုရား၏ အခိုင်းအစေ ကျွန်မတစ်ဦးဖြစ်သည်။ ဥတေန
မင်းကြီးက သာမာဝတီမိဖုရားအတွက် နေ့စဉ်အသပြာရှစ်ကျပ်ဖိုး ဆက်သရန် ခုဇ္ဇုတ္တရာ
အား တားဝန်ပေးခဲ့ထားခဲ့သည်။ ခုဇ္ဇုတ္တရာသည် သုမနသူဌေးကြီးကထံမှ ပန်းများကို
နေ့စဉ်ဝယ်ယူပြီး ဆက်သခဲ့ရာ လေးကျပ်ဖိုးသာ ဝယ်ယူပြီး ကျန်လေးကျပ်ကို ခိုးဝှက်
ယူထားလေ့ရှိခဲ့သည်။ တစ်နေ့သောအခါ ပန်းသွားဝယ်စဉ် သုမနသူဌေးကြီး၏ ဆွမ်း
အလှူပွဲတွင် ဟောကြားသော မြတ်စွာဘုရား၏ တရားတော်ကို နာယူရာ တရားနာ
ကြားပြီးသည်၏အဆုံး၌ သောတာပန် အရိယာဖြစ်ခဲ့သည်။

သောတာပန် အရိယာဖြစ်သွားသောအခါ ခိုးဝှက်ယူလိုစိတ်မရှိတော့ဘဲ အသပြာရှစ်ကျပ်
ဖိုးလုံး ပန်းများကိုဝယ်ယူကာ သာမာဝတီမိဖုရားအား ဆက်သရာ သာမာဝတီမိဖုရားက
"ယနေ့ မင်းကြီးက ငါတို့အပေါ် ကြည်ဖြူနေလို့လား သို့မဟုတ် ပန်းဖိုးနှစ်ဆတိုးပေး၍
ပန်းတွေများနေတာလား" ဟု မေးမြန်းရာ မဟုတ်ကြောင်းရှင်းပြ၍ အရင်က သူခိုးဝှက်
ယူထားခဲ့သည်များကို ပြန်လည်ရှင်းပြဝန်ခံခဲ့သည်။ ဒီနေ့ဘာကြောင့်မခိုးတာလည်းဟု
မေးမြန်းရာ ယနေ့ မြတ်စွာဘုရား၏ တရားတော်ကို နာကြားခွင့်ရပြီး နိဗ္ဗာန်ရောက်
ကြောင်းတရားကို သိခဲ့ပြီးဖြစ်သောကြောင့် ခိုးယူခြင်းမရှိတော့ပါဟု ပြန်လည်ဖြေကြား
လေသည်။ ထိုအခါ သာမာဝတီ မိဖုရားမှ မြတ်စွာဘုရားဟောကြားသော တရားတော်
ကို သူတို့ကိုလည်း ပြန်လည်ဟောကြားပေးပါဟု တောင်းဆိုသောကြောင့် ခုဇ္ဇုတ္တရာမှ
မြတ်စွာဘုရားဟောကြားသည့်အတိုင်း ပြန်လည်ဟောကြားရာ သာမာဝတီမိဖုရားနှင့်
တကွ အခြွေအရံအမျိုးသမီး (၅၀၀) တို့သည် တရားတော်၏ အဆုံး၌ သောတာပန်
အရိယာများ ဖြစ်သွားခဲ့သည်။

အမျိုးသမီးများအတွက် ဂုဏ်ယူစရာ ကျမ်းစာ


နောက်ပိုင်းတွင်လည်း မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်များကို
သာမာဝတီဦးဆောင်သော အခြွေငါးရာတို့အား ပြန်လည် ဟောကြားရင်း ပိဋကတ်
သုံးပုံဆောင်နိုင်သောသူ ဖြစ်လာခဲ့သည်။ ခုဇ္ဇုတ္တရာအမျိုးသမီးမှ သာမာဝတီအမှူး
ပြုသော မောင်းမ ၅၀၀ တို့အား ပြန်လည်ဟောပြသော သုတ်တော်ပေါင်းမှာ (၁၁၂)
သုတ်ရှိခဲ့သည်။ ထိုတရားတော်များကို သင်္ဂ ါယနာတင်ထေရ်အရှင်တို့က ဣတိဝုတ္တက
ပါဠိတော်နာမည်ဖြင့် ခြောက်ကြိမ်တိုင်တိုင် သင်္ဂ ါယနာတင်ခဲ့ကြသည်။

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၍ ဥပါသိကာအမျိုးသမီး
တို့အား ဧတဒဂ်ရာထူးပေးအပ်ချီးမြင့်သောအခါ ခုဇ္ဇုတ္တရာအမျိုးသမီးအား အကြားအမြင်
ဗဟုသုတများကြသည့် ငါ၏တပည့် ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်
ရာထူးကို ပေးအပ်ချီးမြင့်ခဲ့သည်။

နောက်ပိုင်းတွင် သာမာဝတီမိဖုရား နှင့် အပေါင်းတို့မှာ ရှေးအတိတ်ကံဝဋ်ကျွေးတို့ကြောင့်
မြတ်စွာဘုရားရှင်အား သဒ္ဒါတရားနှင့် ဆည်းကပ်ကိုးကွယ်နေသည်ကို မာဂဏ္ဍီမိဖုရားမှ
မဟုတ်မမှန် အမျိုးအမျိုး လုပ်ကြံ၍ ဂုံးတိုက်ရာ ဥတေနမင်းမှ အမျက်ထွက်၍ သတ်မည်
ပြုလုပ်ရာတွင် သာမာဝတီ၏ မေတ္တာတရားကြောင့် မအောင်မြင်ခဲ့သော်လည်း အဆုံးတွင်
မာဂဏ္ဍီ မိဖုရားမှ အကောက်ကြံကာ  မီးရှို့သတ်ခံခဲ့ရလေသည်။
************************

ဆက်လက်ဖော်ပြပါမည်.......................

ကိုးကား............
မင်းကွန်းဆရာတော်ဘုရား၏ မဟာဗုဒ္ဓဝင်၊
S.Dhammika ၏ Middle Land Middle Way
(ဘာသာပြန်) မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ (အရှင်ကေလာသ)
တိပိဋကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာ ဘုရားဖူးများသို့၊


အရှင်ဝရသာမိ
https://shinsami.blogspot.com